တေလာ ဆွစ်ဖ်

ဝီကီပီးဒီးယား မှ
(Taylor Swift မှ ပြန်ညွှန်းထားသည်)
တေလာဆွစ်ဖ်
၂၀၂၃ ခုနှစ် MTV ဗီဒီယိုဂီတဆုပေးပွဲတွင် ပွဲတက်နေသော တေလာဆွစ်ဖ်
ကိုယ်ရေး အချက်အလက်များ
ဒေသခံအမည်Taylor Swift
အမည်ရင်းTaylor Alison Swift
မွေးဖွား (1989-12-13) ၁၃ ဒီဇင်ဘာ၊ ၁၉၈၉ (အသက် ၃၄)
West Reading မြို့၊ Pennsylvania ပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
တက်ကြွသည့်နှစ်များ၂၀၀၄ - လက်ရှိ
တေးသံသွင်း ကုမ္ပဏီRepublic ၊ Big Machine

တေလာဆွစ်ဖ် (အင်္ဂလိပ်: Taylor Alison Swift) သည် အမေရိကန်နိုင်ငံသား တေးရေး၊ တေးဆို တစ်ဦးဖြစ်သည်။ သူမသည် ငယ်စဉ်က Wyomissing, Pennsylvania တွင်နေထိုင်ခဲ့ပြီး အသက် ဆယ့်လေးနှစ်အရွယ်တွင် ကျေးလက်ဂီတ လောကသို့ ဝင်ရောက်ရန် Tennessee ပြည်နယ်၊ Nashville မြို့သို့ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် Big Machine ကုမ္ပဏီနှင့် စာချုပ်ချုပ်ခဲ့ပြီး Sony/ATV တေးသံသွင်းနှင့်စာချုပ်ချုပ်သော အငယ်ဆုံးသီချင်းရေးသူ ဖြစ်လာခဲ့သည်။ Swift သည် သူ၏ ပွဲဦးထွက် Taylor Swift အမည်ရှိ အယ်လ်ဘမ်ဖြင့်ပင် အထူးအောင်မြင်ခဲ့သည်။ ထိုအယ်လ်ဘမ်မှ တတိယမြောက်ထွက်ရှိသော သီချင်းတစ်ပုဒ်ဖြစ်သည့် Our Song အမည်ရှိ သီချင်းဖြင့် ကျေးလက်သီချင်းစာရင်းတွင် ပထမချိတ်ခဲ့ပြီး ၂၀၀၈ ခုနှစ်၏ အကောင်းဆုံး လက်သစ်အဆိုတော်ဆုကို သိမ်းပိုက်ခဲ့သည်။

သူမ၏ ဒုတိယအယ်လ်ဘမ် Fearless သည် ၂၀၀၈ခုနှစ်တွင် ထွက်ရှိခဲ့သည်။ သူ၏ Pop ဂီတအငွေ့အသက်များ ရောနှောထားသော Love Story နှင့် You Belong With Me သီချင်းများ၏ အောင်မြင်မှုနှင့်အတူ Fearless အယ်လ်ဘမ်သည်လည်း ၂၀၀၉ခုနှစ်အတွက် U.S တွင်ရောင်းအားအကောင်းဆုံး အယ်လ်ဘမ် ဖြစ်လာခဲ့သည်။ ထိုအယ်လ်ဘမ်သည် ၂၀၁၀ခုနှစ် ၅၂ ကြိမ်မြောက် Grammy ဆုပေးပွဲတွင် အမြင့်ဆုံးဆုဖြစ်သော တစ်နှစ်တာ အကောင်းဆုံး တေးအယ်လ်ဘမ်ဆု (Album of the Year) ကို ရရှိခဲ့သည်။ ထိုဆုကိုရရှိချိန်တွင် တေလာသည် အသက်၂၀သာ ရှိသေးပြီး တစ်နှစ်တာ အကောင်းဆုံးတေးအယ်လ်ဘမ်ဆုကို အသက်အငယ်ဆုံးနှင့် ရရှိသူ ဖြစ်လာခဲ့သည်။ Fearless အယ်လ်ဘမ်သည် Grammy ဆုပေးပွဲတွင် အကောင်းဆုံးကျေးလက်တေးဂီတအယ်လ်ဘမ်ဆု နှင့် White Horse သီချင်းက ဆုနှစ်ဆုထပ်မံရရှိခဲ့ကာ စုစုပေါင်း ဆုလေးဆု ရရှိခဲ့သည်။ တတိယအယ်လ်ဘမ်ဖြစ်သော Speak Now အယ်လ်ဘမ်သည်လည်း စတင်ရောင်းချသည့် ရက်သတ္တပတ်အတွင်းမှာပင် အချပ်ရေ ၁ သန်းကျော် ရောင်းချနိုင်ခဲ့သည်။ ယင်းအယ်လ်ဘမ်ရှိ Mean သီချင်းဖြင့် Grammy ဆု နှစ်ခုထပ်မံရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် သူမ၏ စတုတ္ထမြောက် အယ်လ်ဘမ်ဖြစ်သော Red အယ်လ်ဘမ် ထွက်ရှိခဲ့သည်။ ယင်း အယ်လ်ဘမ်မှာ စတင်ရောင်းချသည့် တစ်ပတ်အတွင်း ချပ်ရေ ၁.၂ သန်းကို စံချိန်တင်ရောင်းချနိုင်ခဲ့သည်။ ထိုအယ်လ်ဘမ်ရှိ We Are Never Getting Back Together နှင့် I Knew You Were Trouble တို့မှာ ကမ္ဘာတစ်ဝန်းတွင် အထူးအောင်မြင်ခဲ့သည်။

Taylor Swift က သူမ၏သီချင်းများတွင် ကိုယ်တွေ့အကြောင်းအရာများကို ထည့်သွင်းရေးသားလေ့ရှိသည်။ သူ့အား Nashville တေးရေးသူများအစည်းအရုံးနှင့် the Songwriters Hall of Fame တို့ကလည်း ဂုဏ်ပြုခဲ့သည်။ Swift သည် Grammyဆု ဆယ်ဆု၊ Billboard တေးဂီတဆု နှစ်ဆယ့်သုံးဆု(Most Awarded female artist)၊အမေရီကန် တေးဂီတဆု နှစ်ဆယ့်ကိုးဆု(Most Awarded artist) ကျေးလက်တေးဂီတ အဖွဲ့အစည်းမှချီးမြှင့်သောဆု တစ်ဆယ့်တစ်ခု နှင့် ကျေးလက်တေးဂီတ အကယ်ဒမီဆု ခြောက်ဆုတို့ကို လက်ခံရရှိထားသူဖြစ်သည်။AMA(American Music Award)တွင်လည်းဆယ်စုနှစ်အတွင်းအအောင်မြင်ဆုံးအဆိုတော်(Artist of the decade)ဘွဲ့ကိုလက်ခံထားသူဖြစ်သည်၊ Billboard (Greatest Artist of All Time List)တွင်လည်; No.5၌ ဂန္ဓဝင်အဆိုတော်ကြီးများနဲ့အတူပါဝင်ဖော်ပြခြင်း ခံထားရသူလည်းဖြစ်သည်။

ယနေ့အချိန်အထိ အယ်လ်ဘမ်အချပ်ရေ ၂၆သန်းကျော် ရောင်းထွက်ခဲ့ခြင်းကလည်း သူမအား သီချင်းခွေဝယ်လိုအားကောင်းသော အဆိုတော်များထဲမှ တစ်ဦးဖြစ်စေခဲ့သည်။ Swift သည် တေးဂီတနယ်ပယ်တွင်သာမက ရုပ်ရှင်နယ်ပယ်မှာပါ မင်းသမီးတစ်ဦးအနေဖြင့်ပါဝင်ခဲ့သည်။ သူမသည် ၂၀၁၀ခုနှစ်က ရိုက်ကူးသော ဟာသရုပ်ရှင်တစ်ခုဖြစ်သည့် Valentine's Day ရုပ်ရှင်တွင် Felicia Miller အဖြစ်လည်းကောင်း ၂၀၁၂ခုနှစ်တွင်ဖြန့်ချိသော The Lorax ဟူသည့် ကာတွန်းရုပ်ရှင်တွင် အသံသရုပ်ဆောင်အဖြစ်လည်းကောင်းပါဝင်ခဲ့သည်။ Swiftသည် လူမှုရေးလုပ်ငန်းများဖြစ်သော အနုပညာကျောင်း၊ ကလေးသူငယ်များ စာအရေးအဖတ်တတ်မြောက်ရေး၊ သဘာဝဘေးအန္တရာယ်များမှ ပြန်လည်ထူထောင်ရေး၊ LGBT anti-discrimination (လိင်တူချစ်သူများအား ခွဲခြားဆက်ဆံမှု ပပျောက်ရေး)နှင့် ကျန်းမာရေးချို့တဲ့သော ကလေးသူငယ်များအတွက် အကျိုးပြုအဖွဲ့အစည်းများတွင်ပါဝင်ခဲ့သည်။

Taylor သည် အမေရိကန်ရှိ Major Music Awards ပွဲများတွင် အဓိက ဆုများကို နှစ်ကြိမ်ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်သော တစ်ဦးတည်းသော Artist တစ်ယောက်ဖြစ်သည်။

2019 ခုနှစ် Forbes Magazine အဆိုအရ Taylor တွင် စုစုပေါင်းကြွယ်ဝချမ်းသာမှုပေါင်း အမေရိကန်ဒေါ်လာ 380 သန်းကျော်ဟုရှိသည်ဟုသိရှိရသည်။

ဘဝဇာတ်ကြောင်းနှင့် အသက်မွေးဝမ်းကြောင်း[ပြင်ဆင်ရန်]

ငယ်ဘဝ[ပြင်ဆင်ရန်]

Taylor Alison Swift အား ၁၉၈၉ခုနှစ်၊ ဒီဇင်ဘာ ၁၃တွင် မွေးဖွားခဲ့သည်။ သူ၏ဖခင်ဖြစ်သူ Mr.Scott Kingsleyသည် Merrill Lynch ဘဏ်တွင် ဘဏ္ဍာရေးအကြံပေးတစ်ဦးဖြစ်ပြီး Pennsylvania ဇာတိဖြစ်သည်။ မိခင်ဖြစ်သူ Andrea (ငယ်အမည် Finlay) သည် ယခင်က အရောင်းမြှင့်တင်ရေး အရာရှိတစ်ဦးဖြစ်ပြီး လက်ရှိတွင်ယင်းအလုပ်မှအနားယူထားပြီးဖြစ်သည်။ Texasပြည်နယ်တွင်အခြေချမနေထိုင်မီ Andrea ၏ဖခင်သည် အရှေ့တောင်အာရှတွင် အင်ဂျင်နီယာတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့ရာ သူမအသက်ဆယ်နှစ်အထိ စင်ကာပူတွင်နေထိုင်ခဲ့ရသည်။ Swift တွင် Noth Dame တက္ကသိုလ်တွင်တက်ရောက်နေသော Austin Swift ဟူသည့်မောင်တစ်ဦးလည်းရှိသည်။ သူတို့နှစ်ယောက်စလုံး Presbyterian faith နှင့် bible ကျောင်းတို့တွင်တက်ရောက် ကြီးပြင်းခဲ့သည်။ Swift သည် သူ၏ငယ်ဘဝကို Curium မြို့နယ်အနီးရှိ (၁၁)ဧက ကျယ်သောခရစ်စမတ်သစ်ပင်ခြံတွင် ကုန်လွန်စေခဲ့သည်။ သူသည် မူကြိုနှင့်မူလတန်းကို Alvernia Montessori ကျောင်းတွင်တက်ရောက်ခဲ့ပြီး Wundcroft ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ သူ ကိုးနှစ်ပြည့်သောအခါ မိသားစုနှင့် Wyomissing, Pennsylvania သို့ပြောင်းရွှေ့ခဲ့ရာ West Reading မူလတန်းကျောင်းတွင် လည်းကောင်း Wyomissing Area Junior/Senior အထက်တန်းကျောင်းတွင်လည်းကောင်း အတန်းပညာ သင်ယူခဲ့သည်။ နွေရာသီ အားလပ်ရက်များတွင် New Jersy၊ Stone ဆိပ်ကမ်းရှိ မိသားစုပိုင် ကမ်းခြေအိမ်ကလေးတွင် အပန်းဖြေလေ့ရှိသည်။ ( ထိုနေရာသည် သူ၏ ငယ်ဘဝ အမှတ်တရ အများစုဖြစ်ခဲ့ကြောင်း နောက်ပိုင်းတွင် ပြန်လည်ပြောပြခဲ့သည်။ )

မိသားစုပိုင် မြင်းများလည်းရှိသေးသဖြင့် သူ၏မြင်းစီးခြင်း ဝါသနာပါခြင်းမှာ သံသယဖြစ်ဖွယ်မရှိခြေ။ သူကိုးလသား အရွယ်တည်းက မိခင်နှင့် မြင်းစီးသင်ခဲ့ပြီး နောင်တွင် မြင်းစီးပြိုင်ပွဲများပင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သေးသည်။ အသက်ကိုးနှစ်အရွယ်သို့ ရောက်လာသော Swift လေးသည် တေးဂီတဆိုင်ရာပြဇာတ်များကို စိတ်ဝင်စားလာသည်။ ထိုဝါသနာအရ Berks Youth Theatre Academy ထုတ်လုပ်ရေးတွင် အကြိမ်ကြိမ် ပါဝင်တင်ဆက်ခဲ့ပြီး Broadway ကာ အသံနှင့် သရုပ်ဆောင်ခြင်းဆိုင်ရာ လေ့ကျင့်မှုများလည်း ပြုလုပ်ခဲ့သည်။ Swift သည် စနေ၊ တနင်္ဂနွေရက်များတွင် မြို့နယ်ပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများ၊ ကာရာအိုကေပြိုင်ပွဲများ၊ ပန်းဥယျာဉ်အသင်း၊ ကင်းထောက်အသင်းနှင့် အားကစားပွဲများတွင် အချိန်ဖြုန်းလေ့ရှိသည်။ ရှုံးနိမ့်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသော အသက်ဆယ့်တစ်နှစ်အရွယ် Swift လေးသည် တစ်နေ့တွင် မြို့နယ်ပြိုင်ပွဲတစ်ခု၌ LeAnn Rime ၏ 'Big Deal'သီချင်းဖြင့်အနိုင်ရခဲ့ပြီး Strauss townပြဇာတ်ရုံတွင် Charlie Daniels အဖြစ်အဖွင့်ပိုင်းတွင် ပါဝင်တင်ဆက်ရန် အခွင့်အရေးရခဲ့သည်။ သို့ရာတွင် ထိုအခွင့်အရေးက Swift အား အလယ်တန်းကျောင်းမှ သာမန်ကျောင်းသူများနှင့် သီးခြားကဲ့သို့ဖြစ်စေခဲ့သည်။

Faith Hill အကြောင်းရိုက်ထားသည့် Behind The Music ဇာတ်လမ်းကို ကြည့်ရှုပြီး Swift သည် သူ၏အနုပညာ လမ်းကြောင်းအတွက် Nashville, Tennesse သို့ပြောင်းရွှေရမည်ဟု ယုံကြည်လာသည်။ ထို့ကြောင့် တစ်ခုသော နွေဦးရာသီတွင် မိခင်နှင့်အတူ ယင်းမြို့သို့ ပြောင်းရွှေ့လာခဲ့သည်။ တစ်နေ့သ၌ အသက်ဆယ့်နှစ်နှစ် ရောက်နေပြီဖြစ်သော Swift အား ကွန်ပျူတာပြင်သမားတစ်ဦးက ဂစ်တာကော့ဒ် သုံးခုသင်ပေးခဲ့သည်။ ထိုကော့ဒ်သုံးခုဖြင့် သူမ၏ပထမဆုံးသီချင်းဖြစ်သော Lucky You ကို ရေးဖွဲ့ခဲ့သည်။ Swift နှင့် သူ၏မိဘနှစ်ပါးတို့သည် ၂၀၀၃ခုနှစ်မှစတင်ကာ နယူးယောက်မြို့အခြေစိုက် ဂီတမန်နေဂျာ Dan Dymtrow ဆိုသူနှင့် စတင်အလုပ်လုပ်ခဲ့ကြသည်။ Taylor သည် Dan ၏အကူအညီပေးမှုအရ Abercrombie & Fitch ကုမ္ပဏီ၏ Rising Stars Campaign အတွက် ခေတ္တမျှ မော်ဒယ်လ်လုပ်ခဲ့သေးသည်။ Dan ၏အကူအညီဖြင့်ပင် Maybelline ကုမ္ပဏီ၏ စုပေါင်းအယ်လ်ဘမ်တွင်လည်း သူ၏ကိုယ်တိုင်ရေးသီချင်းတစ်ပုဒ်ပါဝင်ခဲ့ပြီး တေးသံသွင်းကုမ္ပဏီကြီး အမြောက်အမြားနှင့်လည်း တေးသီချင်းထုတ်ခွင့်ရရေး သွားရောက်တွေ့ဆုံခဲ့သည်။ RCA တေးသံသွင်းမှပြုလုပ်သော Showcase ပွဲတွင်ကိုယ်တိုင်ရေးသီချင်းများကို ဖျော်ဖြေပြီးနောက် RCA နှင့်အနုပညာရှင်မြေတောင်မြှောက်ပေးရေးအစီအစဉ်တစ်ခုကို သဘောတူညီမှုရရှိခဲ့သည်။ ထို့နောက်ပိုင်းတွင် တေလာသည် သူ၏မိခင်နှင့်အတူ Nashville ကို မကြာခဏဆိုသလို ခရီးသွားခဲ့ရပေသည်။

တေလာ အသက်၁၄နှစ် ရောက်သောအခါ တေလာ၏အဖေက တေလာ Countryဂီတလောကတွင် တိုးပေါက်လာအောင် သူအလုပ်လုပ်သော Merrill Lynch ကုမ္ပဏီ၏ Nashville ရုံးခွဲသို့ ပြောင်းရွေ့ခဲ့သည်။ သူတို့၏မိသားစုသည် Hendersonville ရှိ ရေကန်ကို မျက်နှာမူထားသောအိမ်သို့ ပြောင်းရွေ့နေထိုင်ခဲ့ကြသည်။ တေလာသည် အစက အစိုးရအထက်တန်းကျောင်းတွင် တက်ရောက်ခဲ့သည်။ သို့သော် ဂီတအလုပ်ကို အဆင်ပြေပြေလုပ်နိုင်ရန် အစိုးကျောင်းတက်ပြီးနှစ်နှစ်အကြာတွင် အိမ်၌နေ၍စာသင်ခွင့်ပေးသော Aaron Academy အထက်တန်းကျောင်းသို့ ပြောင်းရွေ့တက်ရောက်ခဲ့သည်။ တေလာသည် ထိုကျောင်းတွင်တက်ရင်း အထက်တန်းအောင်ခဲ့သည်။ တေလာသည် သတ်မှတ်စာသင်နှစ်ထက်တစ်နှစ်စောကာ အထက်တန်းအောင်ခဲ့သော်လည်း ဘာသာတိုင်းတွင် အမှတ်ကောင်းခဲ့သည်။

၂၀၀၄ မှ ၂၀၀၈ အထိ၊ ဂီတသက်တမ်းအစနှင့် Taylor Swift အယ်လ်ဘမ်

Nashville မြို့တွင် တေလာသည် Troy Verges၊ Brett Beavers၊ Brett James၊ Mac McAnally နှင့် The Warren Brothers ကဲ့သို့သော အတွေ့အကြုံရှိ တေးရေးကျွမ်းကျင်သူများနှင့် တွဲ၍အလုပ်လုပ်ခဲ့သည်။ နောက်ပိုင်းတွင် တေလာသည် တေးရေးဆရာမ Liz Rose နှင့် အမြဲလိုလို တွဲ၍အလုပ်လုပ်ခဲ့သည်။ Liz နှင့် တေလာတို့သည် အပတ်စဉ် အင်္ဂါနေ့ မွန်းလွဲပိုင်း တေလာကျောင်းဆင်းတိုင်းလိုလိုတွင်တွေ့ဆုံကြပြီး နှစ်နာရီခန့် သီချင်းရေးလေ့ကျင့်ခဲ့ကြသည်။ Liz က တေလာ၏အကြောင်းကို "ဒီသီချင်းရေးလေ့ကျင့်တဲ့အချိန်တွေဟာ ကျွန်မလုပ်ဖူးသမျှတွေထဲမှာ အလွယ်ဆုံးပါပဲ။ သဘောအရဆို ကျွန်မက သူ့ရဲ့တည်းဖြတ်သူသက်သက်ပါ။ သူက သူဒီနေ့ကျောင်းမှာဘာတွေဖြစ်ခဲ့တယ် ဆိုတာကိုသီချင်းရေးတယ်။ သူက သူဘာပြောချင်သလဲဆိုတာကို ရှင်းရှင်းလင်းလင်းရေးပြနိုင်တယ်။ သူသီချင်းရေးရင် hook အပိုဒ်တွေက အမြဲတမ်းထူးခြားနေတာပဲ" ဟုပြေခဲ့သည်။ တေလာသည် Sony/ATV Tree နှင့်စာချုပ်ချုပ်ခဲ့သော်လည်း သူ့အသက် ဆယ့်လေးနှစ်တွင် လမ်းခွဲခဲ့သည်။ နောင်ပိုင်းတွင် သူက "အဲဒီတုန်းက ကျွန်မဟာ ကျွန်မအချိန်တွေကို ဆုံးရှုံးနေခဲ့တယ်။ ကျွန်မဘဝရဲ့အဲဒီနှစ်တွေကို အယ်လ်ဘမ်တချပ်ပေါ်မှာသိမ်းထားချင်ခဲ့တယ်" ဟုပြောခဲ့သည်။

၂၀၀၅ခုနှစ်တွင် တေလာသည် Nashville မြို့ရှိ Bluebird Cafe ၌ပြုလုပ်သော Showcase ပွဲတွင် Big Machine အမည်ရှိ ကိုယ်ပိုင်တေးသံသွင်းကုမ္ပဏီကို တည်ထောင်ရန်ပြင်ဆင်နေသော Dreamworks Records ၏ အမှုဆောင်တစ်ဦးဖြစ်သူ Scott Borchetta ၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ တေလာသည် Big Machine ကုမ္ပဏီနှင့် အစောဆုံးစာချုပ်ချုပ်ခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ တေလာ၏အဖေသည် ဒေါ်လာ ၁၂၀၀၀၀ ခန့်တန်ဖိုးရှိသော Big Machine ၏ ရှယ်ယာ၃ရာခိုင်နှုန်းကိုဝယ်ယူခဲ့သည်။ တေလာသည် Big Machine နှင့် စာချုပ်ချုပ်ပြီးများမကြာမီမှာပင် သူ့နာမည်ကိုအစွဲပြု၍မှည့်ထားသော တေလာဆွစ်ဖ် အယ်လ်ဘမ်ကို စတင်လုပ်ကိုင်ခဲ့သည်။ သူသည် သူနှင့်ထူးခြားသောအဆက်အသွယ်ရှိသည်ဟုခံစားမိသော တေးဂီတထုတ်လုပ်သူ Nathan Chapman ကို သူ့အတွက်ငှားပေးရန် Big Machine ကို တိုက်တွန်းခဲ့သည်။ တေလာသည် အယ်လ်ဘမ်ထဲမှသီချင်းသုံးပုဒ်ကို တစ်ဦးတည်းရေးသားခဲ့ပြီး ကျန်ရှစ်ပုဒ်ကို Liz Rose၊ Robert Ellis Orrall၊ Brian Maher နှင့် Angelo Petraglia ကဲ့သို့သောတေးရေးများနှင့် ပူးပေါင်းရေးသားခဲ့သည်။ တေလာဆွစ်ဖ် ကို ၂၀၀၆ခုနှစ် အောက်တိုဘာလ ၂၄ရက်နေ့တွင် ဖြန့်ချိခဲ့သည်။ The New York Times ဂျာနယ်ကြီး၏ဝေဖန်ရေးဆရာ Jon Caramanica က "ဒီအယ်လ်ဘမ်ဟာ တေလာရဲ့ခိုင်မာပြီးကြင်နာစရာကောင်းတဲ့အသံနဲ့ သီဆိုထားတဲ့ အံ့ဩစရာကောင်းပြီး အပြစ်ရှာစရာမရှိတဲ့ Pop အငွေ့အသက်တွေနဲ့ Country ဂန္ထဝင်လက်ရာလေးပါ" ဟုချီးကျူးခဲ့သည်။ တေလာဆွစ်ဖ် သည် ၂၀၁၆ခုနှစ် ဩဂုတ်လအရောက်တွင် အချပ်ရေပေါင်း ၇.၇သန်း ရောင်းချပြီးဖြစ်သည်။

တေလာသည် ၂၀၀၆ခုနှစ်၏ အချိန်အတော်များများကို ရေဒီယိုနှင့်တီဗွီတွင် ဖျော်ဖြေရင်း တေလာဆွစ်ဖ် ကိုအရောင်းမြှင့်တင်နေခဲ့သည်။ တေလာဆွစ်ဖ် အယ်လ်ဘမ်မှ Tim McGraw၊ Teardrops on My Guitar၊ Our Song၊ Picture to Burn နှင့် Should'vd Said No ဟူ၍ Singleသီချင်း၅ပုဒ်ထွက်ရှိခဲ့ပြီး Our Song နှင့် Should've Said No တို့သည် Billboard Hot Country Songs ဇယားတွင် နံပါတ်တစ်နေရာကိုရရှိခဲ့သည်။ အခြား Singleသီချင်းများသည်လည်း အတော်အတန်အောင်မြင်မှုရရှိခဲ့သည်။ တေလာသည် Our Song သီချင်းကို တစ်ကိုယ်တည်းရေးထားကာ ကိုယ်တိုင်ဆိုထားသောကြောင့် Billboard Hot Country Songs ဇယားတွင် နံပါတ်တစ်ရဖူးသမျှလူများတွင် အသက်အငယ်ဆုံး သီချင်းကို ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုသူဖြစ်လာခဲ့သည်။ Teardrops on My Guitar သီချင်းသည် Billboard Hot 100 တွင် နံပါတ်၁၃ထိချိတ်ခဲ့ပြီး Hitသီချင်းတစ်ပုဒ်ဖြစ်လာခဲ့သည်။ တေလာသည် Sounds of the Season: The Taylor Swift Holiday Collection အမည်ရှိ ခရစ္စမတ်အယ်လ်ဘမ်ကို ၂၀၀၇ခုနှစ် အောက်တိုဘာလ နှင့် Beautiful Eyes အမည်ရှိ မီနီအယ်လ်ဘမ်ကို ၂၀၀၈ခုနှစ် ဂျူလိုင်လ တို့တွင် အသီးသီးဖြန့်ချိခဲ့သည်။ တေလာသည် အခြားနာမည်ကြီးအဆိုတော်များ၏ နယ်လှည့်ပွဲများတွင် အဖွင့်အဖြစ်သီဆိုပေးခြင်းဖြင့် သူ၏ပွဲဦးထွက်အယ်လ်ဘမ်ကို အရောင်းမြှင့်တင်ခဲ့သည်။

တေလာသည် သူ၏ပွဲဦးထွက်အယ်လ်ဘမ်ဖြင့်ပင် ဆုအမြောက်အမြားရရှိခဲ့သည်။ သူသည် ၂၀၀၇ခုနှစ်တွင် Nashville Songwriters Association ၏ Songwriter/Artist of the Year ဆုကိုရရှိကာ ထိုဆုကို အသက်အငယ်ဆုံးရရှိသူဖြစ်လာသည်။ တေလာသည် Country Music Association ၏ Horizon Award for Best New Artist ဆု၊ the Association of Country Music မှချီးမြှင့်သော Top New Female Vocalist ဆု နှင့် American Music Awards ၏ Favourite Country Female Artist ဆုတို့ကိုလည်းရရှိခဲ့သည်။ တေလာသည် ၂၀၀၈ခုနှစ် အကြိမ် ၅၀ မြောက်ဂရမ်မီဆုပေးပွဲတွင်လည်း အကောင်းဆုံးမျက်နှာသစ်အဆိုတော်ဆု (Best New Artist) အတွက် ဆန်ကာတင်စာရင်းဝင်ခဲ့သော်လည်း Amy Winehouse ကိုရှုံး၍ ဆန်ကာတင်နှင့်သာ ကျေနပ်ခဲ့ရသည်။ သူသည် ၂၀၀၈ခုနှစ် ဂျူလိုင်လတွင် Joe Jonas နှင့် စတင်ချစ်ကြိုက်ခဲ့ပြီး ၃လအကြာတွင် လမ်းခွဲခဲ့သည်။

၂၀၀၈ မှ ၂၀၁၀ အထိ၊ Fearless အယ်လ်ဘမ်နှင့် သရုပ်ဆောင်လုပ်ခြင်း

တေလာသည် သူ၏ဒုတိယမြောက်အယ်လ်ဘမ် Fearless ကို ၂၀၀၈ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့တွင် ဖြန့်ချိခဲ့သည်။ အယ်လ်ဘမ်၏ ပထမဆုံး Singleသီချင်း Love Story ကို ၂၀၀၈ခုနှစ် စက်တင်ဘာလတွင် ဖြန့်ချိခဲ့ပြီး Billboard Hot 100 တွင် နံပါတ်လေးနေရာအထိ ချိတ်ခဲ့သည်။ နောက်ထပ် Single သီချင်းလေးပုဒ်ဖြစ်သည့် White Horse၊ You Belong with Me၊ Fifteen နှင့် Fearless တို့ကို ၂၀၀၈ခုနှစ်နှင့် ၂၀၀၉ခုနှစ်အတွင်းဖြန့်ချိခဲ့သည်။ အယ်လ်ဘမ်၏ Billboard Hot 100 ဇယားတွင် အမြင့်ဆုံးချိတ်ခဲ့သောသီချင်းမှာ You Belong with Me ဖြစ်ပြီး နံပါတ်နှစ်အထိချိတ်ခဲ့သည်။ Fearless သည် စတင်ဖြန့်ချိသည့် ရက်သတ္တပတ်တွင်ပင် Billboard 200 ဇယားတွင် နံပါတ်တစ်နေရာကိုရရှိခဲ့ပြီး ၂၀၀၉ခုနှစ်အတွင်း အမေရိကန်နိုင်ငံ၏ ရောင်းအားအကောင်းဆုံးအယ်လ်ဘမ် ဖြစ်လာခဲ့သည်။ တေလာသည် အယ်လ်ဘမ်ကို အရောင်းမြှင့်တင်ရန်အတွက် သူ၏ပထမဆုံးသော Fearless နယ်လှည့်ဖျော်ဖြေရေးခရီးထွက်ခဲ့ပြီး ဒေါ်လာ ၆၃သန်း အထိရရှိခဲ့သည်။ နယ်လှည့်ခရီး၏ ရှိုးပွဲများကိုရိုက်ကူးထားသော Taylor Swift: Journey to Fearless အခွေကို တီဗွီတွင်လွှင့်ခဲ့ပြီး နောက်ပိုင်းတွင် DVD နှင့် Blu-ray အခွေအဖြစ် ဖြန့်ချိခဲ့သည်။ တေလာသည် Country အဆိုတော် Keith Urban ၏ Escape Together နယ်လှည့်ဖျော်ဖြေရေးခရီးစဉ်အတွက် အကူအနုပညာရှင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

၂၀၀၉ခုနှစ် MTV Video Music Award ဆုပေးပွဲတွင် တေလာ၏ You Belong with Me သီချင်း၏ တေးဂီတဗွီဒီယိုက အကောင်းဆုံးအမျိုးသမီးဗွီဒီယိုဆု (Best Female Video) ကိုရရှိခဲ့သည်။ တေလာက ဆုကိုလက်ခံပြီးနောက် ကျေးဇူးတင်စကားပြောနေစဉ် ရပ်ပ်ပါ Kanye West သည် စင်ပေါ်သို့ပြေးတက်လာပြီး တေလာ၏ကျေးဇူးတင်စကားကို နှောင့်ယှက်ခဲ့သည်။ ထိုအဖြစ်အပျက်သည် အငြင်းပွားဖွယ်ရာနှင့် မီဒီယာ၏ မကြာခဏအာရုံစိုက်ခံရသော သတင်းတစ်ပုဒ် ဖြစ်လာခဲ့ပြီး ထိုကိစ္စနှင့်ပက်သက်ပြီး Internet Meme အမြောက်အမြားလည်း ထွက်ရှိလာခဲ့သည်။ MTV ၏ James Montgomery က ထိုအဖြစ်အပျက်နှင့် မီဒီယာ၏အာရုံစိုက်ခံရမှုတို့ကြောင့် တေလာကို ရိုးသားသောပုံရိပ်ရှိသော နာမည်ကြီးအဆိုတော်တစ်ဦး ဖြစ်လာစေခဲ့သည်ဟု ပြောဆိုခဲ့သည်။

Fearless သည် တေလာကို ဆုပေါင်းမြောက်မြားစွာကိုရရှိစေခဲ့သည်။ ၂၀၁၀ခုနှစ်တွင် တေလာသည် ဂရမ်မီဆုလေးဆုရရှိခဲ့သည်။ Fearless က တစ်နှစ်တာအကောင်းဆုံးအယ်လ်ဘမ်ဆုနှင့် အကောင်းဆုံးကျေးလက်တေးဂီတအယ်လ်ဘမ်ဆုတို့ကို ရရှိခဲ့ပြီး White Horse သီချင်းက အကောင်းဆုံးကျေးလက်တေးဂီတသီချင်းနှင့် အကောင်းဆုံးအမျိုးသမီးကျေးလက်တေးဂီတအဆိုတော်ဆုတို့ကို ရရှိခဲ့သည်။ တေလာသည် ဂရမ်မီဆု၏အမြင့်ဆုံးဆုဖြစ်သော တစ်နှစ်တာအကောင်းဆုံးအယ်လ်ဘမ်ဆုကို အသက်အငယ်ဆုံးနှင့် ရရှိသူဖြစ်လာသည်။ ဂရမ်မီဆုချီးမြှင့်ပွဲတွင် တေလာသည် Stevie Nicks နှင့်တွဲကာ You Belong with Me နှင့် Rhiannon သီချင်းတို့ကိုဖျော်ဖြေခဲ့သည်။ ထိုဖျော်ဖြေမှု၌ သီဆိုခဲ့သော သူ၏အသံကို မီဒီယာများက အနုတ်သဘောဆောင် ဝေဖန်ခဲ့ကြပြီး အပြစ်တင်ခံခဲ့ရသည်။ တေလာသည် Country Music Association မှချီးမြှင့်သော Entertainer of the Year ဆုကို အသက်အငယ်ဆုံးနှင့်ရရှိသူ ဖြစ်လာသည်။ Fearless သည် Country Music Association ၏ Album of the Year ဆုကိုရရှိခဲ့သည်။ တေလာသည် Fearless အယ်လ်ဘမ်ဖြင့်ပင် American Music Award ၏ Artist of the Year နှင့် Favourite Country Album ဆု၊ Billboard ၏ ၂၀၀၉ခုနှစ်အတွက် Artist of the Year ဆုတို့ကိုလည်း ရရှိခဲ့သည်။

တေလာသည် John Mayer ၏ စတုတ္ထမြောက်အယ်လ်ဘမ် Batte Studies (၂၀၀၉) မှ Singleတစ်ပုဒ်ဖြစ်သည့် Half of My Heart သီချင်းအတွက် နောက်ခံအသံကို ပံ့ပိုးပေးခဲ့သည်။ တေလာသည် Kellie Pickler နှင့် Best Days of Your Life သီချင်းကို ပူးပေါင်းရေးသားခဲ့ပြီး နှစ်ဦးတွဲ၍ သီဆိုခဲ့ကြသည်။ ထို့နောက် တေလာသည် Hannah Montana: The Movie ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်သီချင်းအဖြစ် You'll Always Find Your Way Back Home နှင့် Crazier သီချင်းနှစ်ပုဒ်ကို အခြားတေးရေးများနှင့် ပူးပေါင်းရေးသားခဲ့သည်။ သူသည် Boys Like Girls အဖွဲ့နှင့်လည်း Two Is Better Than One သီချင်းကို ပူးတွဲသီဆိုခဲ့သည်။ တေလာသည် Valentine's Day ရုပ်ရှင်ဇာတ်ကားအတွက်လည်း Today Was a Fairytale အမည်ရှိ ဇာတ်ဝင်တေးတစ်ပုဒ်ကို ရေးသားသီဆိုခဲ့သည်။ Today Was a Fairytale သည် တေလာ၏ Canadian Hot 100 တွင် ပထမဦးဆုံး နံပါတ်တစ်ရသော သီချင်းဖြစ်လာခဲ့သည်။

တေလာသည် သူ၏ပထမဆုံးသော သရုပ်ဆောင်ခြင်းကို ၂၀၀၉ခုနှစ်၏ CSI: Crime Scene Investigation ရုပ်သံဇာတ်လမ်းတွဲတွင် ဂျစ်ကန်ကန်ဆယ်ကျော်သက်တစ်ဦးအဖြစ်သရုပ်ဆောင်ပြီး စတင်ခဲ့သည်။ တေလာသည် ၂၀၀၉ခုနှစ် အကုန်ပိုင်းတွင် Saturday Night Live အစီအစဉ်တွင် အစီအစဉ်တင်ဆက်သူအဖြစ်ရော ဧည့်သည်အဆိုတော်အဖြစ်ရော ဆောင်ရွက်ခဲ့သည်။ Entertainment Weekly မဂ္ဂဇင်းက တေလာ့ကို "ဒီနှစ်အစီအစဉ်ရဲ့ အကောင်းဆုံးအစီအစဉ်တင်ဆက်သူပါပဲ။ သူဟာ အခက်အခဲတွေအတွက် အမြဲအဆင်သင့်ဖြစ်နေတယ်။ ရယ်စရာလည်းကောင်းတယ်။ ပြီးတော့ တခြားသရုပ်ဆောင်တွေကိုလည်း အကောင်းဆုံးသရုပ်ဆောင်နိုင်အောင် ကူညီပေးတယ်" ဟု ချီးကျူးခဲ့သည်။ တေလာသည် ၂၀၀၉ခုနှစ်အောက်တိုဘာလအတွင်း သူ၏ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်သော Valentine's Dayကို ရိုက်ကူးနေစဉ် တွဲဖက်သရုပ်ဆောင် Taylor Lautner နှင့် ချစ်ကြိုက်ခဲ့သည်။ သို့သော် ထိုနှစ်အကုန်ပိုင်းတွင် နှစ်ဦးသား လမ်းခွဲခဲ့ကြသည်။ ၂၀၁၀ခုနှစ် အကုန်ပိုင်းလောက်တွင် တေလာသည် ရုပ်ရှင်မင်းသား Jake Gyllenhaal နှင့် ခဏတာ တွဲခဲ့သည်။

ထုတ်လုပ်ခဲ့သော တေးအယ်လ်ဘမ်များ[ပြင်ဆင်ရန်]

စတိုဒီယိုအယ်လ်ဘမ်များ

  • Taylor Swift (2006)
  • Fearless (2008)
  • Speak Now (2010)
  • Red (2012)
  • 1989 (2014)
  • Reputation (2017)
  • Lover (2019)
  • Folklore (2020)
  • Evermore (2020)
  • Midnights (2022)
  • The Tortured Poets Department (2024)

ပြန်လည်အသံသွင်းခဲ့သော အယ်လ်ဘမ်များ

  • Fearless (Taylor's Version) (2021)
  • Red (Taylor's Version) (2021)
  • Speak Now (Taylor's Version) (2023)
  • 1989 (Taylor's Version) (2023)