ဦးဆောင်ညွှန်ကြားရေးမှူး

ဝီကီပီးဒီးယား မှ

ဦးဆောင်ညွှန်ကြားရေးမှူး (အင်္ဂလိပ်: Managing Director) ဆိုသည်မှာ နိုင်ငံတော်အစိုးရ၏ ကော်ပိုရေးရှင်း၊ လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးအဖွဲ့၊ ဘဏ် အစရှိသော ဝန်ထမ်းအဖွဲ့အစည်းများ၏ အကြီးအမှူးရာထူးဖြစ်သည်။ "ဦးဆောင်ညွှန်ကြားရေးမှူး" ဆိုသော အခေါ်အဝေါ်ကို အစိုးရဌာနဆိုင်ရာများတွင် သုံးလေ့ရှိပြီး အစိုးရပိုင်မဟုတ်သည့် အများနှင့်သက်ဆိုင်သော (သို့မဟုတ်) အများနှင့်မသက်ဆိုင်သော ကုမ္ပဏီများတွင်မူ "မန်နေဂျင်းဒါရိုက်တာ" ဟုလည်းကောင်း၊ "အုပ်ချုပ်မှုဒါရိုက်တာ" ဟုလည်းကောင်း သုံးလေ့ရှိသည်။

ဝန်ထမ်းအဖွဲ့အစည်း[ပြင်ဆင်ရန်]

ဝန်ထမ်းအဖွဲ့အစည်းများတွင် ဦးဆောင်ညွှန်ကြားရေးမှူးသည် ယင်းအဖွဲ့အစည်းများ၏ အမြင့်ဆုံးရာထူးဖြစ်ပြီး ညွှန်ကြားရေးမှူးချုပ်/ပါမောက္ခချုပ်/လေကြောင်းပျံသန်းရေးဌာနမှူးချုပ် အစရှိသော ရာထူးများနှင့် ညီမျှသည်။ အစိုးရစီမံခန့်ခွဲမှုအင်္ဂါစဉ်အရ ဦးဆောင်ညွှန်ကြားရေးမှူးသည် အထွေထွေမန်နေဂျာ (အင်္ဂလိပ်: General Manager) ၏ အထက်တွင်ရှိပြီး အချို့အဖွဲ့အစည်း၌မူ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး (အင်္ဂလိပ်: Deputy Managing Director) ၏ အထက်တွင်ရှိသည်။

ကုမ္ပဏီ[ပြင်ဆင်ရန်]

အများနှင့်သက်ဆိုင်သော (သို့မဟုတ်) အများနှင့်မသက်ဆိုင်သော ကုမ္ပဏီများတွင် ဦးဆောင်ညွှန်ကြားရေးမှူးထက် မန်နေဂျင်းဒါရိုက်တာဖြစ်စေ၊ အုပ်ချုပ်မှုဒါရိုက်တာဖြစ်စေ သုံးနှုန်းလေ့ရှိသည်။ ယျေဘုယျအားဖြင့် ယင်းရာထူးသည် ဒါရိုက်တာများဘုတ်အဖွဲ့၏ အကြီးအကဲဖြစ်ပြီး ကုမ္ပဏီ၏ အစုရှယ်ယာရှင်ဖြစ်သည်။ ၎င်းသည် ဥက္ကဋ္ဌ၊ အမှုဆောင်အရာရှိချုပ် အစရှိသော ရာထူးများ၏ အောက်တွင်ရှိပြီး ဒါရိုက်တာများ၏ အထက်တွင်ရှိသည်။ ဥက္ကဋ္ဌ၊ အမှုဆောင်အရာရှိချုပ် မရှိသည့် ကုမ္ပဏီများတွင် မန်နေဂျင်းဒါရိုက်တာ (သို့မဟုတ်) အုပ်ချုပ်မှုဒါရိုက်တာသည် ယင်းကုမ္ပဏီ၏ စီမံခန့်ခွဲမှုတွင် အမြင့်ဆုံးဖြစ်သည်။