ဥက္ကာကိုကို

ဝီကီပီးဒီးယား မှ

ဥက္ကာကိုကို (၁၃ ဩဂုတ် ၁၉၈၈–၂၀ စက်တင်ဘာ ၂၀၁၈) သည် မြန်မာလူမျိုး စာနယ်ဇင်းသမားတစ်ဦး ဖြစ်သည်။ လော်ဘီအုတ်ခဲ၊ ဥက္ကာကိုကို(သံတွဲ) ကလောင်တို့ဖြင့် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုများ ရေးသားခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်တွင် ဦးကိုကိုသော်၊ ဒေါ်ထက်ထက်ဝင်း တို့က ဖွားမြင်သည်။ မွေးချင်း ညီအစ်ကို သုံးယောက်ရှိသည့်အနက် အကြီးဆုံးသား ဖြစ်သည်။[၁]

သူငယ်တန်းမှ (၉) တန်းအထိ အထက်တန်းကျောင်း(ငပလီ) တွင် ပညာသင်သည်။ ၂၀၀၂ ခုနှစ်၊ ကိုးတန်းတက်စ၌ ကဗျာရေး၍ ဖခင်ဖြစ်သူမှ အိမ်မှ နှင်ရာ သံတွဲအနီးရွာရှိ မိခင်ဖြစ်သူ၏ အမျိုးများအိမ်တွင်နေ၍ ဦးကြီးတစ်ယောက်၏ ပန်းရန်အလုပ်တွင် ဝင်လုပ်သည်။ တစ်လခွဲခန့်နေပြီးနောက် အိမ်ပြန်လာကာ ကျောင်းဆက်တက်သည်။ ၂၀၀၂ စက်တင်ဘာတွင် ဖခင်ဖြစ်သူ ဆုံးသည်။

(၁၀) တန်းကို သံတွဲရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အောင်မြင်သူ ဘော်ဒါဆောင်မှ တက်သည်။ ၂၀၀၄ ခုနှစ်တွင် ဆယ်တန်းအောင်သွားသည်။ စစ်တွေအဝေးသင်တက္ကသိုလ်၌ ဒဿနိကဘာသာဖြင့် ဆက်လက်သင်ကြားသည်။[၂] ဒုတိယနှစ်တွင် စာမေးပွဲကျကာ ကျောင်းဆက်မတက်တော့ပေ။

၂၀၀၇ နှစ်စတွင် မိသားစု ကျပ်တည်းလာ၍ ငပလီကမ်းခြေတစ်ဖက်စွန်းရှိ ဂျိတ္တောရွာလမ်းဆုံ ဘီယာဆိုင်၌ နှစ်လခန့် စားပွဲထိုးလုပ်သည်။ ဇွန်လတွင် မိသားစုက ရန်ကုန်သို့ ပြောင်းသွားသည်။ ယူနီဆက် နှင့် ကြက်ခြေနီ တို့ ပေါင်းလုပ်သည့် ကလေးသူငယ်ကာကွယ်ရေးစီမံချက် (Children Protection Project) တွင် စေတနာ့ဝန်ထမ်းလုပ်နေ၍ ဇူလိုင်လမှသာ ရန်ကုန်တက်လာသည်။ အင်းစိန်ရွာမ၊ အလယ်ရပ်ကွက်၊ သံမဏိလမ်းတွင် နေထိုင်ကြသည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ သံချောင်းပါတီ (သို့) အရက်သမားများပါတီ (မြန်မာပြည်) အမည်ဖြင့် အရက်သမားများကို ကိုယ်စားပြုသည့် ပါတီပြောင်ဖွဲ့စည်းရာ လူသိများသည်။

စာပေနယ်သို့ ခြေချခြင်း[ပြင်ဆင်ရန်]

၂၀၀၅ ခုနှစ်၊ ဇန်နဝါရီထုတ် ရတီ မဂ္ဂဇင်း တွင် ဂြိုဟ်သားတချို့နှင့် စကားပြောခြင်း စာမူဖြင့် စာပေနယ်တွင် ခြေချသည်။[၂] ၂၀၀၇ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်တွင် 7 Day News ဂျာနယ်တွင် သတင်းထောက် ဖြစ်လာသည်။ The Voice နေ့စဉ်သတင်းစာတွင် "လော်ဘီအုတ်ခဲ" အမည်ဖြင့် သရော်စာများ ရေးသားသည်။

မြန်မာနိုင်ငံစာနယ်ဇင်းသမားများကွန်ယက် (Myanmar Journalist Network) ကို ဦးဆောင်ဖွဲ့စည်းသူတစ်ဦး ဖြစ်သည်။[၂]

"ကျွန်တော်ရဲ့ ဗြိတိသျှကိုကိုမောင် ဆိုတဲ့ ကလောင်နာမည်က သံချာင်းပါတီကနေ စခဲ့တာပါ။ မှတ်မှတ်ရရ ကျွန်တော့်ရဲ့ ပထမဆုံးပုံနှိပ်သရော်စာကို တည်းဖြတ်ပေးခဲ့တာ ဥက္ကာပါ။" ဟု စာရေးဆရာ ဗြိတိသျှကိုကိုမောင် က ပြောဖူးသည်။[၂]

ရေးသားခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
ကရော်စာ ပေါင်းချုပ် ၂၀၁၁၊ ဩဂုတ် အရက်သမားများ ပါတီ (မြန်မာပြည်) သံချောင်း၊ လူအေး တို့နှင့် တွဲ၍

ဘဝနိဂုံး[ပြင်ဆင်ရန်]

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်တွင် ရန်ကုန်ဆေးရုံကြီး၌ အသည်းရောဂါဖြင့် ကွယ်လွန်သည်။ ၂၂ ရက်နေ့တွင် မဆုံးပါးမီရေးခဲ့သည့် သေတမ်းစာအရ ရေဝေးသုဿာန်၌ပင် သင်္ဂြိုဟ်ပေးခဲ့သည်။ ကွယ်လွန်ချိန်၌ ဒေါပုံမြို့နယ်၊ ကန်သာယာ (၂) လမ်း နေအိမ်၌ မိခင်နှင့်အတူ ညီနှစ်ယောက် ကျန်ရစ်သည်။

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ကိုယ်ရေးအကျဉ်း
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ လော်ဘီအုတ်ခဲ ကလောင်ပိုင်ရှင် သတင်းစာဆရာ ကဗျာဆရာ ဥက္ကာကိုကို ကွယ်လွန် (၂၀ စက်တင်ဘာ ၂၀၁၈)။ 23 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၁ စက်တင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။