ကာဒီနယ် မာဇာရင်

ဝီကီပီးဒီးယား မှ

ပြင်သစ်လူမျိုး နိုင်ငံပြုသုခမိန်တစ်ဦးဖြစ်၍၊ ၁၇ ရာစုနှစ် က ပြင်သစ်နိုင်ငံတွင် နာမည်ကျော်ခဲ့သူမှာ မာဇာရင်ဖြစ်သည်။ ၁၆ဝ၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် အီတလီပြည် ပစ်ဆီနာ မြို့၌ ဖွားမြင်သည်။ ရောမမြို့နှင့်စပိန်နိုင်ငံတို့တွင် ပညာသင်ကြား ပြီးနောက်၊ ပုပ်ရဟန်းမင်းကြီးလက်အောက်တွင် အမှုထမ်းရာ ၁၆၃၄ ခုနှစ်တွင် ပြင်သစ်နိုင်ငံသို့ သံတမန်အဖြစ် စေလွှတ်ခြင်းခံရသည်။ ယင်းသို့ သွားရောက်ရာတွင် ထိုအခါက ၁၃ ဆက် မြောက် လူဝီဘုရင်၏ နန်းရင်းဝန် ကာဒင်နယ် ရစ်ရှလျူးနှင့် တွေ့ဆုံရင်းနှီး ခင်မင်ရသဖြင့် ရစ်ရှလျူး၏ ဆွဲဆောင်ချက်အရ ၁၆၃၂ ခုနှစ်တွင် ပြင်သစ်အမျိုးသားအဖြစ်ကို ခံယူခဲ့လေသည်။


ထိုနောက် ၉ နှစ်ကြာသောအခါ ကာဒင်နယ်အဖြစ် ခန့်ထားခြင်း ခံခဲ့ရလေသည်။ ၁၆၄၂ ခုနှစ်တွင် ရစ်ရှလျူး ကွယ်လွန်သောအခါ ကာဒင်နယ် မာဇာရင်သည် နန်းရင်းဝန် ဖြစ်လာလေသည်။

နောက်တစ်နှစ်တွင် ၁၃ ဆက်မြောက် လူဝီဘုရင် နတ်ရွာစံလွန်ပြန်ရာ ၁၄ ဆက်မြောက် လူဝီဘုရင်မှာ ငယ်သေးသည်နှင့် သူ၏မယ်တော်က နိုင်ငံတော်ကို ရင်ခွင် ပိုက်အုပ်ချုပ်ရလေသည်။ သို့သော်လည်း အကယ်စင်စစ် ပြင်သစ် နိုင်ငံကို စိုးမိုးအုပ်ချုပ်နေသူမှာ မာဇာရင်သာလျှင် ဖြစ်ပေသည်။ မာဇာရင်သည် ၁၆၁၈ ခုနှစ်မှ ၁၆၄၈ ခုနှစ်အထိ နှစ်များအတွင်း ဖြစ်ပွားခဲ့သော နှစ်သုံးဆယ်စစ်ပွဲကြီးကို ပြီးဆုံးအောင် စီမံစိုင်းပြင်း ၍ ပြင်သစ်နိုင်ငံကြီးတစ်ခုလုံး၏ ဂုဏ်ကျက်သရေ တိုးမြင့်စေသော စာချုပ်များကို အောင်မြင်စွာ ချုပ်ဆိုခဲ့လေသည်။


မာဇာရင်သည် ဟိတ်ဟန်မာနကြီးသည့်အရာတွင် ရစ်ရှ လျူးကို မမီသော်လည်း၊ အာဏာကို လုံးဝအသုံးပြုလျက် ပြည်သူ ပြည်သား ဆင်းရဲသားများထံမှ အခွန်အတုတ်ကြီးလေးစွာ ကောက်ခံ ခြင်းဖြင့် ဖိနှိပ်သည့်အရာတွင်ကား ရစ်ရှလျူးနှင့် အတူတူပင်ဖြစ် သည်။ သို့ဖြစ်ရာ ပြင်သစ်နိုင်ငံသူ နိုင်ငံသားတို့က မာဇာရင်အား မလိုလားကြချေ။ သို့ရာတွင် မာဇာရင်သည် ရင်ခွင်ပိုက်အုပ်စိုးသော ဘုရင်မကြီး၏ အကြိုက်ကိုလုပ်ပေးခြင်းဖြင့် အာဏာကို လက်ထဲ၌ တည်မြဲအောင် ထားနိုင်ခဲ့လေသည်။ သူ၏မတရားမှုများသည် သူ့ကို ဆင်းရဲသူ ဆင်းရဲသားများကသာမက အထက်တန်းစား မှူးမတ် သူဌေးသူကြွယ်များကပါ မုန်းတီးစေခဲ့လေသည်။ ဤသို့ဖြင့် ၁၆၄၈ ခုနှစ်တွင် ပြည်တွင်းစစ်ပွဲ ဖြစ်ပွားခဲ့လေသည်။

မာဇာရင်သည် ပြည်တွင်းစစ်ကို အောင်မြင်စွာ နှိမ်နင်းလိုက်ပြီးနောက်၊ လူဝီဘုရင် ၏ တန်ခိုးအာဏာကို တိုးတက်သည်ထက် တိုးတက်အောင်ကြိုးစား ခဲ့လေသည်။ မာဇာရင်သည် အုပ်ချုပ်မှုအရာတွင် ကျွမ်းကျင်သော်လည်း သူ၏ ငွေမက်မှုမှာ ချွတ်ယွင်းချက်ကြီးတစ်ရပ်ပင် ဖြစ်လာခဲ့ သည်။ မာဇာရင်သည် နန်းရင်းဝန်ရာထူးဖြင့် သူဌေးဖြစ်လာခဲ့သည်။ သူသည် ၁၆၆၁ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ကွယ်လွန်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)