ကာလီဒါသ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကာလီဒါသ

ကာလီဒါသ (ခန့်မှန်း ၄၀၀-၅၀၀) သည် သင်္သကရိုက် စာရေးဆရာနှင့် ကဗျာဆရာဖြစ်သည်။ ဒရာမာဆန်သော အရေးအသားများကြောင့် ကျော်ကြားသည်။ သူ၏ ပြဇာတ်၊ ကဗျာများမှာ မဟာဘာရတ၊ ပုရာဏ၊ ရာမာယဏနှင့် ဝိဒါသ စာများကို ကိုးကား ရေးသားခြင်း ဖြစ်သည်။

ပေါ်ထွန်းသော ကာလ[ပြင်ဆင်ရန်]

အိန္ဒိယနိုင်ငံ ဥဇ္ဇေနီပြည် ဝိကြမ္မာ ဒိတျမင်းကြီး၏ စာဆိုတော်ဖြစ်သည်။ သက္ကရာဇ်အတိအကျ ဖေါ်ပြသောကျမ်း မတွေ့ရ။ သို့သော် စာသွားစာလာကို ထောက်၍ ဒုတိယမြောက် စန္ဒဂုတ္တမင်း လက်ထက်ဟု ခန့်မှန်းရသည်။ သို့ဖြစ်ရာ ၄ ရာစုမှ ၅ ရာစုကြားဟု ယူဆလာသည်။ ထိုအယူကို အနောက်တိုင်းသား ဝီလျံ ဂျုံးနှင့် အေ ဘီ ကိတ်တို့ကလည်း ထောက်ခံသည်။ အိန္ဒိယပညာရှင်အချို့လည်း ထောက်ခံသည်။ ထိုအယူအရ ပထမဆုံး ကုမာရဂုတ္တမင်းလက်ထက် (၄၁၄-၄၅၅) မှသည် စန္ဒဂုတ္တမင်းလက်ထက် (၄၅၅-၄၆၇) တွင် ပေါ်ထွန်းကြောင်း သုံးသပ်ကြသည်။

အစောဆုံးတွေ့ရသော အထောက်အထားမှာ မန်ဒဆွာမြို့ရှိ နေဘုရားကျောင်း၌ တွေ့ရသော သင်္သကရိုက်နှင့် ထွင်းသည့် ကျောက်စာဖြစ်သည်။ ၄၇၃ ခုဟု ရက်စွဲထိုးထားပြီး ထိုစာတွင် ရတုသမ္ဘာရ ပါ ကဗျာအချို့ကို ထွင်းထားသည်။ သို့သော် ရေးသူကို ကာလီဒါသဟု နာမည်တပ်မထား။ ကဗျာဆရာ ဗာရဝိနှင့်အတူ နာမည်ထွင်းထားသော ကျောက်စာကိုမူ ကာနတ္တကမြို့ရှိ ၆၃၄ ခုထွင်း ကျောက်စာ၌ မြင်ရသည်။

ရေးသားသော စာများ[ပြင်ဆင်ရန်]

ဟောဇာတ်[ပြင်ဆင်ရန်]

ဟောဇာတ် ၃ ပုဒ် ရေးခဲ့သည်။ ထို ၃ ပုဒ်အနက် အဘိနန္ဒသကုဏ္ဍလံ သည် အကောင်းဆုံးအဖြစ် ထင်ရှားသည်။

  • အဘိနန္ဒသကုဏ္ဍလံ
  • မာလဝိကာနိမိတယံ
  • ဝိကြမောဝါသိယံ

ကဗျာ[ပြင်ဆင်ရန်]

ကဗျာရှည်[ပြင်ဆင်ရန်]

အောက်ပါ ကဗျာရှည် ၂ ပုဒ် ရေးခဲ့သည် -

  • ရာဟုဝံသ
  • ကုမာရသမ္ဘဝ

ကဗျာတို[ပြင်ဆင်ရန်]

  • ရတုသမ္ဘာရ
  • မေဃဒူတ (တိမ်စေတမန်)

အခြားသာသာသို့ ပြန်ဆိုခြင်း[ပြင်ဆင်ရန်]

အဘိနန္ဒသကုဏ္ဍလံ ကို နှောင်းလူတို့က ဘင်္ဂလီဘာသာ၊ ဒေဝနာဂရီဘာသာများသို့ ပြန်ဆိုသည်။ ၁၇၈၉ ခုနှစ်တွင် ဆာဝီလျံ ဂျုန်းက အင်္ဂလိပ်ဘာသာသို့ ပထမဆုံး ပြန်ဆိုသည်။

အနောက်တိုင်းသားတို့ သက္ကဋကို စိတ်ဝင်စားလာပြီးနောက် ဂျာမန်ဘာသာ၊ ပြင်သစ်ဘာသာများသို့လည်း ပြန်ဆိုကြသည်။ ရုပ်ရှင်အဖြစ်လည်း ရိုက်ကူးထားသည်။

မြန်မာမှ ဖော်ပြသော ကာလီဒါသအကြောင်း[ပြင်ဆင်ရန်]

ရှေးအခါ ဗာရာဏသီပြည်၌ နန္ဒိရာဇာမင်းနှင့် ဘာနုမန္တီ မိဖုရားကြီးလက်ထက်တွင် ပညာရှိ ကာလီဒါသဆရာ ရှိသည်။ စိတ္တရံသီ ဟူသော ပန်းချီဆရာတစ်ဦးလည်း ရှိသည်။ ကာလီဒါသသည် အသံကြားရုံဖြင့် ရူပါရုံကို ဆုံးဖြတ်နိုင်စွမ်းရှိ၍ မိဖုရားကြီး ပုံတူရေးရန် တာဝန်ကျသော စိတ္တရံသံ ပန်းချီဆရာကို ကူညီသည်။ ပန်းချီဆရာသည် မိဖုရား၏ပုံ၌ လျှို့ဝှက်သောနေရာတွင် မှဲ့ရှင် ၃ လုံးရှိပုံကိုပါ ရေးဆွဲ၍ ဆက်သရာ ပန်းချီဆရာအား မိဖုရားနှင့် မသင်္ကာသဖြင့် စစ်ဆေးသည်။ ကာလီဒါသပြောပြကြောင်းသိသော ကာလီဒါသကို သတ်စေသည်။ ကမ္မသိဒ္ဓိကာ အမတ်က ဝှက်ထား၍ အသက်ချမ်းသာသည်။

တစ်နေ့သော် မင်း၏သားတော် သုဒေဝသည် တောကစားရာမှအပြန် ဝံသူတော် သင်ကြားလိုက်သော (သ-သေ-မိ-ယ) စကားလေးလုံး ရရှိခဲ့သည်။ အဓိပ္ပါယ်ကို မည်သူမျှ မဖေါ်နိုင်လျှင် ကာလီဒါသသည် အမတ်၏ သမီးအဟန်ဖြင့် တင်းတိမ်တွင်းမှ ဖြေဆိုသည်။ ဘုရင်က စစ်မေးသော် ကာလီဒါသဖြစ်ကြောင်း သိ၍ ရှေးကအပြစ်ကို လွှတ်ကာ ချီးမြှောက်ပြန်သည်။ တစ်နေ့သော် ကြာဖူးတစ်ခုတွင် ပိတုန်းဝင်သဖြင့် လေမလာ အလိုလိုလှုပ်ရာ ဘုရင်က အကြောင်းရင်းကို ဖြေဆိုနိုင်က ယောက်ျားဖြစ်လျှင် အမတ်ကြီးအရာ၊ မိန်းမဖြစ်လျှင် မိဖုရား အရာပေးမည်ဟု စည်လည်စေသည်။ ပြည့်တန်ဆာမတစ်ဦးက ကာလီဒါသနှင့် ပျော်ပါးခိုက် မေးပြီးသိ၍ ဆရာပေါ်မည် စိုးသောကြောင့် ကာလီဒါသ အိပ်ပျော်စဉ် သတ်လိုက်သည်။ ပြည့်တန်ဆာမသည် ဘုရင်ထံ အဖြေပေးနိုင်သော်လည်း စစ်မေးရာ အပြစ်ပေါ်၍ ဒဏ်သင့်ရသည်။ ဤသို့အားဖြင့် ကာလီဒါသ အနိစ္စရောက်သည်ဟု မြန်မာ့ကျမ်းဂန်များ၌ လာသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)