ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ (နေပြည်တော်)

ဝီကီပီးဒီးယား မှ

ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာသည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ မြတ်မင်္ဂလာလမ်းနှင့် ရွှေကြာပင်လမ်းထောင့်၌ အကျယ်အဝန်း ၃၃.၈၇ ဧကပေါ်တွင် တည်ရှိသည်။ စစ်သည်တော်များ တိုင်းပြည်နှင့် လူမျိုးအတွက် ကျရာတာဝန်ကို ရွပ်ရွပ်ချွံချွံစွန့်စွန့် စားစား နောက်ဆံမတင်းဘဲ ထမ်းဆောင်နိုင်ရန်နှင့် နှစ်ပေါင်းများစွာ နိုင်ငံတော်နှင့်တပ်မတော်အတွက် သက်စွန့်ကြိုးပမ်း တာဝန်ထမ်း ဆောင်ခဲ့ကြသည့် စစ်သည်တော်များ၊ ကျဆုံးစစ်သည်နှင့် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသည့် စစ်သည်တော်များ၏ မိသားစုများ အတွက် ရည်ရွယ်ပြီးတည်ဆောက်ထားခြင်း ဖြစ်သည်။ ဦးဆောင်သူမှာ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်(ငြိမ်း) ဖြစ်သည်။ ရိပ်သာ၏ဆောင်ပုဒ်မှာ စွန့်လွှတ်စွန့်စားသူတို့၏ ကွန်းခိုရာ ဖြစ်သည်။

အမှတ်တံဆိပ် အဓိပ္ပာယ်ဖော်ပြချက်[ပြင်ဆင်ရန်]

အထိမ်းအမှတ် တံဆိပ်သည် သပြေခက်၊ ရေစက်ချခွက်၊ နှလုံးနှင့် ကြက်ခြေနီတို့ ပါရှိပြီး အနီရောင်၊ အပြာရောင်၊ အဝါရောင်၊ အစိမ်းရောင်တို့ဖြင့် ရေးဆွဲထားသည်။ သပြေခက်သည် အောင်မြင်ခြင်း၊ ရေစက်ချခွက်သည် လှူဒါန်းခြင်းနှင့် ပေးကမ်းစွန့်ကြဲခြင်းအတွက် ကြည်လင်အေးမြစွာ အမျှဝေကောင်းမှု ကုသိုလ်ပြုလုပ်ခြင်း၊ နှလုံးသည် ကြင်နာသနားခြင်းနှင့် အသက်ရှည်ခြင်း၊ ကြက်ခြေနီသည် ပြုစုစောင့်ရှောက်ခြင်းနှင့် ဖေးမကူညီခြင်း အထိမ်းအမှတ်အဖြစ် အဓိပ္ပာယ် ဖွင့်ဆိုသည်။ အနီရောင်သည် ရဲရင့်ပြတ်သားခြင်းနှင့် စွန့်လွှတ်စွန့်စားခြင်း၊ အပြာရောင်သည် တည်ငြိမ်ခြင်း၊ သစ္စာရှိခြင်း၊ တည်ကြည်ဖြောင့်မတ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၊ အဝါရောင်သည် မြင့်မြတ်ခြင်းနှင့် ပေါကြွယ်ဝခြင်း၊ အစိမ်းရောင်သည် ငြိမ်းချမ်းခြင်းနှင့် ပြန်လည်မွေးဖွားခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။

ရိပ်သာ၏ ရည်ရွယ်ချက်[ပြင်ဆင်ရန်]

စစ်ဆင်ရေးတာဝန်များကို နှစ်ရှည်လများ ဆင်းရဲပင်ပန်းစွာ သက်စွန့်ကြိုးပမ်းထမ်းဆောင်ခဲ့ကြသည့် စစ်သည်နှင့် မိသားစုများဘဝရှေ့ရေး စိတ်အေးစေရန်နှင့် နောက်ဆံမတင်းဘဲ တိုင်းပြည်နှင့်လူမျိုး အတွက် ရွပ်ရွပ်ချွံချွံစွန့်စွန့်စားစား တိုက်ပွဲဝင်မည့် သူရဲကောင်းစစ်သည်များ တိုးပွားလာရန်ဖြစ်သည်။

တည်ဆောက်မှု မှတ်တမ်း[ပြင်ဆင်ရန်]

ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်(ငြိမ်း)သည် ၂ဝ၁၅ခုနှစ် မတ်လ ၂၇ ရက် (၇၁) ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်စဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံ၍ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ တည်ထောင်မည့် အစီအမံများ တင်ပြခဲ့သည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များနှင့် အရာရှိစစ်သည်များ၏ တစ်ဦးချင်း အလှူငွေများ၊ အငြိမ်းစားတပ်မတော် အရာရှိများ၊ စစ်သည်များ၏ တစ်ဦးချင်းအလှူငွေများ၊ နယ်ဘက်ဝန်ကြီးဌာနများ၏ အလှူငွေများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ အလှူငွေများဖြင့် မတည်ဆောင်ရွက်ခဲ့သည်။

၂ဝ၁၅−ခုနှစ်၊ စက်တင်ဘာလ ၂ရက်နေ့တွင် မြေသန့်မင်္ဂလာပြုလုပ်၍ စတင်ဆောင်ရွက်ခဲ့သည်။ တည်ဆောက်လျက်ရှိသည့် စေတီတော်တစ်ဆူအပြင် အဆောက်အအုံ ၃၇ လုံးဆောက်လုပ်ရန် လျာထားသည်။ အဆောက်အအုံ ၃၃လုံးကို တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ ဆောက်လုပ်ရေး ကုမ္ပဏီများ၊ ဝန်ကြီးဌာနများက လှူဒါန်းသည်။

၂ဝ၁၆−ခုနှစ်၊ ဩဂုတ်လ (၂၄)ရက်တွင် ဖွင့်လှစ်သည်။

ရိပ်သာတွင် အဘိုး ၁၈၀ ဦး၊ အဘွား ၁၂၀ ဦး၊ အဘိုးအဘွားစုံတွဲ ၃၆ တွဲ၊ ကျဆုံးဒဏ်ရာရစစ်သည်များ၏ မိသားစု ၃၆ စု၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ထားရသည့် စစ်သည်လူပျိုနှင့် ကျဆုံးစစ်သည်များ၏ ဇနီးများ လက်ခံမည်။

နေထိုင်ခွင့်ပြုမည် အရည်အချင်းနှင့် ကိုက်ညီမှု[ပြင်ဆင်ရန်]

  • (က)တပ်မတော်တွင် နှစ်ရှည်လများသက်စွန့် ကြိုးပမ်းတာဝန်ထမ်းဆောင်ခဲ့ကြသည့် ပင်စင်စား အငြိမ်းစား အသက် ၆၀ ကျော် စစ်သည်တော်ကြီးများ။
  • (ခ)ပင်စင်ခံစားနေသော စစ်သည်တော်ကြီး များ၏ အသက် ၆၀ ကျော် တရားဝင်ဇနီးများ။
  • (ဂ)ကျဆုံးစစ်သည်များ၏ ဇနီးများနှင့် ၎င်းတို့၏ မိသားစုဝင် လူမမည်ကလေးများ။
  • (ဃ)စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော မသန်စွမ်း စစ်သည်များ၊ ၎င်းတို့၏ ဇနီးနှင့် မိသားစုဝင် လူမမည်ကလေးများ။
  • (င)နေရာလစ်လပ်မှုများရှိပါက တပ်မတော် နှင့်အတူလက်တွဲ၍ တာဝန်ထမ်းဆောင်ခဲ့ကြသည့် စစ်မှုထမ်းမဟုတ်သော ပြည်သူ့စစ်၊ ပြည်သူ့ရဲနှင့် တိုင်းပြည်အတွက် သက်စွန့်ကြိုးပမ်းတာဝန် ထမ်းဆောင်ခဲ့ ကြသည့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ သာမန်နိုင်ငံသားများကိုလည်း လက်ခံမည်ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

https://www.facebook.com/KarunaKabahome/