ဣဿရ နိမ္မာနဝါဒ

ဝီကီပီးဒီးယား မှ

ဣဿရ နိမ္မာနဝါဒ ကို အင်္ဂလိပ်လိုအားဖြင့် Concept of God ဟုဆိုနိုင်မည်ဖြစ်ပြီး မြန်မာဘာသာအားဖြင့် ထာဝရဘုရားသခင် အယူအဆဟု ဆိုနိုင်ပေမည်။ ဤဖွင့်ဆိုချင်မှာ ယေဘုယျအားဖြင့် ဗုဒ္ဓဝါဒအမြင်ရှုထောင့်မှဟု ဆိုနိုင်သည်။

ဤသည်ကား နောက်ဆုံးတွင် လူသား၏ စိတ်ကူးစိတ်သန်းနှင့် လူသားဝါဒတို့၏ ပေါင်းစည်းမှုဖြင့် ဘာသာတရား ပေါ်ပေါက်ဖြစ်ထွန်းလာပုံပင်ဖြစ်သည်။ အချို့သော လူပုဂ္ဂိုလ်တို့က ဘာသာတရားကို ထာဝရဘုရားသခင်ဖန်ဆင်းပြုပြင်ခဲ့သည်ဟု ဆိုခြင်းမှာ ယုံကြည်လက်ခံနိုင်ရန် ခက်ခဲကြောင်း ပြောကြသည်။ လူသားသည် ဘာသာတရားကို ဦးစွာဖန်တီးပြီး နောက်ပိုင်းတွင် ဘုရားသခင်အယူအဆကို ဘာသာတရားထဲသို့ သွတ်သွင်းခဲ့သည်ဟုသာ ပြောနိုင်ပေလိမ့်မည်။ အမေရိကန် ဒဿနပညာရှင်တစ်ဦးဖြစ်သော ပါမောက္ခ ဝှိုက်ဟက် (Prof. Whitehead) က “မူလအစတွင် လူသားက ဘုရားသခင်ကို ဖန်ဆင်းပြီး၊ နောက်ပိုင်းတွင် ဘုရားသခင်က လူသားကို ဖန်ဆင်းတော့သည်”ဟု ဆိုဖူးသည်။ သူ့ဆိုလိုချက်အရ ထာဝရဘုရားသခင်ကို လူသားကပင် ပြုလုပ်ပုံဖော်ခဲ့ပြီး နောက်ပိုင်းတွင်မှ ဖန်ဆင်းရှင်နတ်ဘုရား အယူအဆသို့ ပြောင်းလဲခဲ့ခြင်းဖြစ်၏။ အခြားတစ်ဖက်တွင် ပြင်သစ်တွေးခေါ်ပညာရှင် အက်နတိုး ဖရန့်စ် (Anatole France) က “ထာဝရဘုရားသခင် အယူအဆသာမရှိခဲ့လျှင်လည်း လူသားသည် တစ်နည်းမဟုတ်တစ်နည်း တစ်ပါးပါး ဖန်ဆင်းခဲ့ရလိမ့်မည်။ အကြောင်းမူကား ၎င်းသည် စိတ်ဝိညာဉ်အတွက် အလွန်အရေးကြီးသောကြောင့်ဖြစ်၏”ဟု ပြောခဲ့ဖူးသည်။

ကျွန်ုပ်တို့၏ ဗီဇသဘာဝအရ ဖြစ်ပေါ်လာသော ဘေးကြောက်မှုများ၊ သံသယတရားများ၊ စိုးရိမ်သောကများ၊ စိတ်ပျက်ညည်းငြူမှုများ၊ ပူဆွေးငိုကြွေးရမှုများနှင့် အလိုရမ္မက်ကြီးမှုများကို ပြေပျောက်စေရန် ဒေဝတန်ခိုး စွမ်းအင်တစ်မျိုးကား အမှန်ပင်လိုအပ်လှပေသည်။ ပြဿနာ အကျပ်အတည်းများကို ရှောင်ရှားရန် ကျွန်ုတို့သည် ပြင်ပစွမ်းအင် တစ်မျိုးမျိုး၏ နှစ်သိမ့်ပေးမှုတို့အပေါ် မှီခိုအားထားလေ့ရှိသည်။ ထို့ကြောင့်ပင်လျှင် အက်နတိုး ဖရန့်စ်က ဘုရားသခင်မရှိခဲ့လျှင်လည်း မဖြစ်မနေတစ်ပါးပါး ဖန်ဆင်းရလိမ့်မည်ဟု လူ့စိတ်သဘောသဘာဝကို နားလည်စွာပြောခဲ့ခြင်းဖြစ်သည်။

ဤအတိုင်းသာဆိုလျှင် ကျွန်ုပ်တို့သည် ကလေးသူငယ်များကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ မအားမလပ်ဖြစ်နေသော မိခင်သည် ပူဆာငိုကြွေးနေသော ကလေးငယ်ကို မချီပိုး မချော့မြှူအားသောကြောင့် ပါးစပ်ထဲသို့ နို့သီးခေါင်းတစ်ခု ထည့်ပေးခြင်းဖြင့် နှစ်သိမ့်မှု ပေးနိုင်ပေလိမ့်မည်။ ဤအပြုအမှုသည် ကလေးငယ်ကို အငိုတိတ်စေလိမ့်မည်။ ဘုရားသခင်အယူအဆသည် လူသားအပေါင်းတို့အား ဤနည်းအတူပင် ကူညီနှစ်သိမ့်မှု ပေး၏။ သူတို့၏ စိုးရိမ်ကြောင့်ကြမှုများ ပြေပျောက်ရပ်တန့်စေရန်နှင့် ပူဆွေးငိုကြွေးရသော မျက်ရည်များ ခန်းခြောက်စေရန် လူသားတို့သည် ဘာသာရေး ယုံကြည်မှုများနှင့် ကျင့်စဉ်ပုံစံများအဖြစ် အမျိုးမျိုးသော နှစ်သိမ့်ပေးစရာများ တီထွင်ဖန်တီးကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Buddhism As A Religion by K Sri Dhamananda