ကလတက်

ဝီကီပီးဒီးယား မှ

ကလတက် ဆိုသောစကားသည် မူလ၌ အောက် မြန်မာပြည်သုံး စကားမျှ ဖြစ်လေသည်။ အထက် မြန်မာပြည်၌သော် "အုန်းမောင်း" ဆိုသော စကားကို ရှေး၌ သုံးလေ့ရှိသည်။ သို့ရာတွင် အထက် မြန်မာပြည်ကို အင်္ဂလိပ်မင်းများ သိမ်းပိုက်လိုက်သောအခါ၊ အထက်မြန်မာပြည်သို့ ကလတက် ဆိုသောစကားသည် ပြန့်နှံ့လွှမ်းမိုးလာပြီးလျှင် အုန်းမောင်း ဆို သော စကား တိမ်မြုပ်ပျောက်ကွယ်သွားလေသည်။ ထို့ကြောင့် မန္တလေးမြို့ ဝိသုဒ္ဓါရုံတိုက် အဂ္ဂမဟာပဏ္ဍိတဘွဲ့ခံ စည်ရှည် ဆရာတော်ဘုရား အမှတ်အသား တစ်ခုတွင် တွေ့ရသည်မှာ –

"ကံ မကောင်း အုန်းမောင်း ကလတက်ဖြစ် (စကားပုံ)။ ။ "အုန်း မောင်း" ဟူသည် "တောင် တောင် တလောင်တောင်, နောင်ဖု၊ ဒူနောင်ဖူး တောင်ပုနေရာ ဆီးခြုံမှာ၊ တောင်ရာခုတ်တုန်း, ရာလုပ်တုန်း။ ပြောင်းဖူးဖုတ်တုန်း, မီးမှတ်တုန်း" ဟူသော အုန်းမောင်း သီချင်းကို ဆို၍၊ တုတ်တို့နှင့် တီးခေါက်လျက်၊ ငှက်ခြောက်ရသော ဝါးပိုး နှစ်ဖက်ပိတ် အခေါင်းပေါက်တည်း။ ကုလားတက်လာသောအခါ၊ ဟိုမှာ သည်မှာ ကင်းစောင့်လျင်း တီးခေါက်ကြ၍ "ကုလားတက်" ဖြစ်သွားသည်။ မြန်မာများ ကံ မကောင်းသောကြောင့်တည်း။”

ဤ မှတ်သားချက်တွင် ကလတက်လည်း ခေါ် အုန်းမောင်းကို ရှေးအခါ၌ ငှက်ခြောက်ရာ၌ အသုံးပြုသည် ဆိုသောစကားကို သတိ ပြုအပ်လေသည်။ မြန်မာပြည် အချို့အရပ်တို့တွင် ယခုတိုင် ကလတက်ကို လယ်ပြင်, ရာပြင်, ဥယျာဉ်တို့တွင် ငှက်ခြောက်ရန် အသုံးပြုလျက် ရှိလေသေးသည်။ ကုလား တက်လာသောအခါ ကင်းစောင့်လျင်း တီးခေါက်ကြ၍ “"ကုလားတက်" ဖြစ်သွားသည် ဆိုသောစကားမှာ၊ ကလတက်နှင့် ကုလားတက် အသံချင်း တူညီ ရောထွေး သွားသဖြင့်။ တစ်မျိုးတမည် တွေးထင် ယူဆခြင်း မျှ ဖြစ်သည်။

ကလတက်သည် မွန် စကားဖြစ်လေသည်။ မွန့်ဘာသာတွင် “ကလး” (“ကလား” ဟု ဖတ်)၏ အနက် “ခြောက်၊ လှန့်၊ မောင်းနှင်၊ ရှင်းလင်း ဖြစ်၍၊ “တက်”၏ အနက် “တီး၊ ခေါက်၊ ရိုက်၊ နှက်” ဖြစ်လေသည်။ ထို့ကြောင့် ကလတက် ဟူသော စကားတစ်ခုလုံး၏အနက် ခြောက်လှန့် မောင်းနှင် ရှင်းလင်းရန် တီးခေါက် ရိုက်နှက်စရာ၊ ဝါ၊ ကျေးငှက် တိရစ္ဆာန်များကို လယ်ရာဥယျာဉ်တွင်းရှိ အသီးအပင်များမှ ခြောက်လှန့် မောင်းနှင် ရှင်းလင်းရန် တီးခေါက် ရိုက်နှက် စရာ အခေါင်းပါသော တုံးတို, ဝါးတို ဟူ၏။ အထက်၌ ဖေါ်ပြခဲ့သော စည်ရှည် ဆရာတော်ဖုရား၏ အမှတ်အသားတွင် အုန်းမောင်း၏ အသုံးနှင့်၊ မွန်ဘာသာ ကလတက်၏ အနက် တို့မှာ ထပ်တူကျလျက်ရှိရာ ကလတက်နှင့် အုန်းမောင်းတို့သည် အခေါ်ပင်ကွဲသော်လည်း အသုံးချင်းတူသော ဝတ္ထုတစ်ခုတည်း ဖြစ်ကြောင်း ပေါ်ထွက်ချေ၏။

အုန်းမောင်း၏ အနက်ကိုဆင်ခြင်သော် "အုန်း"၏ အနက် "မိုးရွာ ထစ်အုန်း၊ အုန်းငြာခြိမ့်သဲ၊ အုန်းညံခြိမ့်ကြွေး၊ အုန်း အုန်း အင်း အင်း" စသည်တို့၌ "မြည်သံ၊ ဟိန်းသံ၊ မြည်သည်၊ ဟိန်းသည်" ဟု ရ၍၊ "မောင်း"၏ အနက် "ကြိမ်းမောင်း၊ ခြိမ်းမောင်း၊ တီးယွန်း ခြိမ့်မောင်း၊ မောင်းမဲ၊ မောင်းနှင်' စသည်တို့၌ "အော်သည်၊ မြည်သည်၊ အော်သံ၊ မြည်သံ၊ အော်မြည်၍ နှင်သည်၊ အော်မြည်၍ ခြောက်လှန့်သည်" ဟု ရ၏၊ တီးသည့် "မောင်း"ကိုလည်း "မြည်"သောကြောင့် ဤသို့ ခေါ်သည် ဟု ယူရာ၏။ ထို့ကြောင့် အုန်းမောင်း ဟူသော စကား တစ်ခုလုံး၏ အနက်မှာ "မြည်ဟိန်းသည့် အရာ၊ မြည်ဟိန်းသည့် တီးစရာ၊" ဟူ၍ ပေါ်ထွက်ချေ၏။

အုန်းမောင်းလည်း ခေါ် ကလတက်၏ အသုံးမှာ မူလ၌ လယ်ပြင်၊ ရာ ပြင်၊ ဥယျာဉ်တို့တွင် ကျေးငှက် တိရစ္ဆာန်များကို ခြောက်လှန့် မောင်းနှင်ရန် ဖြစ်၍၊ နောင်မှ ဆွမ်းချက်ချိန်၊ ဆွမ်းစားချိန်တို့ကို၎င်း၊ ကင်းစောင့်ရာ၌ လူဆိုးများ လာသည်ကို၎င်း၊ အချက်ပေးရန်တို့သို့ တိုးချဲ့သွားသည် ဟု ထင်ဖွယ် ရှိ၏။

ကလတက်ကို မြန်မာပြည် အချို့အရပ်တို့တွင် "တုံး" ဟူ၍၎င်း၊ "တုံးကြီး" ဟူ၍၎င်း ခေါ်ကြပေသေးသည်။ "က္လတက်" ဟု "က" နှင့် "လ"ကို ဆင့် ဤလည်း အချို့ ရေးတတ်၏။ က ကြီး လ ပေါ်တက် ကလတက် ဟူ၍လည်း သူငယ်တို့ ပြက်ရယ်ပြု၍ ဆိုတတ်ကြပေသေးသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးဖိုးလတ် (၁၉၆၂)။ မြန်မာစကားအဖွင့်ကျမ်း (ပထမတွဲ)

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]