ကရင်ရိုးရာပွဲတော်များ

ဝီကီပီးဒီးယား မှ

​အောက်ပါတို့မှာ ကရင်လူမျိုးတို့၏ ရိုးရာပွဲတော်များဖြစ်သည်။[၁]

အော်ပွဲ[ပြင်ဆင်ရန်]

အော်ပွဲဟူသော အခေါ်အဝေါ်မှာ ဗမာများ၏ အခေါ်အဝေါ်ဖြစ်သည်။ ရှေးအခါက ဩပွဲဟု ဗမာ များက ခေါ်သည်။ ကရင် အပျို လူပျိုများသည် ဩသံကြီးဖြင့် ကဗျာ လင်္ကာတေးသီချင်းများကို အပြန်အလှန် ဆွဲဆွဲငင်ငင် အောဆို ကျူးရင့်ခြင်းကြောင့် ဩပွဲဟု ခေါ်ရာမှ ယခုအခါ အော်ပွဲ ဟုပြောင်းလဲခေါ်ဆိုလာခြင်း ဖြစ်သည်။

အော်ပွဲကို အရှေ့ရှို(ပိုး) ကရင်ဘာသာစကားဖြင့် ဆ်ုအာင်လင် (ချအိုင်လောင်) ဟုခေါ်သည်။ မြန်မာဘာသာအားဖြင့် လက်ဝှေ့ရေးပြပွဲဟု တိုက်ရိုက် အဓိပ္ပာယ်ရသည်။

အော်ပွဲဆိုသည်မှာ လူပျိုကာလသားများ၏ ကာယဗလပြပွဲဖြစ်သည်။ လူပျိုကာလသားများသည် အင်္ကျီ ကို ချွတ်၊ ခါးတောင်းမြှောင်အောင်ကျိုက်၍ မိမိတို့၏ကျန်းမာထွားကျိုင်းသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများနှင့် သန့်ရှင်းသောကိုယ်အရေပြားကို အမျိုးသမီးပရိသတ်ရှေ့တွင် ထုတ်ဖော်ဝင့်ကြွားပြသသောပွဲ၊ လက်ခမောင်း ကို တဖြောင်းဖြောင်း ခတ်၍ လက်ဝှေ့ရေးပြသသော ပွဲဖြစ်သည်။ ယင်းပွဲသို့ ယောက်ျားမပီသသူများ၊ ကိုယ် အရေပြားရောဂါရှိသူများ၊ မမာမကျန်းသူများ မလာဝံ့ကြချေ။

တစ်နည်းအားဖြင့် အော်ပွဲဆိုသည်မှာ အတန်းအစားမရွေး အရပ်လေးမျက်နှာမှ ရောက်လာကြသော မောင်မယ်များ အော်ပွဲ၌ တွေ့ဆုံကြ၍ မိတ်ဖွဲ့ကြရာ၊ မိတ်ဆွေအပေါင်းအသင်း ဖြစ်ကြရာ၊ မိမိတို့၏ ဖူးစာဖက် ရာသက်ပန်ပေါင်းဖော်သွားရမည့် ကြင်ဖော်ကို ရှာဖွေ ရွေးချယ်ကြရာ၊ မောင်မယ်တူစုံ မေတ္တာပြိုင်ရာဖြစ်သော ပွဲဖြစ်၍ အပျိုလူပျိုပွဲဟုလည်း ခေါ်နိုင်သည်။

အခြားနည်းအားဖြင့် အော်ပွဲဆိုသည်မှာ အပျိုလူပျိုများ၏ ဉာဏဗလယှဉ်ပြိုင်ပွဲလည်းဖြစ်သည်။ အပျိုလူပျိုများသည် စာပေ ဗဟုသုတ နှံ့စပ်မှု၊ ကဗျာလင်္ကာဉာဏ်စွမ်းများကို အကြိတ်အနယ် ပြိုင်ဆိုင်သောပွဲဖြစ် သည်။ သီချင်းကြီး သီချင်းခန့်များ၊ ဇာတ်နိပါတ်များ၊ ရာဇဝင်များ၊ စကားထာ၊ ပဟေဠိများကို ကဗျာလင်္ကာသီကုံး ၍ အပြန်အလှန် အမေးအဖြေပြုလုပ်ကြသည်။

အော်ပွဲများကို ကရင်လူမျိုးများသည် စပါးပုံပွဲ (ကောက်သိမ်းပွဲ)၊ ဘုရားပွဲ၊ အသုဘအခမ်းအနားများ၊ အရိုးကောက်ပွဲ၊ ဧည့်ခံပွဲများတွင် ပြုလုပ်ကျင်းပလေ့ရှိကြသည်။

စိုက်ပျိုးရေးနှင့် ပတ်သက်သောပွဲတော်များ[ပြင်ဆင်ရန်]

ကောက်သစ်စားပွဲကို ကရင်အမျိုးသားတို့လည်း ရိုးရာထုံးစံအရ ကျင်းပပြုလုပ်မြဲပင်ဖြစ်သည်။ စိုက်ပျိုးရာသီတစ်ချိန်လုံး ခွန်အားစိုက်ထုတ် လုပ်ကိုင်လာခဲ့ရသော တောင်ယာ၊ လယ်ယာမြေမှ ကောက်နှံများဖြစ်ထွန်းလာသည်ကို မြင်ရသည့်အခါ တောင်သူဦးကြီးတို့အဖို့ ဝမ်းသာမဆုံးဖြစ်ကြရသည်။ မိမိတို့တောင်ယာများမှ ရိတ်သိမ်းချိန်တန်ပြီးဖြစ်သော ကောက်ညှင်းစပါးတို့ကို ကောက်သစ်စားပွဲအတွက် အနည်းငယ်စီ စတိအဖြစ်ရိတ်ပြီး၊ ထမင်းဟင်းလျာများ ချက်ပြုတ်၍ ရပ်ရွာရှိလူအများအား ဖိတ်ကျွေးကြသည်။ ဖိတ်ခေါ်ကျွေးမွေးပြီးမှ ကျန်စပါးများကို ရိတ်သိမ်းကြသည်။ ဤကဲ့သို့ ကောက်ပင်သီးနှံများ စပေါ်ချိန်တွင် ကောက်ဦးကောက်ဖျားကောက်သစ်စားပွဲကို တန်ဆောင်မုန်းလကွယ်တွင် ပြုလုပ်လေ့ ရှိသည်။

လူမှုရေးနှင့်ပတ်သက်သောပွဲတော်များ[ပြင်ဆင်ရန်]

ကရင်အမျိုးသားတို့သည်လည်း အိမ်သစ်များ ဆောက်လုပ်ပြီးစီးလျှင် အိမ်သစ်တက်မင်္ဂလာပွဲ ဆင်နွှဲလေ့ရှိကြသည်။ အိမ်သစ်ဆောက်လုပ်ရာ၌ စုပေါင်းလုပ်အားဖြင့် ဝိုင်းဝန်းဆောက်လုပ်ကြသည်။ ဤသို့ ကူညီဆောင်ရွက်ကြသူများအား ကျေးဇူးတုံ့ပြန်သည့် အနေဖြင့်လည်းကောင်း၊ အိမ်သစ်တွင် မင်္ဂလာရှိစေရန်၊ ကောင်းကျိုးချမ်းသာရရှိစေရန် ရိုးရာနတ်ကို ပူဇော်သည့်အနေဖြင့်လည်းကောင်း အိမ်သစ်တက်ပွဲကို ကျင်းပပြုလုပ်လေ့ရှိသည်။ တောင်ယာ၊ လယ်ယာလုပ်ငန်းများပြီးဆုံး၍ အားလပ်ချိန်များတွင် သစ်၊ ဝါးတို့ စုဆောင်းပြီး အိမ်သစ်၊ ယာသစ်များကို ဆောက်လုပ်ကြသည်။ အိမ်သစ်ဆောက်လုပ်ပြီးစီး၍ နေထိုင် ရန်အသင့်ဖြစ်လျှင် တပို့တွဲ၌ အိမ်သစ်တက်မင်္ဂလာပွဲကို ပြုလုပ်ကြသည်။

ကရင်အမျိုးသားများ၏ နှစ်သစ်ကူးပွဲတော်[ပြင်ဆင်ရန်]

ကရင်အမျိုးသားများ၏ နှစ်သစ်ကူးပွဲတော်မှာလည်း ထင်ရှားသော ပွဲတော်တစ်ခုပင် ဖြစ်သည်။ ကရင်အမျိုးသားများသည် နှစ်ဟောင်းကုန်ပြောင်း၍ နှစ်သစ်မင်္ဂလာကို ကြိုဆိုခြင်း၊ နှစ်သစ်တွင် ကောက်ပဲ သီးနှံပေါများရန် ဆုတောင်းခြင်းကိုပြုလုပ်ကြသည်။ ကရင်အမျိုးသားတို့သည် နှစ် သစ်ကူးမင်္ဂလာပွဲတော်ကို ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျင်းပကြသည်။ ကောက်ဦးပေါ်ချိန်ဖြစ်၍ ရရှိသောသီးနှံများကို ဘုရားအား ရည်စူးပြီး ဦးဦးဖျားဖျား အလှူဒါန ပြုလုပ်လေ့ရှိကြသည်။ မင်္ဂလာအခါဖြစ်သည့် နှစ်သစ်ကူးပွဲတွင် တပျော်တပါးစုပေါင်းစားသောက်ကြပြီး စုဝေးရောက်ရှိလာ သူများ စုပေါင်း၍ကကြသည်။ စုစည်းမှု သရုပ်ဖော် ဒုံးအကများလည်းကလေ့ရှိသည်။

အရိုးကောက်ပွဲ[ပြင်ဆင်ရန်]

အရိုးကောက်ပွဲသည် လူသေအလောင်းကို မီးသင်္ဂြိုဟ်ပြီး ကြွင်းကျန်သော အရိုးများကို ပြန်ကောက်ကာ သေသူ၏ ဆွေမျိုး ရင်းချာများက သေသူအားနောက်ဆုံးအနေနှင့် အစားအသောက်၊ ပျော်ပွဲရွှင်ပွဲများဖြင့် တိုက်ကျွေး ပြုစုခြင်း၊ မိဘ ဘိုးဘွားများနှင့် အရိုးရေစက်ချခြင်း၊ အရိုးပြာများကို အရိုးတောင်သို့ ပို့ခြင်းအလုပ်ကို ရှို(ပိုး) ကရင်အမျိုးသားတို့ က ‘ချချာ’ ဟုခေါ်ပြီး မြန်မာတို့က အရိုးကောက်ပွဲ ဟုခေါ်သည်။

အရိုးကောက်ပွဲကို သံလွင် ခရိုင်ရှိ ဗုဒ္ဓဘာသာ စဝှော်(စကော) ကရင်များ လူသေပြီး ခုနစ်ရက်အတွင်း အပြီးကျင်းပကြသည်။ ဗုဒ္ဓဘာသာဝင်နှင့် နတ်စား အရှေ့ရှို(ပိုး) ကရင်များကမူ တစ်နှစ်မှ ဆယ့်ငါးနှစ်အတွင်း ကြိုက်သည့်အချိန်တွင် အရိုးကောက်ပွဲကိုပြုလုပ်ကျင်းပသည်။ ဆွေမျိုးရင်းချာများအနက် မီးသင်္ဂြိုဟ်ပြီး အရိုး မကောက်ရသေးလျှင် တစ်ကြိမ်တည်း၊ တစ်ပြိုင်တည်း စုပေါင်း အရိုးကောက်ပွဲပြုလုပ်တတ်ကြသည်။

အရိုးကောက်ပွဲများကို တပို့တွဲ လပြည့်ကျော်မှ စ၍ပြုလုပ်ကျင်းပကြသည်။ တပေါင်းလတွင် လဆန်း ရက်များ၌ မပြုလုပ်ဘဲ လပြည့်ကျော်မှ ပြုလုပ်တတ်သည်။ တန်ခူးလကို အများအားဖြင့်ရှောင်ကြဉ်သည်။ အရိုးကောက်ပွဲ လုပ်လိုသူများသည် တန်ခူးလပြည့်ကျော်လျှင်လုပ်နိုင်သည်။ အထူးသဖြင့် ကဆုန်လတွင် အရိုးကောက်ပွဲ ပေါများသည်။

တောင်ယာစူးထိုးပွဲ[ပြင်ဆင်ရန်]

တောင်ယာစူးထိုးပွဲမှာ ခုတ်ထွင်မီးရှို့ပြီးသော တောင်ယာကို မိုးဦးကျ၌ စူးထိုး၍ စပါးစိုက်ပျိုးသည့်အခါ တွင်လည်း တစ်ရွာလုံး ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးလေ့ရှိသည်။ ထိုသို့ ဝိုင်းဝန်းလုပ်ကိုင်ပြီးသောအခါ လုပ်ငန်းရှင် က ကြက်၊ဝက်၊အရက်၊ ခေါင်ရည်စသည် တို့ဖြင့် ဧည့်ခံကျွေးမွေးရသည်။ လူပျိုအပျိုများက အဝတ်အစားသစ်များ ကို ဝတ်ဆင်၍ ကဗျာ လင်္ကာတေးသီချင်းများကို သီဆိုကာ တပျော်တပါး စူးထိုးစိုက်ပျိုးကြခြင်းဖြစ်သည်။ ‘တောင်ယာစူးထိုးပွဲ’ သည် တောင်ယာလုပ်ငန်းဆိုင်ရာ ပျော်ပွဲရွှင်ပွဲ ရာသီပွဲတစ်ခုဖြစ်သည်။

ရေမြောင်း တာတမံနတ်ပူဇော်ပွဲ[ပြင်ဆင်ရန်]

ကရင်လူမျိုးများသည် တောင်ကြားချိုင့်ဝှမ်းအရပ်များ၌ လယ်ယာများကို ရေမြောင်းများ ဖောက်လုပ် ၍ စိုက်ပျိုးလေ့ရှိသည်။ နယုန်လတွင် ရေမြောင်းများ ဖောက်လုပ်သည့်အခါ ကြက်၊ဝက်၊အရက်၊ ကြက်သွေး၊ ဝက်သွေးများဖြင့် ရေမြောင်းကို ဆေးကြောပေးပြီး ရေမြောင်းစောင့်နတ်ကိုပူဇော်ကြသည်။ ယင်းပူဇော်ပွဲကို ‘ရေမြောင်း တာတမံနတ်ပူဇော်ပွဲ’ ဟုခေါ်သည်။

တောင်ယာ စပါးရိတ်သိမ်းပွဲ[ပြင်ဆင်ရန်]

တောင်ယာစပါးရိတ်သိမ်းပွဲမှာ တောင်ယာစပါးများကို တန်ဆောင်မုန်း၊ နတ်တော် လများတွင် ရိတ်သိမ်း လေ့ရှိရာ တစ်ရွာလုံး ဝိုင်းဝန်းကူညီ လုပ်ကိုင်ပေးရသည်။ ထိုသို့ ရိတ်သိမ်းရာတွင် ကျွဲချိုကို အမြတ်တနိုးထား၍ တစ်နေ့လုံးမှုတ်သည်။ တောင်ယာစူးထိုးပွဲကဲ့သို့ပင် တောင်ယာစပါးရိတ်သိမ်းပွဲတွင်လည်း အကျွေးအမွေးများဖြင့် တပျော်တပါး ဧည့်ခံသည်။

စပါးပုံ လိပ်ပြာခေါ်ပွဲ[ပြင်ဆင်ရန်]

စပါးပုံ လိပ်ပြာခေါ်ပွဲမှာ ကောက်လှိုင်းများ တလင်းကွင်း၌နယ်၍ ပြီးသောအခါ စုပုံထားသော စပါးပုံကြီး အတွက် လိပ်ပြာခေါ်ပေးခြင်းဖြစ်သည်။ လိပ်ပြာခေါ်ပြီးမှ ခြင်တွယ်ပါက စပါးပိုမို ထွက်သည်ဟု ယုံကြည်ကြ သည်။ ကျီသွင်းသောအခါတွင်လည်း စပါးလိပ်ပြာ မလွင့်နိုင်ဟု အယူရှိကြသည်။ စပါးပုံလိပ်ပြာခေါ်ပွဲကို အရှေ့ရှို (ပိုး) ကရင်ဘာသာစကားဖြင့် ကောဝ်ဖီ့ၜူးယဝ် (ကိုးဖီးဘူးယော်) ဟုခေါ်သည်။ အဘွားစပါးလိပ်ပြာခေါ်ခြင်းဟု အဓိပ္ပာယ်ရသည်။ မြန်မာလို ကောက်ဆိုင်ပုံ ထိုးသည်ဟူ၍ လည်းခေါ်သည်။ ကောဝ်ဖီ့ၜူးယဝ် (ကိုးဖီးဘူးယော်) ပသပုံမှာ ကောက်လှိုင်းသိမ်းအပြီး တလင်းအတွင်း ကောက်လှိုင်းများစုပုံရောက်ရှိပြီးသည့်အခါ ကောက်လှိုင်းပုံပတ်လည်တွင် ဝါးတိုင်ကိုးတိုင်ထူ ရသည် ကောက်လှိုင်းပုံထက်မြင့်ရသည်။ ဝါးတိုင်ထိပ်တွင် ခြင်းငယ်ဖြင့် ကောက်ညှင်း (၇) ထုပ်၊ ငှက်ပျောသီး (၇) လုံး၊ ကြက်မောက်ပန်း (၇) ခက်တင်ရသည်။ ဝါးတိုင်များသည် ကောက်လှိုင်းပုံဘက်သို့ ညွှတ်ကိုင်းနေရသည်။ စပါးနယ်ခါနီးတွင် ဝါးတိုင်များကိုဖြုတ်၍ စပါးပုံပေါ်တင်ရသည်။ ထို့နောက် ကလေးများက လုယူစား သောက်ကြသည်။ ဤသည်ကို ကောဝ်ဖီ့ၜူးယဝ် (ကိုးဖီးဘူးယော်) ပသပွဲ ဟုခေါ်သည်။ ဤပသပွဲမှာ တစ်ဒေသနှင့် တစ်ဒေသမတူချေ။

မြေပြန့်နေ အရှေရှို(ပိုး) ကရင် အမျိုးသားများသည် လယ်ယာကိုင်းကျွန်းများ လုပ်ကိုင်ရာတွင် နတ်တင် ကြရသည်။ နတ်မတင်ဘဲ လုပ်ကိုင်ပါက လုပ်ကိုင်သူ လူ (သို့) ကျွဲ၊နွား၊ တိရစ္ဆာန် များကို ဒုက္ခပေးတတ်သည်။ စိုက်ပျိုးသော ကောက်ပဲသီးနှံများ ပျက်စီးတတ်သည်၊ အထွက်ညံ့တတ်သည် စသည်ဖြင့် ယုံကြည်စွဲလမ်းကြ သည်။ ထို့ကြောင့် ဆိုင်ရာနတ်များကို ဓလေ့ထုံးစံအတိုင်း ကျွေးမွေးတင်မြှောက်ပသကြသည်။ ပသတင်မြှောက် ပြီးနောက် တပျော်တပါး စုဝေးစားသောက်ကြသည်။

လယ်နတ် တင်ပွဲ[ပြင်ဆင်ရန်]

လယ်နတ်ကို တၠာတာ် (တလာတိုက်) ဟုခေါ်သည်။ နယုန်၊ ဝါဆိုလများတွင် လယ်ကွင်းထဲ၌ လယ်နတ် တင်ကြ သည်။ ကန်သင်းဘေး၌ တဲအိမ်ငယ်ဆောက်လုပ်၍ ငါးသုံးကောင်၊ ထမင်းတစ်ပန်းကန်၊ ကွမ်းတစ်ယာ၊ ဖယောင်းတိုင် တစ်တိုင်ဖြင့် လယ်နတ်တင်ကြသည်။ ယင်းသို့ တင်မြှောက်ပြီး လယ်ကိုကြည့်ရှုစောင့်ရှောက်ရန် လူနှင့် တိရစ္ဆာန်များ ဘေးရန်မှ ကင်းဝေးရန်၊ ပိုးမွှားစသော အနှောင့်အယှက် အဖျက်အဆီးများမှ ကင်းဝေးရန်၊ ဆန်စပါး ဖြစ်ထွန်းအောင်မြင်စေရန်ဆုတောင်းရသည်။ အချို့ဒေသများတွင် တော်သလင်းလ၌ လယ်နတ်တင်သည်။ ကောက်ညှင်း၊ နှမ်း၊ ရေ၊ ဖယောင်းတိုင်တို့ဖြင့် သက်သတ်လွတ်တင်ကြသည်။ အလားတူ ဆုတောင်းရသည်။ ယင်းသို့ လယ်နတ်ကို မတင်ပါက လူ၊ တိရစ္ဆာန်တို့ကို ဒုက္ခပေးတတ်သည်၊ စပါးပျက်စီးတတ်သည်၊ အထွက် ညံ့တတ်သည်ဟု ယုံကြည်စွဲလမ်းကြသည်။

တောင်ယာ နတ်တင်ပွဲ[ပြင်ဆင်ရန်]

တောင်ယာနတ်ကို တောင်ယာခုတ်ပြီးလျှင်ပြီးချင်း မတင်သေးဘဲ အပင်စိုက်တော့မည့် အချိန်ကျမှတင် သည်။ ထို ‘တောင်ယာ နတ်တင်ပွဲ’ တွင် အရက် နှစ်ပုလင်း၊ ကြက်ဖ တစ်ကောင်၊ ကြက်မ တစ်ကောင်ကို ပြုတ်၍ ခြေထောက် နှစ်ချောင်းစီ၊ တောင်ပံ နှစ်ဖက်စီ၊ ခေါင်း၊ အသည်းများကို ငရုတ်သီး၊ ကြက်သွန်၊ မရန်းပြားများနှင့် ရောထည့်ပြီး ထမင်း တစ်ပန်းကန်၊ ဆေးလိပ်တစ်လိပ်၊ ရေတစ်ခွက်နှင့် တင်ရသည်။ ယင်းသို့ တင်မြှောက်ပြီး လျှင် အထိအခိုက် အပျက်အစီး မရှိရန်နှင့် သီးနှံဖြစ်ထွန်းရန် ဆုတောင်းရသည်။ နတ်တင်ပြီးနောက် အရက်နှင့် ကြက်သားများကို တပျော်တပါး စုဝေးစားသောက်ကြသည်။

တောင်ယာ စပါးရိတ်သိမ်းပွဲ[ပြင်ဆင်ရန်]

တောင်ယာစပါးရိတ်သိမ်းပွဲမှာ တောင်ယာစပါးများကို တန်ဆောင်မုန်း၊ နတ်တော် လများတွင် ရိတ်သိမ်း လေ့ရှိရာ တစ်ရွာလုံး ဝိုင်းဝန်းကူညီ လုပ်ကိုင်ပေးရသည်။ ထိုသို့ ရိတ်သိမ်းရာတွင် ကျွဲချိုကို အမြတ်တနိုးထား၍ တစ်နေ့လုံးမှုတ်သည်။ တောင်ယာစူးထိုးပွဲကဲ့သို့ပင် တောင်ယာစပါးရိတ်သိမ်းပွဲတွင်လည်း အကျွေးအမွေးများဖြင့် တပျော်တပါး ဧည့်ခံသည်။

တောင်ယာနတ်စားပွဲ[ပြင်ဆင်ရန်]

တောင်ယာနတ်စားပွဲမှ တောင်ယာမြေသစ် ရှာဖွေတွေ့ရှိချိန်တွင် ကြက်၊ဝက်၊အရက် စသည်တို့ဖြင့် တောင်ယာနတ်အားပူဇော်ပသ၍ မြေနေရာကောင်း မကောင်းကို နိမိတ်ဖတ်ခြင်းဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ရိုးရာပွဲတော်များ။ ကရင်ပြည်နယ်အစိုးရအဖွဲ့။