ကလေးဗဟိုပြုသင်ကြားရေးစနစ်

ဝီကီပီးဒီးယား မှ

စနစ်ပြောင်းဖြစ်စဉ်[ပြင်ဆင်ရန်]

ကလေးဗဟိုပြုသင်ကြားရေးစနစ်အားမြန်မာနိုင်ငံတွင် CCA (Child Centered Approach) ကလေး ဗဟိုပြု သင်ယူမှုချဉ်းကပ်နည်း ဟူ၍ ခေါ်ပါသည်။ မြန်မာ့ပညာရေးစနစ်တွင် အဓိကပြုပြင်ပြောင်းလဲမှုများအနေဖြင့် ဆရာဗဟိုပြုသင်ယူမှုချဉ်းကပ်နည်း မှ ကလေးဗဟိုပြု သင်ယူမှုချဉ်းကပ်နည်း သို့ လည်းကောင်း၊ အလွတ်ကျက်မှတ်သည့်ပုံစံမှ ကြောင်းကျိုးဆက်စပ်တွေးခေါ်တတ်မှု၊ ဝေဖန်ဆန်းစစ်တတ်မှု၊ တီထွင်ဖန်တီးတတ်မှုစသော ကလေးတို့၏ စဉ်းစားတွေးခေါ်မှုစွမ်းရည် တိုးတက်အောင် ပြုစုပျိုး ထောင်သည့်ပုံစံ သို့လည်းကောင်း၊ အတန်းတင်စာမေးပွဲစနစ်မှ စဉ်ဆက်မပြတ် အကဲဖြတ် အတန်း တင်ပေးသောစနစ် သို့လည်းကောင်း သင်ကြားသင်ယူမှုလုပ်ငန်းများကို ပြုပြင်ပြောင်းလဲဆောင်ရွက် လျက်ရှိကြောင်း တွေ့ရသည်။

ကမ္ဘာ့အဆင့်တွင်လည်း Student Centered Learning အနေဖြင့် အခြေခံကျောင်းများမှသည် တက္ကသိုလ်အဆင့်အထိ ပြုပြင်ပြောင်းလဲနေကြောင်း တွေ့ရသည်။ ကမ္ဘာကလက်ခံထားသည့် ကလေးဗဟိုပြု သင်ကြားရေးစနစ်ဆိုသည်မှာ စွမ်းအားထက်မြက်သည့်စနစ်တစ်ခုဖြစ်ပြီး၊ ကလေးကိုယ်တိုင်က မိမိသင်ယူချင်သည့်အချိန်၊ သင်ယူချင်သည့် နေရာကို ရွေးချယ်ခွင့်ရှိသည့်သဘောဆောင်ပါသည်။ သင်ယူရာတွင် ပါဝင်ရမည့်အကြောင်းအရာများ၊ အကဲဖြတ်ခြင်းများ၊ သင်ယူနိုင်စွမ်းကိုပိုင်းဖြတ်ရန်မှာ ဆရာ၏ တာဝန်သာဖြစ်သည်။

ကလေးဗဟိုပြုသင်ကြားရေးစနစ်တွင် အတန်းတစ်တန်းအတွင်းရှိ သင်ကြားမည့်ကလေးအရေအတွက်ကိုလည်း စာသင်ခန်း တစ်ခန်းတွင် ကျောင်းသား ၃၀ ထက်ပိုလျှင် မထိရောက်နိုင်ဟု သတ်မှတ်ထားသည်။ ထိုပမာဏသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် မလွယ်ကူသေးပေ။ အထူးသဖြင့်မြန်မာ နိုင်ငံတွင် CCA ဆိုသည်မှာ မဖြစ်မနေ လိုက်နာကျင့်သုံးနိုင်သည့်အဆင့်မဟုတ်သေးဘဲ၊ စမ်းသပ်ကျင့်သုံးသည့် အဆင့်တွင်သာရှိနေသေးကြောင်းတွေ့ရသည်။

ကလေးကိုဗဟိုပြုရခြင်းအကြောင်း[ပြင်ဆင်ရန်]

CCA ဆိုသည်မှာ ကိုယ်တိုင်ပြဋ္ဌာန်းရသည့်စနစ်၊ သင်ယူသူ ဗဟိုပြုစနစ်၊ ကိုယ်တိုင်လေ့လာရသည့်စနစ်၊ လွတ်လပ်သောစနစ်၊ ပူးပေါင်းဆောင်ရွက်ရသည့်စနစ်၊ အတွေ့အကြုံကိုအခြေခံသည့်စနစ်၊ ပကတိအရှိအတိုင်း လေ့လာသည့်စနစ်၊ ပြဿနာအခြေခံစဉ်းစားသည့် စနစ်၊ အပြုသဘောဆောင်သည့် သင်ကြားရေးစနစ် စသည်ဖြင့် ပညာ ရှင်များက အမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုကြသည်။

Gibbs (1992) ဆိုသူက သင်ယူမည့်အကြောင်းအရာ (subject) ၊ သင်ကြားမည့်စနစ် (method) နှင့် ငြိမ်းချမ်းစွာသင်ယူနိုင်ခြင်း (peace of study) တို့ကို သင်ယူသူကိုယ်တိုင် ရွေးချယ်ခွင့်ရှိသည့်စနစ် ဟူ၍အဓိပ္ပာယ်ဖွင့်ဆိုသည်။ သူပြောချင်သည့်အကြောင်းအရာမှာ ကျောင်းသားသည်

  • သင်ယူမှုအကြောင်း
  • မည်သို့ သင်ယူရမည်ဆိုသည့်အကြောင်း
  • မည်သည့်အချိန်တွင် သင်ယူမည်ဆိုသည့်အကြောင်း သိနေရမည်ဆိုသည့်သဘောသက် ရောက်ပါသည်။ ထိုသဘောတရားသည် သင်ယူသူထံတွင် ရွေးချယ်ခွင့် အမှန်ကတယ်ရှိနိုင်မည်လော စဉ်းစားစရာဖြစ်သည်။

သင်ကြားမှုသင်ယူမှုဖြစ်စဉ်တစ်ခုတွင် ထိရောက်မှုရှိစေရန် အတွက် Harpe နှင့် Radloff (1999) တို့က သင်ကြားမည့် ဆရာတို့ကို

  • ကျောင်းသားအား ဘာကိုတတ်ကျွမ်းရစေမည်ဆိုသည့် ပန်းတိုင် ရှိရမည်သင်ယူ။
  • သင်ကြားမည့်ဗျူဟာကို ပိုင်နိုင်စွာတတ်ကျွမ်းရမည်၊ မည်သည့်အချိန်တွင် မည်သည့်ဗျူဟာ ကို သုံးရမည်ကိုလည်း ကောင်းစွာသိထားရမည်
  • သင်ကြားမည့် သင်ယူမည့်ဘာသာရပ်များနှင့်ပတ်သက်သော အထောက်အထား (resources) တို့ကို ရအောင်ယူ၊ သိအောင်ပေး၊ အကျိုးရှိစေရေးကို ဦးစားပေးရမည်
  • အားသာချက်၊ အားနည်းချက်များကို ကောင်းစွာဝေဖန်သုံးသပ် နိုင်စွမ်းရှိသူများဖြစ်ရမည်
  • သင်ယူမှုဖြစ်စဉ်တစ်ခုလုံးကို ကောင်းစွာနားလည်သဘောပေါက် ထားသူလည်းဖြစ်ရမည်
  • စိတ်ခံစားချက်နောက်ကို ကောက်ကောက်ပါအောင်လိုက်ရင်း၊ လမ်းကြောင်းပြောင်းမသွားစေရ
  • ကိုယ့်သင်ကြားမှုအပေါ် ကိုယ်လုံးဝတာဝန်ယူရဲသူဖြစ်ရမည်
  • ကြိုတင်ပြင်ဆင်ခြင်း၊ စောင့်ကြည့်အကဲခပ်ခြင်း၊ ပိုင်းဖြတ် သုံးသပ် ဝေဖန်တတ်ခြင်း၊ အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်တတ်ခြင်းရှိရမည်ဟု အကြံပြု ထားချက်များကို ဆရာများအနေဖြင့် လေ့လာသင့်ပါသည်။

တွေးစရာမေးစရာ ကလေးကိုဗဟိုထားကာ[ပြင်ဆင်ရန်]

ကလေးဗဟိုပြုစနစ်သည် သင်ကြားရေးထက် သုတေသနပြုရေး ကို ဦးစားပေးသည်။ သင်္ချာသင်သည့် ဆရာတစ်ယောက်သည် ကျောင်းသားကို အလီအလွတ်ကျက်ခိုင်းသည်ထက်၊ အမြှောက်ဆိုသည့် သဘောတရားကို ကျောင်းသားနှင့်နားလည်အောင် ဆွေးနွေးမည်သာ ဖြစ်သည်။ သင်ကြားရေးဆိုင်ရာနည်းစနစ် (method) သည် သင်္ချာဆိုသည့် စိတ်ဖိစီးမှုထက် သဘောတရားတစ်ခုကို ကလေးများနှင့် ဆွေးနွေးတိုင်ပင်သည့်အသွင်မှသည် ကလေးဗဟိုပြုစနစ်ကို အကောင် အထည်ဖော်မှန်းမသိဖော်သွားနိုင် ရေးသည် အရေးကြီးသည်။ သို့ဖြစ်ရာ ကလေးဗဟိုပြုစနစ်တွင် မေးခွန်းထုတ်စရာတွေပေါ်လာသည်။

  1. ကျောင်းသားတစ်ယောက်ကို ဆရာလုပ်သူက မည်မျှသော အတိုင်းအတာအထိ သဘောပေါက် နိုင်မည်နည်း။ လူကြီးက လူငယ်အပေါ် မြင်သည့်အမြင်နှင့်ကြည့်မည်လား၊ ရင်ဆိုင်ရသည့် ပြဿနာတစ်ခုအပေါ်တွင် ရှုထောင့်အမြင် အမျိုးမျိုးဖြင့် မြင်တတ်အောင်၊ ပူးပေါင်းဆောင်ရွက်တတ်အောင် လေ့ကျင့်ပေးမည်လား
  2. ကျောင်းသားများကို ရွေးချယ်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ပေးနိုင်မည်လား
  3. ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးခိုင်းနိုင်မည်လား
  4. ကျောင်းသားတစ်ဦးချင်းဆိုင်ရာ ကွဲပြားခြားနားမှုများကို အသိအမှတ်ပြု နားလည်ပေးနိုင်မည်လား
  5. သင်ယူမှုဖြစ်စဉ်တစ်ခုတွင် ကာယအင်အား၊ စိတ်ဓာတ်အင်အား၊ ယခင်အတွေ့အကြုံများအပေါ် တွင် အခြေခံပြီး ကွဲပြားတ⁠တ်သည်ကို လက်ခံပါသလား
  6. ကျောင်းသားတိုင်း ရည်ရွယ်ချက်အမျိုးမျိုး၊ ပန်းတိုင်အသီး⁠သီးရှိကြောင်း သဘောပေါက်ထားပါသလား
  7. ကျောင်းသားတွေဘာသိချင်တာလဲ၊ ငါက ဘာကိုသင်ရမှာလဲ၊ သူတို့ကို ဘယ်လိုသင်ယူခွင့်ပေးမလဲဆိုတာ ကောင်းကောင်း သဘောပေါက်ထားပါသလား
  8. ကိုယ်သိထားတာကို ကျောင်းသားသိသွားအောင် လုပ်ဆောင်နိုင်စွမ်းရှိမယ်ထင်ပါသလား

အထက်ပါမေးခွန်းများသည် ကလေးဗဟိုပြုစနစ်တွင် ထည့် သွင်းစဉ်းစားရမည့် အချက်များဖြစ်သည်။ ထိုအချက်များအပေါ်တွင်ပင် တစ်ခုနှင့်တစ်ခု ရှုပ်ထွေးနေသောကြောင့် ကလေးဗဟိုပြုစနစ် အကောင် အထည်ဖော်ရေးတွင် များစွာအခက်အခဲတွေ့နိုင်ပါလိမ့်မည်။

ဆရာမှသည် ကျောင်းသားဗဟိုပြုစနစ်ဆီသို့[ပြင်ဆင်ရန်]

ဆရာဗဟိုပြုသင်ကြားရေးစနစ်ကိုသာ ရင်ဝယ်ပိုက်ထားဆဲ လူ့ဘောင်များတွင် စနစ်ကိုပြောင်းမည်ဆိုပါက သတိထားသင့်သည့် အချက်များမှာ

  • အနုနည်းဖြင့် ငြင်သာစွာကူးပြောင်းစေသင့်ပါသည်။ စနစ်ကို အတင်းပြောင်းရာတွင် ရုပ်ပတ်ဝန်း ကျင်ပါ လိုက်လံပြောင်းလဲရသည်။
  • စမ်းသပ်ရင်း ရှာဖွေ၊ တွေ့သိမှုကို မွမ်းမံ၊ ရလဒ်ကို ပိုင်းဖြတ်နိုင်စေရန် ကြိုးစားသင့်ပါသည်။
  • လူတိုင်းပညာ လွတ်လပ်စွာရှာခွင့်ကို အလေးထားသင့်ပါသည်။ ကိုယ့်စိတ်ကူး ကိုယ့်အတွေးကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် ပေးသော ဝန်းကျင်ကောင်းတစ်ခုလိုသည်။
  • သင်ယူထားသည်ကို ပြန်လည်ဖော်ထုတ်နိုင်ရန် အချိန်ပေးရ ပါလိမ့်မည်။ ရလဒ်ကြောင့် ကလေးစိတ်ဓာတ်မကျစေရပါ။
  • ကလေးကိုဗဟိုပြုထားရခြင်းသည် ပြီးပြည့်စုံ ကောင်းမွန်သော စနစ် တစ်ခုအနေဖြင့် မှတ်ယူထားရန်မဟုတ်ပါ။ ပြောင်းသင့် ပြောင်းထိုက်လျှင် ပြောင်းလဲနိုင်ရန်အတွက် ခေတ်နှင့်စနစ်ကို မျက်ခြေမပြတ်ရန် လိုသည်။

ရရှိနိုင်သည့်သင်ခန်းစာများ[ပြင်ဆင်ရန်]

ကလေးဗဟိုပြုစနစ်သည် လက်တွေ့ဘဝတွင် မှန်ကန်စွာကျင့်သုံးနိုင်ပါက အကျိုးရှိမည်မှာ သေချာပါသည်။ သို့သော် ပညာရေးစနစ် တစ်ခုသည် လူ့ဘောင်အသိုင်းအဝိုင်းတစ်ခုတွင် အောင်မြင်သလို၊ အခြား လူ့ဘောင်အဖွဲ့အစည်းတစ်ခုတွင် အောင်မြင်နိုင်လိမ့်မည်ဟူ၍ ပုံသေမတွက်နိုင်ပေ။ ဤသင်ကြားမှု ဖြစ်စဉ်တွင် ပါဝင်သူတို့သည်

  • ဆရာနှင့်ကျောင်းသား အပြန်အလှန်ထောက်ထားစာနာ ညှာတာ စိတ်များရှိရပါလိမ့်မည်။
  • ဆရာဆိုသည်မှာ ကျောင်းသားများအတွက် စံပြုလောက်အောင် တတ်သိကျွမ်းကျင် ကိုယ်ကျင့်တရားအရာတွင် ဖြူစင်သူများ ဖြစ်ရန် လိုသည်။
  • ဆရာသည် မိမိအခန်းကဏ္ဍကို သဘောပေါက်ထားသူဖြစ်ရန်လို သကဲ့သို့ ကိုယ်ဘာလုပ်ရမည်ကို ကောင်းစွာပိုင်းဖြတ် လုပ်ဆောင် တတ်သူများဖြစ်ရန်လည်းလိုသည်။
  • ဆရာဆိုသည်မှ သင်ကြားသူအဆင့်ထက် လမ်းညွှန်သူ (Guide) အသွင်ဆောင်လာကြောင်း သဘောပေါက်ထားရန်လိုသည်။
  • ဆရာဆိုသည်မှာ အစစအရာရာ ကျွမ်းကျင်တတ်သိပညာရှိဆိုသည့် ခေတ်ကုန်သွားပြီဖြစ်ကြောင်း သဘောပေါက်ထားရန်လိုသည်။ ကိုယ်မသိသည့်နယ်ပယ်ရှိသေးကြောင်း လက်ခံပြီး လမ်းညွှန်ပေးနိုင်ရေးကိုသာ ဦးစားပေးရမည်ဖြစ်သည်။
  • ခေတ်ပြောင်း၊ စနစ်ပြောင်း၊ အတွေးအခေါ်ပြောင်းမှုများသည် မြန်ဆန်လာကြောင်း သဘောပေါက်ထားရမည်။ တရားသေသမား အစွဲအလမ်းကြီးသူတစ်ယောက်အနေဖြင့် အတွေးအခေါ်ကို ကျောက်ချ ထားသူတစ်ယောက်မဖြစ်စေရန် ကြိုးစားသင့်ပါ သည်။
  • အိုင်စီတီခေတ်ဖြစ်လာသည်ကို မျက်ခြေမပြတ်သင့်ပါ။ ရုပ်ပတ်ဝန်းကျင်အလွန်ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ သင်ကြားမှု သင်ယူမှုဖြစ်စဉ်တွင် အိုင်စီတီကို မည်သို့ကျင့်သုံးနိုင်ကြောင်း ကိုယ်တိုင်လည်း လေ့လာသင်ယူရမည်ဖြစ်သလို ကျောင်းသားများကိုလည်း ပညာပေးနိုင်ရပါလိမ့်မည်။
  • ပညာရေးဆိုသည်မှာ အချိန်အတိုင်းအတာတစ်ခုအတွင်း တတ်သိသင့်သည်ကို တတ်သိနိုင်ရန် ပိုင်းဖြတ်ပေးတတ်ဖို့လိုသည်။ အချိန်တွေကို လာရောက်ရင်းနှီးမြှုပ်နှံရသည့်ကာလနှင့် သူတို့ရရှိသွားသည့် ပမာဏ ထိုက်တန်ရန်လိုသည်။
  • ကျောင်းဆိုသည်မှာ ရုပ်ပတ်ဝန်းကျင်ကောင်းသည့် နေရာတစ်ခု လည်းဖြစ်ရန်လိုသည်။ ကျောင်း နှင့်တူသောကျောင်း၊ ဆရာနှင့်တူသောဆရာ၊ ကျောင်းသားနှင့်တူသော ကျောင်းသားများဖြင့်သာ ပညာရေးစနစ်တစ်ခုကို အကောင်အထည် ဖော်နိုင်ပါ လိမ့်မည်။

ပြေးနေသလား၊ ရပ်နေသလား[ပြင်ဆင်ရန်]

စနစ်ပြောင်း ခေတ်ပြောင်းစေချင်လျှင် လူတို့၏အမူအကျင့်နှင့် အတွေးအခေါ် အယူအဆ ဟောင်းများကိုလည်း ပြောင်းလဲရပါလိမ့်မည်။ ဆရာဟူသည် ကိုယ့်အခန်းကဏ္ဍကိုယ်သိပြီး ခေတ်သစ်တွင် ငါမည်သည့်နေရာတွင် ရှိနေရမည်ကို သဘောပေါက်ထားသင့်ပါသည်။ ကလေးဗဟိုပြုစနစ်ကြောင့် ဆရာ၏အခန်းကဏ္ဍ ပျောက်သွားနိုင်လိမ့်မည်မဟုတ်ပါ။ ဆရာဖြစ်စေ ကျောင်းသားဖြစ်စေ သူ့အခန်း၊ သူ့နေရာနှင့်သူ ရှိနေပါသည်။ စနစ်တစ်ခုကိုအကောင်အထည်ဖော်ရသည်မှာ မအောင်မြင်ဘဲ အီလေးဆွဲလာလျှင် အဘယ်ကြောင့်ဆိုသည်ကို ပြန်လည်လေ့လာသုံးသပ်သင့်ပါသည်။ စနစ်တစ်ခုကို ပုံသေစွဲကိုင်ပြီး ယနေ့ထက်တိုင်အောင်မြင်ပြီဟု ကြွေးကြော်နိုင်ခဲ့သည်များ မရှိသေးပါ။ ဤနေရာတွင် Scoff ဆိုသူ၏ အယူအဆတစ်ခုကို တင်ပြ လိုသည်။ သူက "ကျွန်တော်တို့ ခေတ်နှင့် လျော်ညီစွာ ပြုပြင်ပြောင်း လဲသွားနိုင်သည်ကို မအံ့ဩပါ။ ခေတ်ပြောင်း စနစ်ပြောင်းသည့်အတိုင်း လိုက်ပါမလာသည်ကိုသာ အံ့ဩမိပါသည်" ဆိုသည့်စကား ဖြစ်သည်။ ကျွန်တော်တို့ ပြေးနေသလား၊ ရပ်နေသလား ပြန်စဉ်းစား ကြည့်သင့်ပြီထင်သည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Student centred learning: Is it possible?, by Len Sparrow