ကဗာကို စီလဗာ အန်နီဗယ်

ဝီကီပီးဒီးယား မှ
ကဗာကို စီလဗာ

ပေါ်တူဂီနိုင်ငံ သမိုင်းတွင် ၁၃ နှစ်ကာလ အတွင်း ပထမဦးဆုံးသော လူများစု အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့သည့် ဝန်ကြီးချုပ် အန်နီဗယ် ကဗာကို စီလဗာကို ၁၉၃၉ ခုနှစ် ဇူလိုင်လ၁၅ ရက်နေ့တွင် ပေါ်တူဂီနိုင်ငံ ဗိုလစ်ကွေးမီမြို့၌ မွေးဖွားသည်။ လစ္စဗွန်းမြို့တော်ရှိ စီးပွားရေးနှင့် ဘဏ္ဍာရေးအဆင့်မြင့်တက္ကသိုလ်မှ ဘဏ္ဍာရေးဆိုင်ရာဘွဲ့ကို ဆွတ်ခူးခဲ့သည်။ ၁၉၇၃ ခုနှစ်တွင်အင်္ဂလန်ရှိ ယောက်တက္ကသိုလ်မှ စီးပွားရေးပါရဂူဘွဲ့ကို ရရှိသည်။ ပညာသင်ကြားပို့ချမှုဖြင့် အသက်မွေးခဲ့ရာ နောက်ဆုံးတွင် လစ်စဘွန်းမြို့ရှိ ကက်သလစ်တက္ကသိုလ်၌ စီးပွားရေး ပါမောက္ခဖြစ်လာသည်။ ၁၉၈ဝပြည့် နှစ်တွင် ပေါ်တူဂီနိုင်ငံ၏ ဘဏ္ဍာရေးနှင့် စီမံကိန်းဆိုင်ရာဝန်ကြီးအဖြစ် တာဝန်အပ်နှင်း ခံခဲ့ရသည်။

ကဗာကိုစီလဗာသည် ၁၉၈၅ ခုနှစ် မေလတွင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ဖြစ်လာသည်။ ဆိုရှယ်ဒီမိုကရက်ဝါဒီများနှင့် ဆိုရှယ်လစ်ဝါဒီတို့ ပူးပေါင်းဖွဲ့စည်းထားသောညွှန့်ပေါင်းအစိုးရ အတွင်းတွင် အလုပ်သမား ရေးရာနှင့် စိုက်ပျိုးရေးဆိုင်ရာ မူဝါဒများနှင့် စပ်လျဉ်း၍ သဘောထားကွဲလွဲရာမှ ဆိုရှယ်ဒီမို ကရက်များ နုတ်ထွက်လိုက်ခြင်းကြောင့် ထိုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် ရွေးကောက်ပွဲများကျင်းပ ခဲ့ရသည်။ ယင်းရွေးကောက်ပွဲတွင် ဆိုရှယ်ဒီမိုကရက်တို့ အနိုင်ရခဲ့ရာမှ ကဗာကိုစီလဗာသည် ဆိုရှယ်လစ်ဝါဒီ မာရီယိုဆွာရက်စ်ကို ဆက်ခံ၍ ဝန်ကြီးချုပ်ဖြစ် လာခဲ့သည်။ သို့ရာတွင် နေရာအများစုကို လွှမ်းမိုးနိုင်ခဲ့ခြင်း မရှိ၍ ကဗာကိုစီလဗာ၏ ညွှန့်ပေါင်းအစိုးရ အဖွဲ့လည်း ၁၉၈၇ ခုနှစ် ဧပြီလတွင် နုတ်ထွက်လိုက်ရပြီး ရွေးကောက်ပွဲ ကျင်းပပြန်ရာ ဆိုရှယ်ဒီမိုကရက်တို့သည်၁၉၈၇ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့တွင် လူများစုအစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ၁၃ နှစ်တာ ကာလအတွင်း ၁၇ ကြိမ်မြောက် ဖွဲ့စည်းခြင်းဖြစ်သောယင်းအစိုးရ အဖွဲ့ကို ကဗာကိုစီလဗာကပင် ဦးဆောင်သည်။

ကဗာကိုစီလဗာသည် ၁၉၇၄-၇၅ ခုနှစ်အတွင်း လက်ဝဲဝါဒီတို့အင်အား အထွတ်အထိပ်ရောက်ခဲ့စဉ်က ပြည်သူပိုင် သိမ်းခဲ့သည့် စက်မှုလုပ်ငန်းများကို ပြန်လည်ရောင်းချရန် အစဉ်တစိုက်တိုက်တွန်းလာခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ကဗာကိုစီလဗာ၏လူများစုအစိုးရအဖွဲ့သည် ထိုသို့ရောင်းချနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ကြိုးပမ်းလိမ့်မည်ဟု ဆိုရှယ်ဒီမိုကရက်ပါတီဝင်များက သုံးသပ်မျှော်လင့်လျက် ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)