ကားလ် အယ်လ်ဘရက်ချ်

ဝီကီပီးဒီးယား မှ
ကားလ် အယ်လ်ဘရက်ချ်
မွေးသက္ကရာဇ် ၂၀ ဖေဖော်ဝါရီ ၁၉၂၀

အလုပ်အကိုင် စွန့်ဦးတီထွင်သူ Aldi Süd ကိုပိုင်ဆိုင်သည်။
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၂၃.၅ ဘီလျံ

၁၉၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ တွင် မွေးဖွားသော ကားလ် ဟန်းစ် အယ်လ်ဘရက်ချ် သည် ဂျာမန် စွန့်ဦး စီးပွားတီထွင် သူတစ်ဦးဖြစ်ပြီး၊ Aldi ခေါ် လျှော့ဈေးဖြင့်ရောင်းချသော စူပါမားကတ် ဆိုင်ခွဲများ ကို အစ်ကို ဖြစ်သူ သီရို (Theo) နှင့်အတူ တည်ထောင်ခဲ့သည်။ ကားလ် နှင့် သီရို သည် ဂျာမနီ နိုင်ငံ၊ အီဆန်မြို့ရှိ သာမန် အလယ် အလတ်တန်းစား မိသားစုမှ ကြီးပြင်းခဲ့ကြသည်။ သူတို့၏ ဖခင်မှာ ဓာတ်သတ္တုတူးဖော်ရေး အလုပ်သမားတစ်ယောက်ဖြစ်ပြီး၊ နောင်တွင် မုန့်ဖုတ်အကူ ဝင်လုပ်ခဲ့သည်။ မိခင်လုပ်သူမှာ အီဆန်မြို့စွန် အလုပ်သမား လူတန်းစားများရပ်ကွက် (quarter of Schonnebeck) အတွင်း၌ အိမ်သုံးပစ္စည်း နှင့် စားသောက်ကုန်များ ရောင်းချသော ဆိုင်ငယ်လေး တစ်ခု ဖွင့်လှစ်ခဲ့သည်။

သီရို သည် ရောင်းဝယ်ရေး လုပ်ငန်းများအကြောင်းကို သူ့အမေ ၏ ဆိုင်ကလေးမှ လက်တွေ့ သင်ယူလေ့လာခဲ့ပြီး၊ ကားလ် မှာ ရယ်ဒီမိတ် အစားအသောက်များ ရောင်းချသော ဆိုင်တွင် အလုပ်လုပ်ခဲ့သည်။ ကားလ်သည် ဒုတိယ ကမ္ဘာ စစ်အတွင်း၌ ဂျာမနီ စစ်တပ်တွင် ဝင်ရောက် အမှုထမ်းခဲ့သေးသည်။ စစ်ကြီးပြီးသွားသောအခါ မိခင်၏ လုပ်ငန်းကို ညီအစ်ကို နှစ်ယောက် လွှဲပြောင်းရယူ လိုက်ကြသည်။ ပထမဆုံး Aldi ခေါ် ( အလ်ဘရက်ချ် လျှော့ဈေး ) ကို ၁၉၆၁ တွင် စတင်ဖွင့်လှစ် ခဲ့သည်။

နောက်ပိုင်းတွင် Aldi လုပ်ငန်းများကို ညီအစ်ကို နှစ်ယောက် ခွဲဝေ လုပ်ကိုင်ခဲ့ကြသည်။ ကားလ် ကအမြတ် ပိုရနိုင်သည့် Aldi Süd(South) အလ်ဒီ တောင်ပိုင်း အခြမ်း နှင့် သီရို က Aldi Nord (North).မြောက်ပိုင်းအခြမ်းကို တာဝန်ယူ လုပ်ဆောင်ခဲ့ကြသည်။

ကားလ်သည် လူသိများထင်ရှားသော ဘဝကို စွန့်လွှတ်ခဲ့သောကြောင့် လူအနည်းငယ်သာလျှင် သူ၏ အကြောင်းကို သိပြီး၊ Forbes မဂ္ဂဇင်းမှ ကားလ်၌ သားသမီးနှစ်ယောက်ရှိကြောင်း နှင့် နှစ်ယောက်လုံး Aldi လုပ်ငန်း ၌ မပါဝင်ကြကြောင်း ကို ဖော်ပြပေးခဲ့သည်။ ကြားသိရသော သတင်းများအရ အစ်ကိုဖြစ်သူ သီအို ကွယ်လွန်သည့် အချိန်အထိ နေထိုင်သွားခဲ့သော အီဆန် မြို့၌ပင် ကားလ် သည် နေထိုင်လျက် ရှိသည်။ သူသည် ဂေါက်သီးရိုက် ဝါသနာ ပါပြီး၊ ၁၉၇၆ ခုနှစ်တွင် ကားလ် ကိုယ်ပိုင် ဆောက်လုပ်ခဲ့သော Öschberghof အမည်ရှိ ဂေါက်ကွင်း၌ပင် အမြဲ ကစားတတ်သည်။ ကားလ်သည် သစ်ခွများလည်း စိုက်ပျိုးတတ်သေးသည်။ လက်နှိပ်စက် အဟောင်းများ စုဆောင်းတတ်သည် ဟု ကောလာဟလ သတင်းများအရလည်း သိရှိရသည်။

၁၉၉၄ ခုနှစ်တွင် ကားလ် အာလ်ဘရက်ချ် သည် Aldi Süd ၏ နေ့စဉ် လုပ်ငန်းများမှ ရပ်နားပြီး၊ အုပ်ချူပ်ရေးဘုတ်အဖွဲ့၏ ဥက္ကဋ္ဌ နေရာ၌သာ နေတော့သည်။ ၂၀၀၂ အစပိုင်းတွင် သူ၏ နေရာမှ နုတ်ထွက်ပြီး၊ နောက်ပိုင်းတွင် လုပ်ငန်း၏ အုပ်ချူပ်ရေးမှ အပြီးအပိုင် စွန့်ခွာခဲ့သည်။ ယနေ့အချိန်တွင် Aldi လုပ်ငန်းသည် ကားလ် မိသားစု၏ လုပ်ငန်း မဟုတ်တော့ပေ။

အပိုဆောင်းကြည့်ရှုစရာများ[ပြင်ဆင်ရန်]