မာတိကာသို့ ခုန်သွားရန်

ပဒေသရာဇ်စနစ်

ဝီကီပီးဒီးယား မှ

ပဒေသရာဇ်စနစ် သို့မဟုတ် ကံကြွေးချစနစ် (အင်္ဂလိပ်: Feudalism) ၁၀-ရာစုနှစ်ခန့်အတွင်း အနာက်ဥရောပတိုက်တွင် ပေါ်ပေါက်ခဲ့သော လူမှုဆက်ဆံရေးစနစ်တစ်ရပ် ဖြစ်သည်။ ဘုရင်များထံမှ မြေယာများ ပိုင်ဆိုင်ခွင့်ရရှိသော မူးကြီးမတ်ကြီး၊ စစ်သူကြီးများက မြေယာကို တစ်ဆင့်အငှားချခြင်းဖြင့် ကျွန်တပည့်များ မွေးသည်။ မြေယာများကို အငှားမြေကျွန်များက စိုက်ပျိုးလုပ်ကိုင်စားသောက်၍ လယ်ခများ ပေးဆောင်ကြရသည်။ ဤနည်းဖြင့် လက်တွေ့လုပ်ကိုင်ရသူများမှာ လက်ဝေခံ မြေကျွန်ဘဝဖြင့် နိမ့်ကျ၍ လယ်ခစုဆောင်းမိသော မြေရှင်ကြီးများမှာ ဥစ္စာစီးပွား တိုးတက်လျက် တန်ခိုးအာဏာ ကြီးမားကြလေသည်။ ရုရှားပြည်တွင် မြေရှင်ပဒေသရာဇ်စနစ်မှာ ၁၁နှင့် ၁၂-ရာစုများတွင် ပေါ်ထွန်းလာခဲ့သည်။[၁]

ဥရောပတိုက်တွင် ၈ ရာစုနှစ်မှ ၁၀ ရာစုနှစ်အတွင်း ကံကြွေးချစနစ်သည် မြေယာပိုင်ဆိုင်မှုတို့ကို ဘုရင်ထံမှ လက်ဝေခံ မြေပိုင်ရှင်ကြီးများ ကြားခံပိုင်ဆိုင်လျက် လယ်လုပ်ကျွေးများက ၎င်းတို့ထံ နေထိုင်အလုပ်လုပ်ရသည့် အုပ်ချုပ်ရေးနှင့် စီးပွားပိုင်ဆိုင်မှု စနစ် ဖြစ်၏။ ကံကြွေးချစနစ် ပထမဦးဆုံးပေါက်ပွားရာနှင့် စနစ်တကျထွန်းကားဆုံးဒေသမှာ ပြင်သစ်နိုင်ငံပင် ဖြစ်လေသည်။ သို့ရာတွင် အခြားအနောက်ဥရောပနိုင်ငံများတွင် ကံကြွေးချစနစ်သည် အသွင်တမျိုးမျိုးဖြင့် ပေါ်ပေါက်ခဲ့ရာ ၁၃ ရာစုနှစ်အထိ အထူးတိုးတက် ထွန်းကားခဲ့သည်။ ဥရောပတိုက်တွင် အလယ်ခေတ်၌ ကံကြွေးချစနစ် ထွန်းကားနေသကဲ့သို့ အင်္ဂလန်တွင်လည်း နော်မန်မင်းများ ရောက်လာအုပ်စိုးသည့်အချိန်မှ အစပြု၍ ကံကြွေးချစနစ်သည် အမြစ်တွယ်ခဲ့လေသည်။ ဥရောပတိုက်တွင် ထိုအချိန်အခါက မြောက်နှင့်အရှေ့အရပ်မှ ရိုင်းစိုင်းသောလူအမျိုးမျိုးတို့ ဝင်ရောက်တိုက်ခိုက်ဒုက္ခပေးလာခါစဖြစ်ရာ အအုပ်အထိန်းရှိနိုင်သမျှရှိအောင် ပြုလုပ်ရာမှ ကံကျွေးချစနစ် ပေါ်ပေါက်ခဲ့၏။ ကံကျွေးချစနစ်မှာ ကိုယ့်ဘက်တော်သားဖြစ်အောင် သစ္စာခံစေပြီးမှ မြေငှား၍ အုပ်ချုပ်သော အုပ်ချုပ်ရေးစနစ်တမျိုး ဖြစ်ပေသည်။

သို့သော် ကံကြွေးချစနစ်ကို အုပ်ချုပ်ရေးစနစ်တခုဟု ဆိုခြင်းထက် နေထိုင်ဆက်ဆံမှု စနစ်တခုဟုဆိုက ပို၍မှန်ကန်ပေမည်။ ကံကျွေးချစနစ်အရ ရှင်ဘုရင်သည် နိုင်ငံအလုံးကိုထာဝရဘုရားသခင်က ပေးသနား တော်မူသောကြောင့် အုပ်စိုးရ၍ မြေယာအားလုံး၏ ပိုင်ရှင်ဖြစ်သည်ဟု ဆိုလေသည်။ အဓိကမြေရှင်ကြီး ဖြစ်သော ရှင်ဘုရင်သည် မြေယာများကိုခွဲဝေပြီးလျှင် သူ၏ဆွေတော်မျိုးတော်များနှင့် နောက်လိုက်နောက်ပါ အခြွေအရံမှူးကြီးမတ်ရာများအား သစ္စာခံယူစေပြီးနောက် ငှားရမ်းလေသည်။ ထိုသစ္စာခံ မြေရှင်ကြီးများသည် ဝင်ရောက်တိုက်ခိုက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရန်၊ ခိုင်ခံ့လှသော ကိုယ်ပိုင်ရဲတိုက်ကြီးများ တည်ဆောက်ထားလေသည်။ အခြွေအရံလည် ပေါများသည်။ သူတို့သည် အနီးအနားတဝိုက်တွင် ဘုရင်ကလေးတဆူတဖွယ် ဩဇာလွှမ်းမိုးသူများဖြစ်ကြသည်။ မြေရှင်ကြီးများက တဖန် မိမိတို့ရရှိသော မြေများကို ခွဲဝေ၍ မိမိထက် အင်အားငယ်သောသူများအား သစ္စာခံယူစေပြီးလျှင် ငှားရမ်းပြန်လေသည်။ မြေရှင်ကြီးများသည် ဘုရင့်သစ္စာတော်ခံများဖြစ်သကဲ့သို့ ထိုသူတို့သည်လည်း မြေရှင်ကြီးများ၏ သစ္စာခံများ ဖြစ်လာကြသည်။ ထို့ပြင် သူတို့်သည် မြေရှင်ကြီးများကဲ့သို့ပင် ခိုင်ခံ့သော ရဲတိုက်ကြီးများကို ပိုင်ဆိုင်၍ အနီးအနားတဝိုက်တွင် မင်းမူနေသူများ ဖြစ်၏။ သူတို့ကတဆင့် မြေကို ခွဲဝေ၍ အထက်နည်းအတိုင်း ငှားရမ်းပြန်သည်။ ထိုသို့မြေများကို အဆင့်ဆင့် ငှားရမ်းသွားကြရာ နောက်ဆုံးအဆင့်တွင်ရှိသော သစ္စာခံ၍ မြေငှားယူသူများမှာ စားနိုင်သောက်နိုင်ရုံမျှသာ ရှိလေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ပဒေသရာဇ်စနစ်" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။