ဥရောပဘုံဈေးအဖွဲ့ ထိပ်သီးအစည်းအဝေး

ဝီကီပီးဒီးယား မှ

ဥရောပဘုံဈေးအဖွဲ့ဝင် ကိုးနိုင်ငံ၏ ထိပ်သီးအစည်းအဝေး ပွဲကို အီတလီနိုင်ငံ ဗင်းနစ်မြို့၌ ၁၉၈ဝ ပြည့်နှစ် ဇွန်လ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် ကျင်းပခဲ့သည်။ နှစ်ရက်ကြာ စည်း ဝေးပွဲအပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။ ယင်း ကြေညာချက်တွင် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များ၌ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (ပီအယ်အို)ပါဝင် ရမည်ဖြစ်ကြောင်းဖြင့် ထောက်ခံတင်ပြထားသည်။

အရှေ့အလယ်ပိုင်းဒေသအား နိုင်ငံတကာက အာမခံသော စနစ်တစ်ခုတွင် ဘုံဈေးအဖွဲ့ဝင် ကိုးနိုင်ငံကလည်း ပါဝင်ဆောင် ရွက်ရန် ပြင်ဆင်နေကြောင်းဖြင့်လည်း ကြေညာချက်တွင် ဖော်ပြ ထားသည်။ ပါလက်စတိုင်း ပြဿနာသည် ဒုက္ခသည်ပြဿနာ တစ်ခု မဟုတ်ကြောင်း၊ ပါလက်စတိုင်းလူထုသည် ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးနိုင်ခွင့်ကို အပြည့်အဝ ကျင့်သုံးနိုင်ရမည် ဖြစ်ပြီး ပါလက်စတိုင်းလူထုနှင့် ပီအယ်အိုတို့သည် စေ့စပ်ဆွေးနွေးပွဲ များတွင် ပါဝင်ခွင့် ရရမည်ဟုလည်း ဆိုသည်။

ဥရောပဘုံဈေးအဖွဲ့ခေါင်းဆောင်များသည် ပီအယ်အို၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထားကို ပထမ ဦးဆုံးအကြိမ် ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပီအယ်အိုကို ပါဝင်ခွင့်ပေးရမည်ဟု ဆိုသော် လည်း ပီအယ်အိုကိုကား ၎င်းတို့ အသိအမှတ်မပြုကြချေ။ ပါလက်စတိုင်း လူထု၏တစ်ဦးတည်းသော တရားဝင် ကိုယ်စား လှယ်အဖြစ်လည်း အသိအမှတ်မပြုချေ။

သိမ်းပိုက်ထားသောနယ်မြေများ၌ အစ္စရေးလူနေစခန်းများ ထူထောင်သည့် အစ္စရေးပေါ်လစီကိုလည်း ရပ်ဆိုင်းရန် တောင်း ဆိုသည်။ ထိုပေါ်လစီသည် ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အကြီးအကျယ် အနှောင့်အယှက်တစ်ခု ဖြစ်သည်ဟုလည်း ကောင်း၊ အစ္စရေးနိုင်ငံသည် အာမခံချက်ရှိသော အများက အသိအမှတ်ပြုသည့် သက်ဆိုင်သည့် ပါတီအားလုံး အင်အား အသုံးပြုမှုကို ခွင့်လွှတ်မှသာ ယုံကြည်မှုရှိသော အခြေအနေကို ဖန်တီးနိုင်လိမ့်မည်ဟုလည်းကောင်း ယုံကြည်သည်။

ဂျရူးဆလမ်မြို့ အရေးနှင့်ပတ်သက်ပြီး ထိုမြို့အား တစ်ဘက်သတ်ပြောင်းလဲမှုများ ပြုလုပ်မှုကိုလက်မခံနိုင်ကြောင်း နှင့် ဂျရူးဆလမ်းမြို့ရှိ ဘာသာရေးအရ မြင့်မြတ်သောနေရာများ သို့ လွတ်လပ်စွာ သွားလာ နိုင်ခွင့်ကို အာမခံရမည်ဟုလည်း တိုက်တွန်းသည်။

ဥရောပဘုံဈေးအဖွဲ့ ထိပ်သီးအစည်းအဝေး ကြေညာချက် သည် စက်တင်ဘာ ၂၅ ရက်နေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် အိုကနေဒီ ပြောကြားသောမိန့်ခွန်း၊ ကုလသမဂ္ဂ ဆုံးဖြတ်ချက် အမှတ် ၂၄၂၊ ၃၃၈ တို့နှင့် ဘုံဈေးအဖွဲ့မှ ယခင်ကြေညာခဲ့သော ပေါ်လစီကြေညာချက်များအပေါ်တွင် အခြေခံသည်။

အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုကို ကာကွယ်နိုင် သော လက်ဗနွန်နိုင်ငံ၏ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင် သော မည်သည့်ဆောင်ရွက်ချက်ကိုမဆို ထောက်ခံမည်ဖြစ် ကြောင်းဖြင့်လည်း ဥရောပဘုံဈေး ခေါင်းဆောင်များက ဖော်ပြ သည်။ လက်ဗနွန်နိုင်ငံ၌ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ် ဆက် လက် ထားရှိမှုကိုလည်း ထောက်ခံကြောင်း ဖော်ပြထားသည်။ ထိုဒေသတွင် တိုက်ခိုက်မှုများကြောင့် လက်ဗနွန်နိုင်ငံ၏ တည်ငြိမ်ရေးသည် အကြီးအကျယ် အန္တရာယ်ရှိနေသည်ဟုလည်း ဆိုသည်။

ဥရောပဘုံဈေးအဖွဲ့ ကိုးနိုင်ငံခေါင်းဆောင်များသည် ကမ္ဘာ့ စီးပွားရေးအခြေအနေများကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။ ပြီးခဲ့သည့် လူးဇင်းဘတ်အစည်းအဝေးတွင်မူ ဘုံဈေးအဖွဲ့တွင် ဗြိတိန်နိုင်ငံက ငွေကြေးထည့်ဝင်ရမည့် ကိစ္စနှင့် ပတ်သက်၍ ငြင်းခုံပြောဆိုခဲ့ကြရသည်။

ရေနံဈေးနှုန်းမြင့်တက်လာမှု၏ တစ်စိတ်တစ်ဒေသေကြောင့် ငွေဖောင်းပွမှု တိုက်ဖျက်ရေး၊ အလုပ်လက်မဲ့နှင့် ငွေပေးငွေယူ ရှင်းတမ်း လိုငွေပြနေမှု လျော့နည်းရေး အလားအလာများသည် မှေးမှိန်လျက်ရှိကြောင်း ဖော်ပြထားသည်။ ဤပြဿနာများ ဖြေရှင်းရေးနှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြခြင်း မရှိသော် လည်း ငွေကြေးကိစ္စကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်ရန်နှင့် ငွေကြေးထောက်ပံ့ရေး ပေါ်လစီများကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်ခြင်းဖြင့် တိုက်ဖျက်သွားမည်ဟု ဆိုသည်။ အာဖဂနိစတန်နိုင်ငံတွင် ဆိုဗီယက် ဝင်ရောက်စွက်ဖက်မှု ကိုလည်း အလေးအနက် ရှုတ်ချထားသည်။ ထိုသို့ ဝင်ရောက် မှုသည် နိုင်ငံတကာဆက်ဆံရေးပျက်ပြားအောင် ခြိမ်းခြောက် နေသည်ဟုလည်း ဆိုသည်။

ဥရောပဘုံဈေး အမှုဆောင်ကော်မရှင်ဥက္ကဋ္ဌ ဗြိတိန်နိုင်ငံမှ ရွိုင်းဂျင်းကင်း၏နေရာကို ဆက်ခံမည့်သူ ရွေးချယ်ကြရန်လည်း ဘုံဈေးအဖွဲ့ ကိုးနိုင်ငံခေါင်းဆောင်များက ကြိုးပမ်းခဲ့သေးသည်။ ထိုနောက် ထိုကိစ္စကို သံတမန်လမ်းကြောင်းအရ ဆက်လက် ဆောင်ရွက်သွားကြရန် သဘောတူကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)