ကလိုးဗစ်ဘုရင်
ကလိုးဗစ်ဘုရင် (ခရစ် ၄၆၆-၅၁၁) သည် ဖရန့်လူမျိုးများ၏ မျိုးတူစု တစ်စုဖြစ်သော ဆေးလယန်းဖရန့် တို့၏ အကြီးအကဲဖြစ်သူ ချီလဒါရစ်ဘုရင်၏ သားတော် ဖြစ်သည်။[၁]ခရစ်နှစ် ၄၈၁ ခုနှစ်တွင် ခမည်းတော်၏ အရိုက်အရာကို ဆက်ခံသောအခါ အသက် ၁၅ နှစ်မျှသာ ရှိသေး၏။ ထိုစဉ်က ဖရန့်ဘုရင်များသည် မျိုးတူစုများ၏ အကြီးအကဲများသာ ဖြစ်ကြ၍ ကလိုးဗစ်မှာ ထိုဖရန့်ဘုရင်အများတွင် တစ်ပါး အပါအဝင် ဖြစ်သည်။ ၄၈၆ ခုနှစ်တွင် ကလိုးဗစ်သည် ဆွားဆွန်း အနီးတိုက်ပွဲ၌ ရောမတို့ကို အောင်နိုင်လိုက်သဖြင့် စိန့်မြစ်ဝှမ်း ကို စိုးမိုးရလေသည်။
ခရစ်နှစ် ၄၉၃ ခုနှစ်တွင် ကလိုးဗစ်သည် ကလိုတီးလဒါး အမည်ရှိ ဗါဂန်ဒီမင်းသမီးကို မိဖုရားမြှောက်သည်။ ကလိုတီးလဒါးမှာ ခရစ်ယန်ဖြစ်သည့်အလျောက် ဘုရင်ကြီးအား ခရစ်ယန် အယူဝါဒသို့ ကူးပြောင်းရန် မကြာခဏ တိုက်တွန်းခဲ့၏။ ကလိုးဗစ်သည် သူ၏သားတော် သမီးတော်များအား ရေနှစ်မင်္ဂလာ ခံယူစေခဲ့သော်လည်း သူကိုယ်တိုင်မှာမူ ဂျာမန် အနွယ် အယ်လမန်းနိုင် လူမျိုးတို့အား တိုက်ခိုက်အောင်မြင်ခဲ့ပြီးသည့်နောက်မှ ခရစ်ယန်ဖြစ်လာခဲ့လေသည်။
ကလိုးဗစ်ဘုရင်သည် ဘုန်းလက်ရုံးနှင့် ပြည့်စုံသောဘုရင် ဖြစ်သည့်အလျောက်၊ အကွဲကွဲအပြားပြား ဖြစ်နေသော ဖရန့် နိုင်ငံကို တစည်းတလုံးတည်း ဖြစ်စေခဲ့သည်သာမက၊ မြောက် ဘက်နှင့်အရှေ့ဘက်တွင် ရိုင်းမြစ်မှ တောင်ဘက်ပီးရနီး တောင်တန်း အထိ ကျယ်ပြန့်သောနိုင်ငံကို တည်ထောင်ခဲ့သည်။ ကလိုးဗစ်ဘုရင် တည်ထောင်ခဲ့သောနိုင်ငံမှာ နောင်အခါတွင် ပြင်သစ်နိုင်ငံ ဖြစ်လာရာ၊ပါရစ်မြို့မှာ ထိုစဉ်ကပင် မြို့တော်ဖြစ်ခဲ့ပေသည်။[၂]
ကလိုးဗစ်ဘုရင်သည် ခရစ်နှစ် ၅၁၁ ခုနှစ်တွင် နတ်ရွာစံခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Nederlandse Voornamenbank, Lodewijk, Royal Netherlands Academy of Arts and Sciences, Meertens Institute.
- ↑ Mathisen၊ Ralph W. (2012)။ "Clovis, Anastasius, and Political Status in 508 C.E.: The Frankish Aftermath of the Battle of Vouillé"။ in Mathisen၊ Ralph W.; Shanzer၊ Danuta (eds.)။ The Battle of Vouillé, 507 CE: Where France Began။ De Gruyter။ pp. 79–110။ doi:10.1515/9781614510994.79။ ISBN 978-1-61451-099-4။