ကဇာတ်

ဝီကီပီးဒီးယား မှ

ကဇာတ်[ပြင်ဆင်ရန်]

ကဇာတ်ဟူသည် ဇာတ်လမ်းတစ်ခုခုကိုအကသက်သက်ဖြင့် သရုပ်ဖော်၍ ကပြသော ဇာတ်မျိုးကို ဆိုလိုသည်။ တစ်နည်း ဆိုရသော် ကဇာတ်သည် အကပညာ၏ အစွမ်းကို ထုတ်ဖော်ပြသသည့် ဇာတ်မျိုးဖြစ်၏။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအရပ်ရပ်တွင် ရှေးဦးစွာ ပေါ်ပေါက်လာသည်ဟု ယူဆရသော သဘင်ပုံစံမှာ ဒရမ်မာ (ခေါ်) ဇာတ်နိပါတ်တော်များ ဖြစ်၍ ထိုမှတစ်ဆင့် ပလေး (ခေါ်) ပြဇာတ် များ ပေါ်ပေါက်လာသည်ဟု ဆိုလေသည်။ ယင်းဇာတ်နိပါတ် များနှင့် ပြဇာတ်တို့တွင် သီဆိုမှု၊ ကပြမှုနှင့် ရွတ်ဖတ်ပြောဆိုမှု စသည့် အဓိက ပညာရပ်သုံးခု ရောယှက်ပါဝင်နေလေသည်။ ဤသို့ တစ်ချိန်တည်းတွင် ထိုပညာရပ်သုံးခုကို ထည့်သွင်း အသုံးပြုလာရမှ ထိုပညာရပ်တို့ကို တစ်ခုစီ ခွဲခြားအသုံးပြုကာ တစ်ခုစီ၏ အရသာကို တင်းပြည့်ကျပ်ပြည့် ခံစားရအောင် တီထွင်ဖန်တီးခဲ့ရာတွင် ကပြမှုသက်သက်ဖြင့် သရုပ်ဖော်သော ကဇာတ် ပေါ်ပေါက်လာသည်။ ကဇာတ်သည် မည်သည့် တိုင်းပြည် မည်သည့်လူမျိုး၌မဆို မိမိတို့၏ ရိုးရာ အမျိုးသား ကဟန်များကိုသာ အသုံးပြု၍ အကသက်သက်ဖြင့်သာ ထုတ်ဖော်သော ဇာတ်များဖြစ်သည်။


ကဇာတ်သည် အဆိုအပြော လုံးဝမပါပဲ အကပညာ သက်သက်ဖြင့် အကပညာ ပြောင်မြောက်စွာ ထုတ်ဖော် တီထွင် တင်ဆက်ထားခြင်းဖြစ်၍ ပရိသတ်သည် ကဇာတ်မကြည့်မီ ကဇာတ်၏ ဇာတ်လမ်းအတို ချုပ်ကို ကြိုတင်သိရှိ ထားနှင့်ရန် လိုသည်။ ထိုပြင် ကဇာတ်ကပြရာတွင် အက၏ လှုပ်ရှားမှုတိုင်းကို အာရုံ အပြတ်မခံဘဲ၊ စေ့စေ့စပ်စပ် လိုက်လံကြည့်ရှုရန် လည်းလိုသည်။ သို့မှသာလျှင် မိမိသိရှိပြီး သော ဇာတ်လမ်းနှင့် ဟပ်၍ ဦးနှောက်ကို အသုံးချပြီး စဉ်းစား တွေးတောကာ အရသာခံယူနိုင်မည် ဖြစ်သည်။ ကဇာတ်၏ ဇာတ်လမ်းကို သရုပ်ဖော်လှုပ်ရှားရာ၌ ဇာတ်ကောင်၏ စရိုက်သဘာဝနှင့် လည်းကောင်း၊ ဇာတ်လမ်း ၏ တောင်းဆိုချက်နှင့် လည်းကောင်း ကိုက်ညီရန် ကကြိုးကို ဖန်တီးရသကဲ့သို့၊ ဇာတ်လမ်း ဇာတ်ကွက် သဘောအရ ဇာတ်ကောင်များ၏ နေရာယူမှုကို ကကွက်ဖြင့် ဖန်တီးယူရ သည်။ ဤသို့ဖြင့် အကလှုပ်ရှားမှုများကို စေ့စပ်စွာ ကြည့်၍ ဇာတ်ကောင်များ၏ စရိုက် ပေါ်မပေါ် အကဲခတ်နိုင်၏။ ထိုပြင် ဇာတ်လမ်းအရ သရုပ်ဖော် ကပြသော ကကြိုးကကွက်များကို စေ့စပ်စွာ ကြည့်ရှု၍ ဆက်စပ်တွေးတောကာ နားလည်အောင် ကြည့်တတ်ရန်လည်း လိုသည်။

ကဇာတ်တွင် ဇာတ်ကောင်များ၏ သဘာဝစရိုက်ကို ပေါ်လွင်အောင် ဖန်တီးရာ၌ အကသည် လွန်စွာအရေးကြီး သကဲ့သို့ တေးဂီတသည်လည်း လွန်စွာမှ အရေးပါလေသည်။ ဇာတ်ကောင်တို့၏ သဘာဝစရိုက်နှင့် ဇာတ်လမ်း၏ ဆိုလိုချက် အဓိပ္ပာယ်တို့ကို ပေါ်လွင်အောင် တေးဂီတကို အထူးဂရုပြု ဖွဲ့နွဲ့တီးမှုတ်ရလေသည်။ ထိုပြင် ဇာတ်ကောင်တို့၏ သဘာဝ ပုံစံများ ထင်ရှားစွာ ပေါ်လွင်စေ၍ အကလှုပ်ရှားမှုနှင့် လိုက်လျော အံဝင် ခွင်ကျ ဖြစ်စေရမည့်အပြင် ကြည့်ရှု၍ လှပတင့်တယ်ကာ နောက်ခံ ပန်းချီအရောင်နှင့် ဟပ်မိပေါ်လွင် စေရမည် ဖြစ်ပြီးလျှင် သက်ဆိုင်ရာ အမျိုးသားဟန်ဖြင့် ခေတ်မီ တီထွင် ဖန်တီးထားသော အဝတ်အစားများကိုလည်း ဝတ်စား ဆင်ယင်ရန်လိုပေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)