ကစားခုန်စားခြင်း

ဝီကီပီးဒီးယား မှ
ကလေးများ သဲနှင့် ဆော့နေကြပုံ

ပြေးလွှားကစားခုန်စားခြင်းသည် ငယ်စဉ်ကလေးဘဝမှာ လိုအပ်သောအရာဖြစ်၏။ ကလေးတစ်ယောက်၏ဖွံ့ဖြိုးမှုနှင့် လိုအပ်သော စွမ်းရည်များသည် ကစားခုန်စားခြင်းမှ ရရှိလာခြင်းဖြစ်သည်။ ကလေးများ ကစားနေသော နေရာတခုအနီးမှ ဖြတ်သွားဖြတ်လာ လုပ်ကြည့်လျှင်သော်လည်းကောင်း၊ ပျော်ရွှင်မြူးတူးစွာ ကစားနေကြသည်ကို ထိုင်စောင့်ကြည့်နေလျှင်သော်လည်းကောင်း လူကြီးတဦးပင်လျှင် ကစားနေသော ကလေးများကဲ့သို့ ပျော်ရွင်နေသလို ခံစားလာရတတ်သည်။ ကလေးများ၏ ဉာဏ်စွမ်းရည် ဖွံ့ဖြိုးမှုအခြေခံအုတ်မြစ်သည် ကစားခုန်စားခြင်းပင်ဖြစ်သည်။

အကျိုးကျေးဇူး[ပြင်ဆင်ရန်]

ကစားခုန်စားခြင်းဖြင့် ပျော်ရွှင်နေတတ်သော ကလေးတစ်ဦးသည် လူမှုဆက်ဆံရေး စွမ်းရည်၊ ပြဿနာကိုဖြေရှင်းနိုင်ခြင်း စွမ်းရည်တို့ တိုးတက်လာတာကို မိဘတို့ တွေ့ရှိရမှာ ဖြစ်သည်။ ဒါ့ကြောင့် မိဘများဟာ မိမိတို့ရဲ့ ကလေးများက တခြားကလေးများနှင့် အတူတကွ ပျော်ရွှင်စွာ ကစားတာကို မပိတ်ပင်သင့်သလို ကစားဖို့ကို အားပေးရပါမယ်။ ကလေးများအတူတကွ ကစားခြင်းမှ လူမှုဆက်ဆံရေး တိုးတက်မှု၊ စိတ်ခံစားမှုဆိုင်ရာတိုးတက်မှု နဲ့ ညှိုနှိုင်းခြင်းဆိုတာကို လေ့လာသင်ယူနိုင်ခြင်း တိုးတက်မှုများ ကလေးတို့ ရရှိလာမှာ ဖြစ်ပါတယ်။

အရွယ်တူ ကလေးများ အချင်းချင်း အတူတကွ ကစားခြင်းမှ ပေးဝေခြင်း နှင့် ရယူခြင်းကို သင်ယူလေ့လာနိုင်ပါတယ်။ ကလေးများဟာ ကစားခြင်းမှ သူတို့အတွက် အရာဝထ္ထု အသစ်များ၊ အကြောင်းအရာ အသစ်များကို လေ့လာနိုင်စေပါတယ်။

ကလေးငယ်များ၏ သဘာဝ[ပြင်ဆင်ရန်]

လေးဘက်တွားသွားတဲ့ အရွယ် ကလေးဟာ စတင် မတ်တပ်ရပ် လမ်းလျှောက်တဲ့အခါမှာ သူ့ကို နေရာတကာကို ချီပိုး သယ်ယူသွားတာကို မနှစ်သက်တော့ပါဘူး။ သူကိုယ်တိုင်ပဲ လမ်းလျှောက်ချင်ပါတယ်။ ကလေး တစ်ယောက် ကြီးထွားလာတဲ့အမျှ သင်ယူမှုစွမ်းရည် ပိုမိုတိုးတက်လာတဲ့ အတွက် မိဘများက မိမိတို့၏ ကလေးများကို ကစားခြင်းမှ အရာဝထ္ထု အသစ်များကို သင်ယူလေ့လာနိုင်စေရန် တွန်းအားပေးသင့်ပါတယ်။

ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတို့အတွက် အရေးကြီးလှသော ငယ်စဉ်အရွယ်မှာ ကစားခုန်စားခြင်းကို မိဘများက အားပေးသင့်ပါတယ်။ ကလေးများ ငယ်စဉ်မှာ ကစားခြင်းဟာ ကျောင်းနေသည့် အရွယ်မှာ ကျောင်းသွားချင်စိတ်ကို ဖြစ်စေတတ်ပြီး ကျောင်းပျော်လေးများ ဖြစ်လာစေနိုင်ပါတယ်။ ကစားခုန်စားမှုဟာ ကလေးများအတွက် ကလေးအချင်းချင်း ဆက်ဆံရေးတိုးတက်စေနိုင်ရုံမက ဘာသာစကားကိုလည်း လေ့လာတိုးတက်စေနိုင်ပါတယ်။

နေအိမ်ပြင်ပမှာ ကစားခြင်း မဟုတ်ဘဲ အိမ်တွင်းမှာပဲ လက်နဲ့ကိုင်ထိတွယ်ပြီး ကစားတဲ့ အသံမြည်သော ကစားစရာများ၊ တူရိယာများ စတာတွေနဲ့ ကစား တဲ့အခါမှာ ကလေးများဟာ နားထောင်မှု စွမ်းရည်၊ အကြောင်းအရာကို သိမြင်ခြင်းစွမ်းရည် တိုးတက်လာပါတယ်။ ကလေးများ ထိတွေ့ကိုင်တွယ်ခြင်း၊ မြင်သိခြင်းနှင့် အကြားအာရုံ စွမ်းရည်များကို တိုးတက်စေနိုင်ဖို့အတွက် အာရုံခံ ကစားစရာများ၊ အရုပ်များ များစွာရှိပါတယ်။

ခေတ်သစ်လူနေမှုဘဝနှင့် အကျိုးကျေးဇူး[ပြင်ဆင်ရန်]

ယနေ့ခေတ်ကာလ အချိန်မှာ အဝလွန်ခြင်းဟာ ကလေးများအကြားမှာ ဖြစ်ပွားနေတဲ့ ရောဂါတစ်ခုလိုပါပဲ။ အိမ်ပြင်ပမှာ ခုန်ပေါက်ပြေးလွှား ကစားခြင်းဟာ ကလေးများ အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ နေအိမ်ပြင်ပမှာ ကစားခြင်းဟာလည်း ကလေးများအတွက် အာရုံခံ စွမ်းရည် များ တိုးတက်စေပြန်ပါတယ်။

ကလေးများ အတူတကွ သီချင်းဆိုခြင်းဟာ ကာရန်ညီသော စကားလုံးများကို လေ့လာ သင်ယူပြီးသား ဖြစ်သလို၊ ဘာသာစကားကိုလည်း လေ့လာ သင်ယူပြီး ဖြစ်ပါတယ်။ ကလေးများ ငယ်စဉ်မှာ နှုတ်မှ စကားပြောနိုင်ခြင်း စွမ်းရည်ကို တိုးတက်စေဖို့ အရေးကြီးလှပါတယ်။ ကလေးငယ်ကို မိဘက စကားပြောပေးခြင်းဖြင့် ကလေးမှာ ဘာသာစကားကို လျင်မြန်စွာ သင်ယူ စေနိုင်တယ်ဆိုတာကို မိဘတို့ သတိပြုမိကြမှာ ဖြစ်ပါတယ်။ သီချင်းဆိုခြင်း၊ ကလေးကဗျာများ ရွတ်ဆိုခြင်း၊ ပုံပြင်များပြောခြင်းများဟာ လည်း ကလေးများကို ဘာသာစကား သင်ယူတိုးတက် စေနိုင်ပါတယ်။

ကစားခြင်းမှ ကလေးများဟာ သင်္ချာ ကိုလည်း လေ့လာ သင်ယူနိုင်ပါတယ်။ ငယ်စဉ်ကာလမှာပင် သင်္ချာ သဘောတရားများကို ကလေးများ မှတ်ယူ လေ့လာနိုင်ပါတယ်။ ကလေးများနှင့်အတူ မိဘများက မုန့်များ ရေတွက်ခြင်း၊ ကစားစရာ အရုပ်များကို ရေတွက်ခြင်း၊ အပြင်ထွက်လျှင် လမ်းရှိ သစ်ပင်များကိုရေတွက်ခြင်း ၊ အရာဝထ္ထုများကို အကြီး အသေး နှိုင်းယှဉ်ခြင်း ၊ ပမာဏ အနည်း အများ နှိုင်းယှဉ်ခြင်း တို့ဖြင့် ကလေးများဟာ သင်္ချာ သဘောတရားကို လေ့လာပြီးသား ဖြစ်ပါတယ်။

ကလေးများဟာ ကစားခြင်းမှ စွမ်းရည် အသစ်များကို တိုးပွားလာစေနိုင် သလို မိမိကိုယ်မိမိ ယုံကြည်မှုကိုလည်း တည်ဆောက်နိုင်စေပါတယ်။ ကလေးများ ကစားနေစဉ်မှာ မိဘများက မိမိ၏ ကလေးရဲ့ ကစားနည်း အပေါ် စိတ်ဝင်စားမှုကို အလေးထားသင့်ပါတယ်။ မိဘများနှင့် ကလေးများ အတူတကွ ကစားတဲ့အခါမှာ ကစားပွဲကို ကလေးများက ဦးဆောင်စေရ ပါမယ်။ ကစားခြင်းဟာ ကလေးများကို ကျန်းမာသန်စွမ်းစေနိုင်သလို မိဘများနှင့် ဆက်ဆံရေးကိုလည်း ပိုမို ခိုင်မြဲစေနိုင်ပါတယ်။

ကလေးများရဲ့ တစ်သက်တာ အတွက် ငယ်စဉ်အရွယ်မှာပင် ကစားခုန်စားခြင်းကို မိဘများက တိုက်တွန်းအားပေးသင့်ပြီး ကလေးများ ကိုယ်စွမ်း၊ ဉာဏ်စွမ်း ပိုမိုတိုးတက်လာစေနိုင်သော ကစားနည်းများကို မိမိ၏ ကလေး ပျော်ရွှင်စွာ ကစားနေတယ်ဆိုတာကို မြင်တွေ့တဲ့အခါမှာ မိဘများသည်လည်း ကလေးနှင့်အတူ ပိုမို ပျော်ရွှင်ကျန်းမာလာမှာ ဖြစ်ပါတယ်။