ကလေးကြီးပြင်းလာပုံ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ထိုင်၍ ဆော့ကစားနေသော ကလေးငယ်တစ်ဦး

သက်ရှိဟူသရွေသည် တစ်စတစ်စ ကြီးပြင်းလာကြရသည်ချည်းဖြစ်၏။ ယင်းတို့ ကြီးပြင်းလာပုံကို သိလိုလျှင်၊ မွေးဖွားသည့်အချိန်မှစ၍ တဖြည်းဖြည်း အသက် အားဖြင့်၎င်း၊ အရွယ်အားဖြင့်၎င်း၊ စိတ်နေသဘောထားအားဖြင့် ၎င်း၊ ပြုမှုလုပ်ကိုင်ပုံအားဖြင့်၎င်း၊ ကြီးမားပြောင်းလဲလာပုံကို စူးစမ်းကြည့်ရှုသင့်သည်။

သတ္တဝါအပေါင်းတို့သည် မသိနားမလည်သေးသော အကောင်ကလေးဘဝကို လွန်မြောက်ပြီးမှသာလျှင် တတ်သိ နားလည်သော အကောင်ကြီးဘဝသို့ ရောက်ရစမြဲဖြစ်သည်။ အဆင့်အတန်း အမြင့်ဆုံးဖြစ်သော လူသတ္တဝါ မဆိုထားဘိ၊ အနိမ့်ဆုံးဖြစ်သော တိရစ္ဆာန်များပင် အကောင်ကလေးဘဝမှ ကြီးပြင်းလာရ၏။ သို့သော် လူတို့ကြီးပြင်းလာပုံနှင့် တိရစ္ဆာန် များ ကြီးပြင်းလာပုံမှာ ခြားနားသည်။ လူတို့သည် တိရစ္ဆာန် များထက် ကလေးဘဝတွင် ကြာကြာနေရသည်။ သတ္တဝါ အဆင့်အတန်းမြင့်လေ၊ ကြီးပြင်းအောင် ပြုစု စောင့်ရှောက်ရ သည့်အချိန် ပိုကြာလေဖြစ်၏။ အဆင့်အတန်းမြင့်သည့် သတ္တဝါများသည် သားငယ်များကို နည်းပါးစွာ ပေါက်ပွားသော် လည်း၊ အဆင့်အတန်းနိမ့်သည့် သတ္တဝါများသည်ကား သား ငယ် အများအပြား ပေါက်ပွားလေ့ရှိသည်။ သို့ဖြစ်၍ အဆင့် အတန်းမြင့်သည့်သတ္တဝါများသည် ကလေးများကို အချိန်ကြာစွာ စောင့်ရှောက်မွေးမြူနိုင်သည်။ ပမာဆိုလျှင် အဆင့်အတန်းနိမ့် သော ငါးများသည် သားငယ်များကို ကြီးပြင်းအောင် မွေးမြူရ သည်ဟူ၍ မရှိချေ။ တစ်ကြိမ်လျှင် ငါးကလေးပေါင်း မြောက်မြားစွာ ပေါက်ပွားသဖြင့် ငါးမကြီးမှာ ယင်းတို့ကို ပြန်၍ မကြည့်နိုင်တော့ပေ။ အဆင့်အတန်း အမြင့်ဆုံးဖြစ်သော လူတို့မှာမူ တစ်ကြိမ် လျှင် တစ်ယောက်၊ တစ်ခါတစ်ရံ နှစ် ယောက်သာ မွေးသောကြောင့် ကလေးကို အချိန်ကြာမြင့်အောင် မွေးမြူ စောင့်ရှောက်နိုင်သည်။ သို့သော် လူတို့တွင် ထူးကဲစွာ သုံးယောက်၊ လေးယောက်၊ ငါးယောက်အထိ မွေးသည်လည်း ရှိသေးသည်။ လူတို့သည် ကလေးဘဝမှ တဖြည်းဖြည်း ကြီးပြင်းလာ၍ အသက် ၂၁ နှစ်ခန့် ရှိသောအခါ အရွယ် ရောက်သည်။ တစ်နည်းဆိုသော် လူတို့၏ ပျမ်းမျှသက်တမ်း သည် အနှစ် ၆ဝ မျှသာ ဖြစ်ရာ၊ အရွယ်ရောက်သည့်အချိန် အထိ သက်တမ်းသုံးပုံတစ်ပုံကြာသည်။ တိရစ္ဆာန်များအဖို့ကား ခြောက်ပုံ တစ်ပုံခန့်သာ ကြာသဖြင့်၊ လူသည် မိဘကို ပို၍ ကြာမြင့်စွာ မှီခိုနေရသည်။

ကိုယ်ခန္ဓာကြီးထွားလာပုံ[ပြင်ဆင်ရန်]

ကလေးများသည် အမိဝမ်းတွင်း၌ ပဋိသန္ဓေ တည်သည့်နေ့မှစ၍ တစ်နေ့ထက်တစ်နေ့ အခြေအနေ ပြောင်းလဲတိုးတက်လာသည်။ ပဋိသန္ဓေတည်စတွင် ကလေး၏ အလေးချိန်သည် တအောင်စ ကို အစိတ်ပေါင်း ၅၆ သန်းမျှ စိတ်လျှင် တစ်စိတ်သာရှိ၍ တစ်နေ့တစ်ခြား အလေးချိန်တိုးတက်လာရာ မွေးဖွားသောအခါ၊ ကလေးမှာ ပျမ်းမျှခြင်းအားဖြင့် ၇ပေါင်ခန့် ရှိတတ်သည်။ ခြောက်လသားခန့် ရှိသောအခါအလေးချိန်သည် နှစ်ဆဖြစ်လာ ၍၊ အခါလည်သား ရှိသောအခါ သုံးဆဖြစ်လာသည်။ အရပ်မှာလည်း ၂၁ လက်မမှ လက်မ ၃ဝအထိ တိုးတက်လာ သောကြောင့်၊ ကလေးများသည် ဤနို့စို့အရွယ်တွင် အလွန် ကြီးထွားလွယ်သည်ဟု ဆိုရပေမည်။ မတ်တတ်ပြေးစ အရွယ် ရောက်သော ပထမနို့စို့အရွယ်ကလောက် တစ်ရှိန်တည်း တက် ၍ မသွားတော့ချေ။ ကိုယ်လုံးနှင့်အရပ်မှာ ခပ်မှန်မှန်သာ ထွက် လာ၏။ ထိုကြောင့် ၆ နှစ် သားကလေး၏ အလေးချိန်မှာ မွေးစကထက် ခြောက်ဆသာရှိ၍၊ ၁ဝ နှစ်တွင် ဆယ်ဆ၊ ၂ဝ တွင် အဆနှစ်ဆယ်သာ ရှိသည်။ အရပ်အမောင်းမှာလည်း ထိုနည်းနှင်နှင်ပင် ခပ်မှန်မှန် ထွက်လာ၏။ သို့သော် ထိုမှ ရှေ့သို့ ကိုယ်ခန္ဓာ တိုးတက်ကြီးထွားခြင်း မရှိတော့သည့် အသက် ၂ဝ အရွယ်တွင် မွေးစကအယပ်ထက် သုံးဆ ရှည်ထွက်လာသည်။ နို့စို့အရွယ်တွင် ၆ နှစ်မှ ၂ဝကြား အရွယ်တွင် ကြီးထွားမှုသည် တဖြည်းဖြည်း နှေးသွားသည်။ မိန်းကလေးနှင့် ယောက်ျားကလေးနှစ်ဦးတွင် မိန်းကလေး သည် ယောက်ျားကလေးထက် စော၍ အရွယ်ရောက်၏။ အများအားဖြင့် နှစ်နှစ်ခန့်စောသည်။ အသက် ၁၄ နှစ်ခန့် အရွယ် မိန်းကလေး တစ်ယောက်သည် အရွယ်တူ ယောက်ျား ကလေးထက် ကိုယ်အလေးချိန်တွင်လည်းကောင်း၊ အရပ်အမောင်းတွင် လည်းကောင်း သာနေကြောင်းကို တွေ့ရ၏။ ကလေးများ ကြီးထွားလာ ရာ၌ အရိုးအခြင်၊ ဦးနှောက်နှင့် ကိုယ်ခန္ဓာအချိုးအစားတို့ သည် တဖြည်းဖြည်း ပြောင်းလဲနေသည်။ ငယ်ရွယ်သောကလေး များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ၌ အရိုးနုကလေးများသာ ပါဝင်နေသည်။ ယင်းတို့သည် အလွန်နုနယ်သဖြင့်၊ ကလေးငယ် များကို ကိုယ်တွယ် သည့်အခါ ပွေ့ချီသည့်အခါများ၌ အထူး သတိထားရသည်။ လူကြီးများ၏ ပကတိအရိုးကဲ့သို့ မမာ သေးသောကြောင့်၊ ကလေးများသည် မည်သည့်အရာကိုမဆို လက်ဖြင့်ကောင်းစွာ မဆုပ်ကိုင်နိုင်သေးချေ။ သူတို့၏ ကိုယ် ခန္ဓာမှာလည်း တောင့်တောင့်တင်းတင်း မရှိလှသေးသဖြင့်၊ ခိုင်မြဲစွာ မထိုင်နိုင် မရပ်နိုင်ချေ။ တဖြည်းဖြည်းနှင့် ကလေး များစားသော အစာထဲမှ ဆားဓာတ်တို့သည် သူတို့၏ အရိုးနု ကလေးများကို မာလာစေ၍၊ ပကတိအရိုးအဖြစ်သို့ ပြောင်းလဲ သွားစေသည်။ ကလေးများ၏ဦးနှောက် ငယ်ရွယ်စဉ်အခါတွင် အလွန်ကြီးထွားလွယ်၏။ အသက် ၆နှစ်အရွယ်ရှိ ကလေး၏ ဦးနှောက်သည် လူကြီး၏ဦးနှောက်နှင့် တစ်ရွယ်တည်း ဖြစ် သည်။ ကိုယ်ခန္ဓာ အချိုးအစားမှာလည်း ပြောင်းလဲလာသော ကြောင့်၊ မွေးခါစတွင် ကလေး၏ဦးခေါင်းသည် ကိုယ်အရှည်၏ လေးပုံတစ်ပုံခန့်ရှိသော်လည်း အရွယ်ကြီးလာသောအခါ ရှစ်ပုံ တစ်ပုံသာ ရှိတော့သည်။ ထို့ပြင် မျက်နှာပုံသဏ္ဌာန်မှာလည်း ထင်ထင်ရှားရှား ပြောင်းလဲသွား၏။ ငယ်ရွယ်သော ကလေး၏ နဖူးသည် သက်ကြီးများ၏နဖူးထက် ပို၍မိုမောက်ပြီးလျှင် မေးစေ့မှာမူ သေးငယ်သည်။ တဖြည်းဖြည်း ကြီးပြင်းလာသော အခါ၊ နဖူးမှာ ပြေသွားလျက် မေးစေ့သည် ပို၍ပေါ်လွင်လာ၏။ မျက်နှာသွင်ပြင်မှာ ထိုသို့ ပြောင်းလဲသွားသောကြောင့် ကလေး မျက်နှာနှင့် လူကြီးမျက်နှာမှာ အတော်ပင် ကွာခြားပေသည်။ ဤသည်ကိုပင် ငယ်ရုပ်ပျောက်သွားသည်ဟု ဆိုကြသည်။ လူတို့သည် ငယ်ရာမှကြီးလာရာ၊ ထိုကြီးလာပုံကို သေချာ စေ့ငုစွာ ကြည့်ရှုသော် အလွန်ဆန်းကြယ်ကြောင်း တွေ့ရ၏။ အမိဝမ်းတွင်း၌ ကလလရေကြည် တည်ဦးစမှ ခန္ဓာပျက်ပြုန်း အသက်ကုန်ဆုံးရသည့် အချိန်အထိ၊ လူတို့၏ အခြေအနေသည် အမြဲပြောင်းလဲနေသည်။ အသက်အလိုက် ပိုင်းခြား၍ ကြည့် မည် ဆိုသော်၊ မွေးစမှ လမ်းလျှောက်တတ်သည့်အရွယ်အထိကို နို့စို့အရွယ်၊ ၁နှစ်မှ ၃ နှစ်အထိကို မတ်တတ်ပြေးအရွယ်၊ ၃ နှစ်မှ ၆ နှစ်အထိကို စကားသင်အရွယ်ဟူ၍ ခွဲခြားနိုင်ပြီးလျှင်၊ အရွယ်သုံးမျိုးစလုံးကိုခြုံ၍ ရှေးဦးကလေးဘဝဟု ခေါ်ကြ၏။ အလယ်ကလေးဘဝမှာ ၆ နှစ်အရွယ်မှ ၁ဝနှစ်အရွယ်အထိ ဖြစ်သည်။ နှောင်းကလေးဘဝမှာမူ ၁ဝ နှစ်အရွယ်မှစ၍၊ ယောက်ျားကလေးများအဖို့ ၁၃ နှစ်မှ ၁၆ နှစ် အကြား ရှင်ပြု ချိန်အရွယ်၊ မိန်းကလေး များအဖို့ ၁၂ နှစ်မှ ၁၅ နှစ် အကြား အပျိုဖျန်းအရွယ်အထိ ဖြစ်သည်။ ယင်း သည့်နောက်တွင် လူပျို ဖေါ် အပျိုဖေါ် ဝင်လာကြပြီးလျှင်၊ ၁၈ နှစ်မှ ၂ဝ အကြား အရွယ်အထိ အစွမ်းကုန် ကြီးထွားသည်။ အသက် ၂ဝ ကျော် ၃ဝ နီးပါးအရွယ်မှစ၍ ကာယဗလ၊ ဉာဏဗလ၊ ရူပဗလစသော ဗလများ ဖွံ့ဖြိုးလာပြီးလျှင်၊ တဖြည်းဖြည်း ထိုဗလများ အား နည်းယိမ်းယိုင်သည့်ဖက်သို့ လှမ်းလာသော အသက် ၄ဝ မှ ၆ဝ အကြား အရွယ်အထိမှာ လူကြီးပိုင်းဖြစ်သည်။ ထို့ထက် ကြီးရင့်လာသည့်အခါ၊ အိုမင်းမစွမ်းဖြစ်လာပြီးလျှင် သူငယ်ပြန် အရွယ်သို့ရောက်၍၊ နောက်ဆုံးသေသည့်အချိန်သို့ တဖြည်းဖြည်း ရွေ့သွားလေတော့သည်။

ဤသို့ တစ်သက်တာတွင် မွေးသည့်အချိန်မှ သေဆုံး သည့်အချိန်အထိ၊ လူတို့၏ အခြေအနေသည် တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲသွားသည်။ ထိုသို့ အဆင့်ဆင့် ပြောင်းလဲ သွားရာတွင်လည်း၊ အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း ကျား၊ မ လိုက်၍ အနည်းငယ်ကွဲပြား၏။ ထို့ပြင် လူမျိုးတစ်မျိုးနှင့် တစ်မျိုးသည် ကြီးထွားပုံချင်းတွင် ကွာခြားသည်။ အသက် ၁ဝ နှစ် အရွယ်ရှိ ကလေးတယောက်၏ အရပ်သည် ၄၇ လက်မ ရှိသော်လည်း၊ သူနှင့်ရွယ်တူအမျိုးခြား ကလေးတစ်ယောက်၏ အရပ်သည် ၆ဝ ရှိနေသည်ကို တွေ့ရသည်။ တစ်ခါတစ်ရံ မျိုးတူရွယ်တူ ကလေးများပင် ထိုသို့ကွာခြားနေသည်ကို တွေ့ရ ပြန်၏။ လူကြီးများတွင် အချို့မှာ ၅ ပေရှည်၍ အချို့မှာ ၆ပေ ရှည်သည်။ ပမာပြရသော်၊ အမေရိကန်လူမျိုးတို့သည် အီတာလျံ လူမျိုးတို့ထက် အများအားဖြင့် အရပ်ပို၍မြင့်၏။ အနောက် တိုင်းသားများသည်လည်း ယေဘုယျအားဖြင့် မြန်မာထက် အရပ် မြင့်သည်။ လူများသည် အရပ်အမောင်းတွင်သာ ကွာခြားသည်မဟုတ်၊ လူ၏ အချိုးအစားနှင့် အလေးချိန်တို့တွင် လည်း ကွာခြားသေးသည်။ ဤသို့ လူတစ်မျိုးနှင့်တစ်မျိုး အချိုး အစား မတူခြင်း၊ အလေးချိန် မမျှခြင်း၊ အရပ်အမောင်း မနှိုင်း သာခြင်းတို့မှာ၊ ဇာတိချက်ကြွေ ရပ်မြေဌာနများ၏ ရာသီဥတု အစားအသောက်နှင့် ပတ်ဝန်းကျင် အခြေအနေ စသည်တို့၏ ဖန်တီးမှု၊ လူတစ်ဦးစီ၏ ကျန်းမာရေးအခြေအနေ စသည်တို့ ကြောင့် ဖြစ်ရသည်ဟုဆိုသည်။

ကလေးများ ကြီးပြင်းလာရာတွင် ကိုယ်ခန္ဓာ အစိတ်အပိုင်း များ အဆင့်ဆင့် ပြောင်းလဲ တိုးတက်လာသည့် အမျှ၊ ထို အစိတ်အပိုင်းများကို သူတို့ အသုံးချတတ်လာပုံတို့မှာ၊ ပမာ ဆိုသော် မျက်စိကို အသုံးချတတ်လာပုံ၊ ခြေလက်ဦးခေါင်း စသည်တို့ကို အသုံးချတတ်လာပုံတို့မှာ၊ အထူး စိတ်ဝင်စားဖွယ် ကောင်းပေသည်။ မွေးစကလေးသည် မည်သူမျှ သင်မပေးရဘဲ နှင့် နို့စို့တတ်၏။ မိခင်သည် သားငယ်ကို ရင်ခွင်၌ ပိုက်ကာ နို့ကို ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက်၊ ကလေးသည် သူ၏အာဟာရဖြစ်သော နို့ရည်ကို ကောင်းမွန်စွာ အားပါးတရစို့တတ်သည်။ တစ်လသားကလေးသည် သူ၏ စက္ခုအကြည်တည်းဟူသော မျက်စိအာရုံကို ခံစားရန်၊ အရောင် တောက်ပ၍ ကြီးမားသော အရာဝတ္ထုများကို စူးစိုက်၍ ကြည့် တတ်စ ပြုလာသည်။ နှစ်လလောက်ရှိသောအခါ၊ ရွေ့လျား နေသော အရာဝတ္ထုများကို ရွေ့လျားရာဖက်သို့လိုက်၍၊ သူ၏ မျက်လုံးကလေးနှင့်တကွ ဦးခေါင်းကိုပါ စောင်းငဲ့၍ လှည့်ကာ ပတ်ကာ ကြည့်တတ်လာ၏။ ကလေးသည် သူ့ကိုယ်အင်္ဂါ ကလေးများကို မည်ကဲ့သို့ အသုံးချရမည်ကို သူ့ဘာသာ တစ တစစမ်း၍ သင်နေခြင်းပင်ဖြစ်လေသည်။

ကလေးသည် မွေးခါစ၌ လက်များရှိသော်လည်း ကိုင်ရ ကောင်းမှန်း မသိပေ။ သို့သော် လက်ဖဝါးပေါ်သို့ အရာဝတ္ထု တစ်ခုခု ချပေးလိုက်လျှင် လက်ချောင်းကလေးများဖြင့် ဆုပ် ထားတတ်၏။ နောက် တဖြည်းဖြည်း သူသည် လက်ကို အသုံးချတတ်လာပြီးလျှင်၊ မျက်စိဖြင့် မြင်နေသော အရာဝတ္ထု များကို သူ့လက်ဖြင့် ဆွဲယူ ကိုင်တွယ်တတ်လာသည်။ ထိုနောက် ခြေထောက်ကလေးကို မည်ကဲ့သို့လှုပ်ရှားရမည်ကို စမ်းကြည့်ပြန်၏။ ငါးလသားကလေးတယောက်ကို ခြေများ ထောက်နေအောင် ချီထားလျှင်၊ သူသည် ခြေများကို တစ်ဖက် ပြီးတစ်ဖက် ရွေ့လျားလှုပ်ကန်ကြည့်တတ်သည်။ လူကြီးများ လမ်းလျှောက်လျှင် ဘယ်ခြေပြီးမှ ညာခြေလှမ်း၊ ညာခြေပြီးမှ ဘယ်ခြေလှမ်းသကဲ့သို့၊ ကလေးသည် အစဦးစွာ လှုပ်ရှား ကတည်းက ခြေထောက်ကို တစ်ဖက်ပြီးမှတစ်ဖက် လွှဲ၍ လှုပ် တတ်၏။ တစ်ခါတစ်ရံ ကန်လေ့ရှိ၏။ ခြေထောက်များကို လှုပ်တတ်လာသောအခါ၊ ကိုယ်ကို လှုပ်ရှားတတ်အောင် တစ်ဆင့်တက်၍ လေ့ကျင့်ပြန်၏။ သာမန်အားဖြင့် ကလေး သည် ရှစ်လသားသာသာတွင် လေးဖက်တွားစပြုသည်။ အစ တွင် ဝမ်းလျားမှောက်ကာ ကြမ်းပြင်ပေါ်၌ အားယူပြီးလျှင်၊ အရှေ့သို့ တိုး၍တိုး၍ သွားကြည့်၏။ နောက်မှကိုယ်ကို ကြမ်း က ခွာကာ လေးဖက်ထောက်၍ သွားသည်။ အချို့ကလေးများ ကမူ ဖင်ရွှေ့ကာ ရွှေ့ကာနှင့်သာ သွားတတ်၏။ ဝမ်းလျားထိုး တတ်၊ ထိုင်တတ်၊ လေးဖက်တွားတတ်ပြီးသော် မတ်တတ် ရပ် နိုင်ရန် လေ့ကျင့်ပြန်၏။ မတ်တပ်ရပ်သင်နေသော ကလေးသည် ပထမတွင် လက်ရန်းကိုဖြစ်စေ၊ ကုလားထိုင်စားပွဲစသော သူတို့ မှီတန်သလောက် အားပြုစရာပစ္စည်း တစ်ခုခုကိုဖြစ်စေ၊ လက် ဖြင့် ဖေးမကိုင်တွယ်ယင်း ခြေကိုတစ်လှမ်းချင်း စမ်း၍လှျောက် ကြည့်၏။ ကလေးသည် သူ့ကိုယ်သူ အတော်ဟန်နိုင်မှသာ လက်လွှတ်ကာ စွန့်စွန့်စားစား အကူအညီမပါဘဲ စမ်း၍ လျှောက် တော့သည်။ လမ်းလျှောက်စအရွယ်တွင် မိခင်၏ ကြည့်ရှုစောင့်ရှောက်ပြုစုမှု များစွာလို၏။ ခြေထောက်များ လမ်း လျှောက်သောအခါ ခွင်မနေအောင်၊ ခြေကို အချက်ကျကျ လှမ်း တတ်အောင်၊ ခြေဖည်ယမ်း မဖြစ်ရအောင်၊ မိခင်က သွန်သင် ပြုပြင်ပေးသင့်၏။ လမ်းလျှောက်တတ်ပြီးသော ကလေးသည် သူ၏အခက်အခဲများကို ကျော်လွန်နိုင်ခဲ့ပြီဖြစ်၍၊ ဝမ်းသာ အားရနှင့် ဟိုမှသည်မှ အမြဲပြေးလွှား၍သာ နေလိုပေသည်။ လမ်းလျှောက်တတ်ခဲ့လျှင် ပြေးတတ်ရန် မခဲယဉ်းတော့ပေ။ ကိုယ်ခန္ဓာအတွင်းရှိ လှုပ်ရှားမှုဆိုင်ရာ အကြော ကြွက်သား စသည်တို့မှာ ကျင့်သားရသွားပြီဖြစ်သောကြောင့်၊ စိတ်အာရုံ မစူးစိုက်ရတော့ဘဲ အလိုအလျောက် စနစ်တကျ လှုပ်ရှားနိုင် လာသည်။ အများအားဖြင့် အခါလည်လျှင် ကလေးသည် ကောင်းစွာ လမ်းလျှောက်တတ်၏။ အချို့ကလေးများသည် ၁၄ လ ၁၈ လလောက်မှ ကောင်းစွာ လျှောက်တတ်၏။ ကလေးများသည် နောက်တစ်ဆင့်တက်၍ စကားပြောတတ် အောင် အသံထွက်တတ်အောင် ကြိုးစား ရပြန်သည်။ ကလေး သည် မွေးလျှင်မွေးခြင်း အသံပြုတတ်သည်။ သို့သော် အော်၍ ငိုသည်မှအပ၊ သူ့မှာ အခြားမည်သို့မျှ အသံထွက်အောင် ပြုလုပ်နိုင်ခြင်း မရှိသေးချေ။ တစ်ခါတစ်ရံ ဝူးဝါးနှင့်အသံ ပြုတတ်၏။ တစ်နှစ်သားလောက် ရှိသွားသောအခါ သူသည် လူ့လောကသို့ ရောက်သည်မှာ အတော်ကြာသွားပြီဖြစ်သော ကြောင့်၊ လူတို့ ပြုသမျှ ပြောသမျှတို့ကို အာရုံငါးပါးဖြင့် ခံစား ရ၍ အတုခိုးလိုစိတ်များ ပေါ်လာ၏။ မိခင်နှင့်တကွ ပတ်ဝန်း ကျင်ရှိ လူများ စကားပြောသံကို သူသည် နေ့စဉ်ကြားနေရာ၊ နားရည်ဝလာသောကြောင့် ထိုကဲ့သို့သော အသံမျိုးကို သူ ကိုယ်တိုင် ထွက်တတ်ချင်လာသည်။ သူသည် အသံကို ဖမ်း တတ်လာသောကြောင့်၊ သူ့ကို မြှူချော့နေလျှင် ဤအသံသည် သူ့အား ပျော်ရွှင်မှုကို ဖန်တီးပေးကြောင်း သူနားလည်သဖြင့် ပြုံးရွှင်ရယ်မော၏။ ချောက်လှန့်ငေါက်ငန်းလျှင် သူသည် အသံကို ကျက်မိပြီဖြစ်သောကြောင့် မဲ့ရွဲ့ကာ ငိုရန်ပြင်၏။ တစ်ခါတစ်ရံ အကယ်ပင် ငိုသည်။ ဤသို့ အသံအကြောင်း ကောင်းစွာ သိတတ်လာသော အရွယ်တွင် ကလေးသည် စကား စတင်၍ ပြောရန် ကြိုးစား၏။ ကလေးသည် အစပထမတွင် ရိုးရိုး အာခေါင်သံနှင့် တစ်လုံးချင်းအသံများကိုသာ ပြုတတ်၏။ နောက်မှ အဓိပ္ပါယ်မပေါက်သေးသော နှစ်လုံးဆက်၊ သုံးလုံး ဆက်အသံများကို အတုခိုး၍ မပီကလာ ပီကလာနှင့် ပြောတတ် လာသည်။

ကလေးသည် အသံကိုမှန်း၍ တစ်လုံးစနှစ်လုံးစ စမ်းပြော ကြည့်ခြင်းဖြစ်၏။ ကလေးများသည် အလွန် အတုခိုးကောင်း သည်။ လူကြီးက ပြောလိုက်သော အသံကိုမှတ်၍ ထိုအသံကို ထပ်တလဲလဲပြုခြင်းဖြင့် ကလေးသည် စကားလုံးများကို ပြော တတ်လာသည်။ စကား မတတ်တတတ် အရွယ်တွင် ကလေး သည် သူအလိုရှိသော ပစ္စည်းများကို ရယူလို၍ဖြစ်စေ၊ သူပြုခဲ့ ပြီးသော အမူအရာကိုပြလို၍ဖြစ်စေ၊ အိုးတိုးအတနှင့် စကား ပြောလေ့ရှိ၏။ အသက် တဖြည်းဖြည်း ကြီးလာသောအခါ၊ ကလေးသည် အရာဝတ္ထုများတွင် အမည် အသီးသီးရှိသည်ကို ရိပ်မိလာသဖြင့် ဒါဘာလဲ၊ ဟိုဟာဘာလဲ စသည်ဖြင့် မေးစမ်း တတ်လာ၏။ ဤနည်းဖြင့် နှစ်ခါလည်လောက်တွင် ကလေး သည် စကားကို နှစ်လုံးဆက် သုံးလုံးဆက် ပြောတတ်လာကာ၊ သုံးနှစ်ခွဲလောက်တွင် ကောင်းကောင်း စကားတတ်လာ၍၊ လွယ်ကူသည့်စကားလုံးများဖြင့် သူလိုချင် ပြောချင်သမျှကို မေး တတ်လာသည်။ ၃ နှစ်နှင့် ၄ နှစ်ကြား ကလေးများသည် အလွန်စကား တတ်လွယ်၍၊ထိုအရွယ်၌ သင်ပေးသမျှ ကြား သမျှ ဝေါဟာရစကားလုံးများကိုလည်း သူနားလည်လွယ်၏။ ၅ နှစ်သားအရွယ် ကျောင်းပို့ချိန်သို့ ရောက်သောအခါ၊ ကလေးမှာ အတိုင်းထက်အလွန် စကားကြွယ်နေပြီ ဖြစ်သည်။

စကားတတ်လာသော ကလေး၏ အသိဉာဏ် အခြေအနေ သည် တဖြည်းဖြည်း တိုးတက်လာ၏။ အထူးသဖြင့် အသက် ၅ နှစ်မှ ၁၆နှစ်အထိ အချိန်အတွင်းတွင်သာ ကလေးများ၏ အသိဉာဏ်သည် တိုးတက်ဖွံ့ဖြိုးသည်။ ထိုအသိဉာဏ်သည် တိုးတက်ဖွံ့ဖြိုးသည်။ ထိုအသက်မှ ကျော်လွန် အသိဉာဏ်သည် တိုးတက်ဖွံ့ဖြိုးသည်။ ထို သွားသော် ကိုယ်ကာယ ဖွံ့ဖြိုးခြင်း ဖြည်းနှေးသွားသကဲ့သို့၊ အသိဉာဏ် တိုးတက်မှုသည်လည်း နှေးကန်သွား၏။ သို့သော် ဗဟုသုတ၊ အလိမ္မာ၊ စဉ်းစားဆင်ခြင်မှု စသည်တို့ကား တိုးတက်လာသည်။

စိတ်တိုးတက်ရင့်သန်လာပုံ[ပြင်ဆင်ရန်]

နို့စို့အရွယ်ကလေးသည် သူ၏ကိုယ်မှလွဲလျှင် ပတ်ဝန်းကျင် လောကကို အနည်းငယ်မျှ စိတ်မဝင်စားသောကြောင့်၊ သူ့ကိုယ်ကိုပင်သူ အမျိုးမျိုး လှုပ်ရှားကစားနေတတ်၏။ လက် ကလေးများဖြင့် ခေါင်းကုတ် ခြင်း၊ နဖူးကိုခြစ်ခြင်း၊ ခြေမဖျား ကလေးကို ပါးစပ်ထဲသို့ ထိုးသွင်းခြင်း စသည်ဖြင့်၊ သူ့ကိုယ် ခန္ဓာ အစိတ်အပိုင်းကိုသာ သူအသုံးချ၍ စိတ်ပျော်ရွှင်မှုကို ဖန်တီးရ၏။ အနည်းငယ် ကြီးပြင်းလာသော် သူ့စိတ်သည် ပတ်ဝန်းကျင်သို့ အာရုံပြောင်းသွားသောကြောင့်၊ သူ့အနီးအနား ရှိ အရာဝတ္ထုတို့ကို ကိုယ်တွယ် ကြည့်ခြင်း၊ သူမမြင်ဘူးသေးသူ များကို စူးစူးစိုက်စိုက် စိတ်ဝင်စားစွာ ကြည့်ခြင်း၊ မြင်သမျှ အရာများကို စပ်စပ်စုစု မေးမြန်းခြင်းစသည်တို့တွင် စိတ် ထက်သန်လာ၏။ ၄ နှစ် ၅နှစ်သား ကလေး၏စိတ်တွင် ကိုယ် နှင့်သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ၊ အလွန် သိချင်သော အာသာများ ရှိနေတတ်သည်။ ဤအရွယ်၌ ကလေးများသည် သူတို့အလိုမပြည့်မခြင်း လူ ကြီးများကို နားပူနားဆာပြုကာ မေးမြန်း တတ်၏။ ကစားစရာ မီးရထားတွဲဖြစ်စေ၊ မော်တော်ကား ဖြစ်စေ၊ ဝယ်ပေးထားသော် သူတို့၏ သိချင်စိတ်ဇောကြောင့် ထိုပစ္စည်းကလေးများကို ဖျက်ဆီးပစ်တတ်၏။ တစ်ခါတစ်ရံ ကစားစရာ အစအန များကို ကောက်ယူ၍ သူတို့ကိုယ်တိုင် အိမ်ကလေးသဖွယ် ဆောက်လုပ်ခြင်း၊ သင်္ဘောသဖွယ်ပြု၍ ရေစီးကြောင်းများ၌ မှောက်ကာ ကစားခြင်း စသည်ဖြင့်၊ ပတ်ဝန်းကျင်တွင် မြင်ဘူး သည့်အရာများနှင့်မတူ တူအောင် သရုပ်ဆောင်၍ ကစား လေ့ရှိသည်။ ဤအရွယ် ကလေးများ၏ စိတ်၌ သဏ္ဌာန်လုပ် သရုပ်ပေါ်လွယ်၏။ မဟုတ်မဟတ်ကို တကယ်ထင်တတ်၏။ တစ်ခါတစ်ရံ မြင်းစီးလာသူကိုတွေ့က၊ အိမ်၌ရှိသော တံမြက် စည်းကို ခွစီးကာ ခုန်ပေါက်ပြေးလွှားခြင်းဖြင့်၊ သူတို့ကိုယ် သူတို့ တကယ် မြင်းကြီးစီးနေရသကဲ့သို့ စိတ်ထဲ၌ အလွန် ကျေနပ်နေတတ်သည်။ တစ်ယောက်နှင့်တစ်ယောက် ခါးကို ဖက်၍ မီးရထားတွဲသဖွယ် စီတန်း ဆွဲသွားရလှျင် အကယ်ပင် မီးရထားတွဲဟု စိတ်ထဲ၌ ထင်တတ်ကြ၏။ ထို့ကြောင့် သူတို့ ကို ဒဏ္ဍာရီပုံပြင် များ ပြောပြသောအခါ၊ သူတို့စိတ်ထဲ၌ ပုံထဲတွင်ပါသော အဖြစ်အပျက်များကို တကယ့်အဖြစ်အပျက် များဟု ထင်နေတတ်ပြီးလျှင်၊ ထိုပုံကို သဘောကျက ထပ်တ လဲလဲသာ ကြားလိုကြ၏။ ဤအရွယ်သည် အလွန်အတုခိုးတတ်သော အရွယ်ဖြစ်၏။ လူကြီးများ ပြုမှုလုပ်ကိုင်သည်ကိုကြည့်၍၊ သူတို့ကလေး အချင်းချင်း လူကြီးများလုပ်သကဲ့သို့ အတုခိုးကာ လုပ်တတ်ကြ ၏။ ကစားစရာ ပစ္စည်းကလေးများကို စက္ကူကတ်ပြားများဖြင့် သူတို့၏ ထက်မြက်သောဉာဏ်စွမ်းဖြင့် အတုယူကာ မတူ တူအောင် လိုက်လုပ်နိုင်ကြ၏။ အသက် ၆နှစ်မှ ၁ဝ နှစ် ၁၁ နှစ်ကြားရှိ ကလေးများ၏ အာရုံ ငါးပါးသည် အလွန်ထက်သန် နေသောကြောင့်၊ သူတို့သည် လူကြီးများထက် ကွဲပြားစွာ မြင် တတ်၏။ နားဖြင့် အသံကို ခွဲခြားတတ်လာ၏။ နှာခေါင်း၊ လျှာ၊ ကိုယ်အတွေ့ စသည်တို့၌လည်း အာရုံကို ကောင်းစွာ ခံစားတတ်လာသည်။ စိတ်၏ လှုပ်ရှားမှုများ ဤအသက်အရွယ် တွင် ပေါ်လာတတ်၏။ ကျောင်းသို့ရောက်ပြီ ဖြစ်သောကြောင့်၊ သူတို့သည် ငယ်ရွယ်စဉ်ကကဲ့သို့ မိဖ နားကပ်၍ ပွတ်သီး ပွတ်သပ် မနေလိုတော့ချေ။ သူငယ်ချင်း အပေါင်းအဖေါ်များ နှင့်သာ ကစားနေလို၏။ ပြိုင်ဆိုင်လိုစိတ်၊ အတုခိုးလိုစိတ်များ ဖြစ်ပေါ်လာ၏။ မိမိကိုယ်တိုင်လုပ်ထားသော အရာများကို ပြစားလိုစိတ်ရှိလာပြီးလျှင် ကိုယ့်ကိုယ်ကို အားကိုးယုံကြည် တတ်လာသည်။ သူတို့ကို ချီးမွမ်းလိုက်လျှင်လည်း အလွန် ကျေနပ်၍၊ ဆတက်ထမ်းပိုး တိုး၍ ကောင်းအောင် လုပ်တတ် ၏။ သူတို့ကို ချောက်လှန့်လျှင်လည်း ကြောက်ရွံ့တတ်သည်။ ထိုကြောင့် ဤအရွယ် ကလေးများကို လိမ်မာရေးခြားရှိလာ အောင်၊ အခါအားလျော်စွာ ကြိမ်ပြ၍ ချောက်တန်ချောက်၊ ဆုပြ၍ မြှောက်တန်မြှောက်ရသည်။ ကလေးတို့၏မှတ်ဉာဏ်အကောင်းဆုံးအရွယ်သည် ၆ နှစ်မှ ၁၆ နှစ်ကြားဖြစ်၍၊ သူတို့၏တစ်သက်တာတွင် အသုံးကျမည့် ပညာရပ်များကို ထိုအချိန်အတွင်း အားတိုက်ခွန်တိုက် သင် ကြား ပေးနိုင်ပေသည်။ သူတို့ ဦးနှောက်သည် မည်သည်ကိုမဆို ကာလကြာအောင် မှတ်မိနိုင်သည်။ အသက်ကြီးလာသည့်အခါ ထိုစွမ်းရည်သည် နည်းပါးသွားတတ်၏။ ၅ နှစ်သား အရွယ်က ဒဏ္ဍာရီပုံပြင်များကို နှစ်သက်ယုံကြည် သလောက် ယခု အရွယ်တွင် ထိုပုံပြင်များကို မနှစ်ခြိုက်တော့ချေ။ သူတို့၌ စဉ်းစားဉာဏ်ကလေး ဝင်လာပြီ ဖြစ်သောကြောင့် ပြောတိုင်း မယုံတော့ချေ။ တကယ့်အဖြစ်အပျက်များကိုသာ ကြားလိုကြ၏။ တကယ် အသုံးချနိုင်သည့် အရာဝတ္ထုပစ္စည်းများကိုသာ ကိုင် တွယ်လို၏။ မည်သည်ကိုမဆို လေ့ကျင့်လိုက်လျှင် အလွန် ရလွယ် မှတ်မိလွယ်သော အချိန်ဖြစ်သဖြင့်၊ ဤအရွယ်တွင် အကျင့်ကောင်းများ စွဲသွားအောင် ပြုပြင် သွန်သင်ပေးရန် အထူးပင် လိုအပ်သည်။ မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ ဆိုသကဲ့သို့ သူတို့ကို လူလိမ္မာကလေးများ လူရည်ခွျန် ကလေး များ ဖြစ်လာနိုင်စေရန် ပတ်ဝန်းကျင် အခြေအနေကောင်းများ နှင့် နီးစပ်အောင် ဖန်တီးပေးရပေမည်။ သူတို့၏ စိတ်သည် နုနယ်နေ၍ ပြောင်းလဲလွယ်သဖြင့် ဆွယ်သည့်ဖက်ကို ပါနိုင် လေရာ၊ ကောင်းရာလမ်းကိုဆွယ်ရန် ကြိုးစားရမည်။ ဥဒါဟရုဏ်၊ သူတို့သည် အသင်းအပင်းဖွဲ့၍ မိတ်ဆွေများနှင့် အတူ သွား အတူလာ နေလိုသောစိတ် ရှိတတ်သဖြင့်၊ ကျောင်းနေစဉ် ကပင် ကင်းထောက် အဖွဲ့၊ ကင်းထောက်မယ် အဖွဲ့တို့ကို စနစ်တကျ ဖွဲ့စည်းပေးခဲ့ပါမူ၊ နောင်ကြီးပြင်းသော အခါ၊ အသင်းအပင်း သမဝါယမလုပ်ငန်း စသည်တို့၌ ဝါသနာ ပါ သွားပေမည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)