အဲဖရက် လော့ တင်နီဆန်
တင်နီဆန်သည်ကား အင်္ဂလိပ်စာပေသမိုင်းအရ ဝိတိုရိယ ခေတ်တွင် ထွန်းကားခဲ့သော ကဗျာစာဆိုတစ်ဦးဖြစ်သည်။ ၁၈၀၉ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် လင်ကွန်းရှိုင်းယာနယ် ဆိုမာစဗီမြို့တွင် ဖွားမြင်သည်။ ဂျော့ချ်နှင့် အဲလစ်ဇဘတ် တင်နီဆင်တို့၏ သားသမီး ၁၂ ယောက်အနက် လေးယောက်မြောက်ဖြစ်သည်။ဖခင်သည် စာပေကျမ်းဂန် တတ်မြောက်သော အဂင်္လိပ်ဘုန်းကြီးတစ်ပါးဖြစ်သည်။ အသက် ၆ နှစ်သားအရွယ်တွင် လောက်သမြို့ရှိ စာသင်ကျောင်းတွင် ပညာသင်ကြားရ၏။ ထိုကျောင်းတွင် ၄ နှစ်ခန့်နေပြီးနောက် သူ၏ဖခင်က အိမ်၌ပင် သင်ကြားပြသပေးလေသည်။
၁၈၂၈ ခုနှစ်တွင် တင်နီဆန်သည် ကိမ်းဗရစ်တက္ကသိုလ်တွင် ပညာများကို ဆက်လက်ဆည်းပူးသည်။ တင်နီဆန်သည် ကဗျာ အရာ၌ပါရမီထက်သန်သူဖြစ်ရကား အသက် ၁၈ နှစ်သား အရွယ်ကတည်းကပင် ကဗျာလကင်္ာ စီကုံးဖွဲ့နွဲ့မှုကိုလေ့လာလိုက် စားခဲ့သည်။ ထိုအချိန်က တင်နီဆန်သည် သူ၏အစ်ကိုနှင့်အတူ ပေါင်း၍ ကဗျာများကိုရေးသားပြီးလျှင် ‘ညီအစ်ကိုနှစ်ဦး၏ကဗျာ များ’ဟူသောအမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့သည်။ ကိမ်းဗရစ် တက္ကသိုလ် ထရင်နီတီကောလိပ်ကျောင်းတွင် နေစဉ်ကလည်း ကဗျာပြိုင်ပွဲတစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင် ရေးသားခဲ့ရာ တက္ကသိုလ်အဓိပတိ၏ ပထမဆုချီးမြှင့်ခြင်းကိုခံရသည်။ ထို အချိန်ကတင်နီဆန်သည် အသက် ၂၀ မျှသာရှိသေးသည်။ တက္ကသိုလ် အဓိပတိ၏ ကဗျာဆုကိုချီးမြှင့်ခြင်းခံရပြီးသည့် နောက်တစ်နှစ်တွင် တင်နီဆန်သည် အဂင်္လိပ်ကဗျာ စပ်နည်း တို့တွင် လူကြိုက်များသော လစ်ရစ်ကဗျာတို့ကို စပ်ဆိုလေရာ ထိုခေတ် ဝေဖန်ရေးသမားတို့က ပြစ်တင်ဝေဖန်ခြင်း ပြုကြသော် လည်း သူ၏လစ်ရစ်ကဗျာတို့သည် အနာဂါတ်၌ အလားအလာ များစွာရှိကြောင်းကို ပြသလေသည်။
၁၈၃၁ ခုနှစ်တွင် ဖခင် အနိစ္စမရောက်မီ တင်နီဆန်သည် အတတ်ပညာဘွဲ့တစ်ခုကိုမျှမရဘဲ၊ တက္ကသိုလ်မှထွက်ခဲ့ပြီးနောက် ကဗျာများကို ရေးသားစပြုလာလေသည်။ ၁၈၃၃ ခုနှစ်တွင် တင်နီဆန်သည် နောက်ထပ်ကဗျာစာအုပ်တစ်အုပ်ကိုထုတ်ဝေပြန် သည်။ ထိုစာအုပ်တွင်ပါဝင်လာသော သီချင်းကဗျာများအနက် ‘ရှဲလော့ကျွန်းသူ လှပျိုဖြူ’၊ ‘မေ့သီးစားသူများ’အစရှိသော ကဗျာများမှာ အထူးပင် နှစ်သက်ဖွယ်ကောင်းသောကဗျာများဖြစ် ပေသည်။
၁၈၃၃ ခုနှစ်တွင် တင်နီဆန်၏ ခင်မင်ရင်းနှီးဆုံး မိတ်ဆွေ ဖြစ်သော အာသာဟယ်လမ်သည် ရုတ်တရက် ကွယ်လွန်ခဲ့လေ ၏။ ထိုသို့ အလွန်ရင်းနှီးသော မိတ်ဆွေတစ်ဦး ဆုံးရှုံးရခြင်း အတွက် တင်နီဆန်သည် ယူကျုံးမရဖြစ်ကာ မိမိအထူးနှစ်သက် သော ကဗျာစပ်ဆိုခြင်းအလုပ်ကိုပင် ၁၀ နှစ်ခန့် စွန့်လွှတ်ထား လေသည်။ ဤသို့ ၁၀ နှစ်ခန့်မျှ အနားယူပြီးနောက် တင်နီ ဆန်သည် ကဗျာစာအုပ်အသစ်တစ်ခုကို တတိယအကြိမ် ထုတ် ဝေပြန်လေသည်။ ဤစာအုပ်တွင်ပါဝင်သော ကဗျာများတွင် ‘မော့ဒါးသား’၊ ‘ဒိုရာ’၊ ‘ယူလစ်ဆီ’၊ ‘ဗရိတ်၊ ဗရိတ်၊ ဗရိတ်’ အစရှိသာ ကဗျာတိုကလေးများသည် အထူးပင် ထင်ရှား လေသည်။
ကဗျာများရေးသား ထင်ရှားလာမှုကြောင့် ၁၈၄၅ ခုနှစ်တွင် အစိုးရပင်စင် တစ်နှစ်ပေါင် ၂၀၀ ရသည်။
လူ့လောကအပေါ်၌ တင်နီဆန်ထားရှိသော သဘောထားနှင့် အတွင်းဓာတ်ခံတို့ကို ၁၈၅၀ ပြည့်နှစ်တွင် ထုတ်ဝေခဲ့သော ‘အမှတ်တ၇’အမည်ရှိ သူ၏ကဗျာစုတွင်တွေ့နိုင်သည်။ ထိုကဗျာ ကို တင်နီဆန်သည် ကွယ်လွန်ခဲ့ပြီးသော သူ၏အချစ်ဆုံး သူငယ်ချင်း အာသာဟယ်လမ်အားရည်စူး၍ ရေးသားခြင်း ဖြစ်သည်။ တင်နီဆန်၏ စွမ်းရည်သည် ဤ‘အမှတ်တရ’ ကဗျာ တွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသည်ဟုဆိုနိုင်သည်။ ဝိတိုရိယဘုရင်မကြီးက မကြာခဏ နန်းတော်သို့ ဖိတ်ခေါ်သည်။ထိုနှစ် တွင်ပင် တင်နီဆန်အား ဝိတိုရီယဘုရင်မကြီးက ဘုရင့်စာဆို တော်ဟူသောဘွဲ့ထူးကို ချီးမြှင့်သည်။ သူမ၏ တောင်းဆိုချက်အရ သူ့ဘွဲ့ကို လက်ခံသည်။
တင်နီဆန်သည် သူ့အား ဆယ်နှစ်တိတိ စောင့်ဆိုင်းနေခဲ့ရှိ သော ချစ်သူအဲမလီဆဲလဝုနှင့် လက်ထပ်ခဲ့၏ ‘သူကို ကျွန်ုပ် လက်ထပ်ခဲ့သည့်အချိန်ကစ၍ ကျွန်ုပ်သည် အေးချမ်းခြင်းတည်း ဟူသော အရိပ်အာဝါသကို ခိုလှုံခဲ့၇ပေသည်။’ဟု တင်နီဆန်က ပြောဆိုဘူးလေသည်။ တင်နီဆန်သည် ၁၈၉၂ ခုနှစ် အောက်တိုဘာ ၆ ရက် အသက် ၈၃ နှစ်တွင် ရောက်သောအခါ ကွယ်လွန်လေသည်။
ကိုးကား [ပြင်ဆင်ရန်]
မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)