ကတ္တရာ
ကတ္တရာ သည် ဟိုက်ဒရိုကာဗွန်ဒြပ်ပေါင်း အမျိုးမျိုး ပါဝင်သည့် ဗစ်တျူမင်ကတ္တရာခေါ် ပစ္စည်းတစ်မျိုးမှ ရရှိသည့် ဟိုက်ဒရိုကာဗွန် မျိုးစုံ ပါဝင်သည့် သတ္တုတစ်မျိုး ဖြစ်သည်။ ကတ္တရာအရောင်မှာ အညို သို့မဟုတ် အမည်းဖြစ်သည်။ အချို့ ကတ္တရာသည် မည်း၍ အရောင်လက်၏။ အချို့မှာ တွင်းထွက် ကျောက်မီးသွေးများမှရသော ကတ္တရာစေးကဲ့သို့ ကပ်စေးစေး ရှိ၏။[၁] ကတ္တရာကို တစ်ခုခုတွင်ထည့်၍ မီးတိုက်ပေးသောအခါ အပူချိန် စင်တီဂရိတ်ဒီဂရီ ၁၀ဝ တွင် အလွယ်တကူ အရည်ပျော်၍ ထူထပ်သောမီးခိုးလုံးများထွက်လာ၏။
ကတ္တရာကို တောင်အမေရိကတိုက် အော်ရင်နိုးကိုးမြစ်ဝ အလွန်တွင် တည်ရှိသော ထရင်းနီဒက်ကျွန်းမှ အမြောက်အမြား ရရှိသည်။[၂] ထိုကျွန်းရှိ ကတ္တရာကျင်းများမှာ ရေကန်ကြီးသဖွယ်ဖြစ်၍ အကျယ်မှာတစ်မိုင်ခန့်ပင်ရှိ၏။ ထိုကတ္တရာကျင်း တည်နေရာသည် ရွှံ့မီးတောင်သေ၏ထိပ်ဝဖြစ်ဟန်တူသည်။ ထူး ခြားသောအချက်တစ်ရပ်မှာ ကျင်းတစ်ကျင်းမှ ကတ္တရာကို အမြောက်အမြား ထူးဖော်ထုတ်ယူသော်လည်း ကတ္တရာများပြန်၍ ပြည့်လာသောအချက်ပင်ဖြစ်၏။ ယင်းသို့ပြန်ပြည့်လာခြင်း အကြောင်းမှာ ကတ္တရာကျင်းရှိရာမြေအောက်မှ ကတ္တရာများသည် အပေါ်သို့ အစဉ်မပြတ်တက်လာနေသောကြောင့်ပင် ဖြစ်သည်။ ကတ္တရာကို တောင်အမေရိကတိုက် ဗင်နီးဇွီးလား နိုင်ငံမှလည်းကောင်း၊ ကျူးဗားကျွန်းမှလည်းကောင်း၊ အများအပြားတူးဖော်ရရှိကြသည်။ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ်မှ ထွက်သော ကတ္တရာသည် အလွန်ကောင်းသောကြောင့် မည်သို့မျှ ပြုပြင်မပေးရဘဲ လမ်းခင်းရန်အတွက် အသုံး ပြုနိုင်ပေသည်။ ကတ္တရာကို အခြားအမေရိကန်ပြည်ထောင်စုပြည်နယ်များ၊ ကနေဒါပြည်နှင့် ဥရောပတိုင်းပြည်များမှလည်း ရနိုင်သည်။
ရှေးနှစ်ပေါင်းများစွာက ပင်လယ်အောက်တွင် နစ်မြုပ်လျက်ရှိသော အပင်နှင့် တိရစ္ဆာန်တို့၏ အကြွင်းအကျန်တို့သည် သဘာဝအလျောက် တဖြည်းဖြည်း ရေနံဘဝသို့ပြောင်းသွား၍ ထိုရေနံဘဝမှတစ်ဖန် နှစ်လရှည်ကြာလတ်သော် ကတ္တရာဖြစ် လာသည်ဟု ဘူမိဗေဒပညာရှင်အားလုံးလောက်တို့က တညီ တညွတ်တည်းယူကြ၏။ ယင်းသို့ဖြစ်လာပုံမှာ မြေအောက်တွင် ကတ္တရာအဖြစ် မရောက်မီ ရေနံဘဝနှင့်ရှိနေစဉ် ရေနံမှပေါ့ပါး သော ဆီတို့သည် မြေကြီးပပ်ကြောင်းအက်ကြားမှ သဘာဝ အလျောက် အငွေ့ပျံ၍ တက်သွားကြ၏။ ယင်းသို့ အငွေ့ပျံ တက်သွားရာမှ ကျန်ရှိနေသောရေနံသည် အောက်ဆီဂျင်နှင့် ပေါင်းစပ်ပြီးလျှင် ကတ္တရာဖြစ်သွား၏။ ကတ္တရာရိုင်းကိုကျို၍ ဗစ်တျူမင်ခေါ် တွင်းထွက်ကတ္တရာစေးကဲ့သို့သောပစ္စည်းများ၊ သဲများ၊ ကယ်လဆီယမ်ကာဗွန် နိတ်များနှင့် ရောစပ်၍ အင်္ဂတေပြုလုပ်ကြသည်။
အနက်ရောင်အရောင်တင်ဆီများ၊ အိမ်မိုးရန်တရပတ်များနှင့် ရေခံစက္ကူများကို ကတ္တရာဖြင့် ပြုလုပ်စီမံကြ၏။ ထို့ပြင် တံတားများနှင့် အဆောက်အဦအုတ်မြစ်များတွင်လည်း ရေမဝင်စေရန် ရေခံပစ္စည်းအဖြစ်ဖြင့် အသုံးပြုကြသေး၏။ ရှေးအခါကပင် ကတ္တရာကို လမ်းခင်းရာ၌အသုံးပြုခဲ့ကြရာ ယခု အခါ၌ကား လမ်းများပိုမိုခိုင်ခံ့၍ တာရှည်ခံနိုင်စေရန် ကတ္တရာကို သဲများ၊ ကျောက်အကြေများနှင့် ရောစပ်၍သုံးစွဲကြသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ CPC Definition – C10C Working-up Pitch, Asphalt, Bitumen, Tar; Pyroligneous Acid။ United States Patent and Trademark Office (November 2016)။ 12 August 2023 တွင် ပြန်စစ်ပြီး။
- ↑ Asphalt Applications။ 22 January 2022 တွင် ပြန်စစ်ပြီး။