ကချင်စာပေ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မြန်မာပြည်မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများအနက် မြန်မာနှင့် ရှမ်းမဟုတ်သော လူမျိုးများကို ကချင်ဟု ယေဘုယျအားဖြင့် ပြောဆိုသုံးနှုန်းနေကြသည်။ သို့သော် ကချင်ဟုခေါ်ဝေါ်ခြင်းခံနေရသော တိုင်းရင်းသားလူမျိုးမားကိုယ်၌ကမူ ဂျိန်းဖော့ တိုင်းရင်းသားလူမျိုးများကိုသာ ကချင်ဟု အသိအမှတ်ပြုပြီး မိမိတို့ကိုယ်မိမိတို့မူ သီးခြားလွတ်လပ်သောတိုင်းရင်းသားလူမျိုးများဖြစ်သည် ဟု ခံယူထားကြသည်။ သို့သော် လွတ်လပ်ရေးရပြီးနောက် ထွက်ပေါ်လာသော မြန်မာစာပေနှင့် သုတေသနစာအုပ်စာတမ်းများတွင်မူ (၁) ဂျိန်ဖော့ (၂) မရူး (၃) ရဝမ် (၄) လရှီ(လချစ်) (၅) လီဆူး (၆) အဇီး(ဇိုင်းဝါး) စသည် တိုင်းရင်းသားခြောက်မျိုးကို ကချင်ဟု သတ်မှတ်သုံးနှုန်းလျက်ရှိကြသည်။ ယင်းတိုင်းရင်းသား ခြောက်မျိုးစလုံးတွင် ၁၉ ရာစုကုန်ခါနီးလောက်အထိ ဘာသာစာပေမရှိခဲ့၊ ယင်းတို့တွင် မူလက ဘာသာစာပေရှိသော်လည်း ရှန်ဖြိဒုပရှား (စာပေကို မီးဖုတ်စား) ခဲ့သဖြင့် ဘာသာစာပေ ပျောက်ခဲ့ရသည်ဟု ရိုးရာ နှုတ်ပြော သမိုင်းပုံပြင်များက ဆိုပါသည်။

ဂျိန်ဖော့စာပေ[ပြင်ဆင်ရန်]

ဂျိန်ဖော့စာကို ၁၈၃၉ တွင် ခရစ်ယာန်သာသနာပြုဆရာ ဆရာကြီး ဘရောင်းဆန်က ရောမအက္ခရာဖြင့် တစ်ကြိမ်၊ ၁၈၇၃ တွင် ကရင်တိုင်းရင်းသား ခရစ်ယာန် ဓမ္မဆရာကြီး ဦးမာဆောင်က မြန်မာအက္ခရာဖြင့် တစ်ကြိမ်၊ ဦးမာဆောင်၏ ကြိုးပမ်းချက်ကို အခြေပြုလျက် ၁၈၇၆ တွင် အမေရိကန်သာသနာပြု ဆရာကြီး ကူရှင်က တစ်ကြိမ်၊ ယင်းကိုပင် ဆက်လက်၍ ၁၈၇၉ တွင် အမေရိကန်သာသနာပြု မစ္စတာရောဘတ်က လည်းကောင်း၊ ၁၈၉၃ တွင် သာသနာပြုဆရာကြီး ဟန်ဆင်ကလည်းကောင်း အသုံးပြုကြိုးစားခဲ့သော်လည်း ဗြိတ်သျှနယ်ချဲ့ အုပ်ချုပ်ရေးပိုင်းက အသိအမှတ် မပြုခဲ့သဖြင့် မြန်မာအက္ခရာဖြင့် တီထွင်သော ဂျိန်ဖော့ဘာသာ စာပေသည် နိဂုံးချုပ်ရလေတော့သည်။ ဆရာဟန်ဆင်သည် ၁၈၃၉ က ဆရာ ဘရောင်းဆန် ပြုစုခဲ့သော ရောမအက္ခရာနှင့် ဂျိန်ဖော့စာပေကို ပြင်ဆင်မွမ်းမံပြီး တီထွင်ပြုစုပြန်ရာ ဒေသဆိုင်ရာ ဗြိတိသျှအစိုးရက အသိအမှတ်ပြုသဖြင့် အောင်မြင်ထမြောက်သွားသည်။

လီဆူစာပေ[ပြင်ဆင်ရန်]

လီဆူဘာသာစာပေကို ၁၉၁၄ တွင် ကရင် ဓမ္မဆရာကြီး ဦးဘသော်၊ ဆရာ ဇော်ဆာ၊ ဆရာ အာဖူး၊ သူကြီး ဇော်ဂျာလှနှင့် အရပ်လူကြီး ငွာရားတို့က ရောမအက္ခရာဖြင့် စတင် တီထွင်ခဲ့ကြသည်။ သို့သော် မပြည့်စုံသဖြင့် ငါးနှစ်မျှသာ သက်တမ်းကြာခဲ့သည်။ ထို့နောက် အမေရိကန်သာသနာပြု ဆရာမကြီး ရေဆာသည် ဆရာဂိုက်စ်တို့ကလဲ အကြံပေးကူညီပေး ခဲ့သည်။ ယင်းအက္ခရာကို လီဆူလူမျိုးတွေကိုသာသနာပြုခဲ့သော အ⁠င်္ဂလန် မှ သာသနာပြုဆရာကြီး ဂျေ၊အို ဖရေဆာ က အချောသပ် ပြုပြင်မွမ်းမံခဲ့သည်။ ထို့ကြောင့် ယင်းအက္ခရာ ကို ဖရေဆာ အက္ခရာ ဟုနောင်တွင်ခေါ်ဝေါ်ခဲ့ကြသည်။ ယင်း လီဆူ စာပေသည် နှစ်ပေါင်း ၁၀၀ ရှိ ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် မှ ၁၇ ရက်ထိ လီဆူစာပေ နှစ် ၁၀၀ ပြည့်ပွဲတော်ကြီးကို မြစ်ကြီးနားမြို့ ပမ္မတီး ရပ်ကွက်ရှိ လီဆူရိုးရာကွင်းတွင် စည်ကားစွာကျင်းပခဲ့ပါသည်။ ယင်း ပွဲတော်ကြီးကို မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ လီဆူ လူမျိုးများအပြင် တရုတ် နှင့် ထိုင်းနိုင်ငံ မှ လီဆူ လူမျိုးများလဲ လာရောက် တက်ရောက်ခဲ့ကြပါသည်။

ရဝမ်စာပေ[ပြင်ဆင်ရန်]

ရဝမ်ဘာသာစာပေကို အမေရိကန်သာသနာပြုဆရာ ရူတင်မော့စ်က ၁၉၅၀ တွင် ရဝမ်လူမျိုး ပဲဇီဒီး၊ ဖုံတီးဖုံ၊ ဦးဂူရင်ဖုံ၊ ဆရာ အွမ်းဆားရ်၊ ဦးဇန်ထားဆင်တို့၏ အကူအညီဖြင့် စတင်တီထွင်ခဲ့သည်။

အခြားစာပေများ[ပြင်ဆင်ရန်]

မရူ၊ လရှီနှင့် အဇီးတို့တွင်ကား ယခုထက်တိုင် ဘာသာစာပေမရှိကြသေးပေ။ ဂျိန်ဖော့စာပေနှင့် မြန်မာစာကိုသာ အသုံးပြုလျက်ရှိကြသည်။

စာပေအမျိုးအစားများ[ပြင်ဆင်ရန်]

လီဆူနှင့် ရဝမ်ဘာသာစာပေတို့ဖြင့် ရေးသားပြုစုထားသော စာအုပ်စာတမ်းများသည် ဘာသာရေးဆိုင်ရာစာပေများသာဖြစ်ပြီး ရသစာပေဟူ၍ မရှိသလောက်နည်းပါးလှသည်။

ဂျိန်ဖော့ဘာသာဖြင့် ရေးသားထားသော စာအုပ်စာတမ်းများတွင်လည်း ဘာသာရေးဆိုင်ရာ စာပေများက အများစုဖြစ်ပေသည်။ ရသစာပေနှင့် အခြားဘာသာရပ်ဆိုင်းရာ စာပေများ အရေအတွက်အားဖြင့် နည်းပါလှသေးသည်။ ကချင်စာပေစိစစ်ရေးကော်မတီက ပြုစုသော ကျောင်းသုံးဖတ်စာ သူငယ်တန်း မှ စတုတ္ထတန်းအထိတွင် ရိုးရာပုံပြင်နှင့် ရိုးရာတေးများပါရှိသည်။ ကချင်ပြည်နယ်ပြန်ကြားရေးဌာနက ထုတ်ဝေသော မြစ်ဖျားဧရာ သတင်းစဉ်တွင်လည်း သတင်းများ ထုတ်ပြန်ကြေငြာချက်များအပြင် ရသစာပေအနည်းငယ် တွေ့ရသည်။

ဆရာဒွမ်ဖော့နော်၏ လူထဲကလူ နှင့် မိမိသဘော ဆရာခေန်နန်း၏ လူအစ လူပျိုအပျိုက နှင့် ဦးပတစ်ပေတောင်၏ ကချင်စကားပဒေသာတို့သည် ဂျိန်ဖော့ဘာသာဖြင့် ထုတ်ဝေသော စာအုပ်အချို့ဖြစ်သည်။ ၁၉၆၀ နောက်ပိုင်းတွင် ဂျိန်ဖော့ဘာသာဖြင့် လုံးချင်းဝတ္ထု တစ်ပုဒ်စနှစ်ပုဒ်စ ထွက်လာသည်ကို တွေ့ရသည်။ [၁]

အကိုးအကား[ပြင်ဆင်ရန်]

  1. မြန်မာစာပေအဘိဓာန်၊ ပထမတွဲ။ မလိခ။ ပကြိမ်။ ဩဂုတ်၊ ၂၀၁၆။ စိတ်ကူးချိုချိုစာပေ။ ရန်ကုန်