ကာမဝိလာပဇာတ်

ဝီကီပီးဒီးယား မှ

တိကနိပါတ် - ၄။ အဗ္ဘန္တရဝဂ် -(၂၉၇) ကာမဝိလာပဇာတ်။ ။ မင်းပြစ်မင်းဒဏ်သင့်၍ သံတံကျင်ဖြင့် အလျှိုခံရစဉ်ပင် မိမိဆင်းရဲကို ပမာဏမထားဘဲ ကောင်းကင်ပျံသွားသော ကျီးအား မယားထံ ကာမစကားဖြင့် မှာကြားနေခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ငြီးငွေ့သမှု အကြောင်းပြု[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မယားဟောင်းသည် ဖြားယောင်းအပ်သည်ဖြစ်၍ သာသနာတော်၌ ငြီးငွေ့ပျင်းရီသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ ။ [ပစ္စုပ္ပန်ဝတ္ထုသည် ဆိုခဲ့ပြီးသော ပုပ္ဖရတ္တဇာတ် ပစ္စုပ္ပန်ဝတ္ထုနှင့်တူပြီ။ အတိတ်ဝတ္ထုလည်း ဆိုအပ်လတ္တံ့သော ဣ န္ဒြိယဇာတ်၌ ထင်ရှားစွာ ဖြစ်လတ္တံ့။]

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

တံကျင်လျှိုလျက် မယားမက်[ပြင်ဆင်ရန်]

ထိုယောကျ်ားကိုကား အသက်ရှင်စဉ်ကပင် သံတံကျင်လျှိုကြကုန်၏။ ထိုယောကျ်ားသည် သံတံကျင်၌နေလျက် ပြင်းထန်လှစွာသော ဝေဒနာကို မရေတွက် ဂရုမစိုက်မူ၍ ကောင်းကင်ဖြင့်လာသော ကျီးတစ်ကောင်ကိုမြင်လျှင် ချစ်လှစွာသော မယားထံ သတင်းစကား ပို့စေရန် ခေါ်ငင်လျက် -

“ကောင်းကင်မြင့်၌ပျံသွားသော ငှက်မြတ် ဖြစ်၍ အတောင် ဟူသော ယာဉ်ရှိသော အို-ကျီးငှက် ... သင်သည် ငှက်ပျောတုံးနှင့်တူသော ပေါင်တံရှိသော ငါ့မိ်န်းမကို ပြောဆိုပါလော့၊ ထိုမိန်းမကား ငါ့ကို ကြာမြင့်လေစွဟု အောက်မေ့လတ္တံ့၊ လှံသန်လျက်နှင့် တူသော သံတံကျင်၌ အလျှိုခံရသော ဤအကြောင်းကို မသိရှာလေ၊ ထိုမိန်းမသည် အလွန်ကြာမြင့်ရသလောဟု ငါ့ကို အမျက်ထွက်လတ္တံ့၊ ထိုမိန်းမ အမျက်ထွက်ခြင်းသည်သည်သာ ငါ့စိတ်ကို ပူပန်စေ၏။ ဤ သံတံကျင် လျှိုထားခြင်းကား ငါ့စိတ်ကို မပူပန်စေနိုင်” –

“ကြာနှင့်တူသော ချပ်တန်ဆာကို လည်းကောင်း၊ ရွှေငါး သုဝဏ္ဏဖြင့် ပြုလုပ်ထားသော လက်စွပ်ကို လည်းကောင်း၊ ကာသိတိုင်းဖြစ် နူးညံ့သော ပုဆိုးကို လည်းကောင်း၊ ဤမျှလောက် ခေါင်းရင်း၌ ထားခဲ့သော င့ါဥစ္စာကို ချစ်လှစွာသော ငါ့မယားသည် အလိုရှိတိုင်းယူ၍ ရောင့်ရဲတင်းတိမ်ပါစေတည်း” –

ဟု ယောင်ယမ်းမြည်တမ်းလျက် ကျီးတို့ကို ခေါ်ငင်ကာ မယားထံ အပြောခိုင်းလေ၏။ ထိုယောကျ်ားသည် ယောင်ယမ်းမြည်တမ်းစဉ် မယားကို စွဲလမ်းတပ်စွန်း၍ သေသဖြင့် ငရဲဘုံ၌ ဖြစ်ရလေ၏။

ဤဒေသနာတော်ကို ဆောင်တော်မူပြီး၍ သစ္စာကို ပြတော်မူသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မယားသည် - ယခုအခါ မယားဟောင်း။

တံကျင်လျှိုခံရသော ယောကျ်ားသည် - ငြီးငွေ့သော ရဟန်း။

အကြောင်းကို မြင်သောနတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) မိန်းမလိုအင်၊ ဖြည့်သူပင်၊ တံကျင်လျှိုခံခက်။

(၂) တံကျင်ဆင်းရဲ၊ မပူဘဲ၊ ပူမြဲမိန်းမတွက်။

(၃) တဏှာ၏ကျွန်၊ အမိုက်လွန်၊ သေပြန်ငရဲသက်။

ကာမဝိလပဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ