အောင်မဲဖြူပင်

ဝီကီပီးဒီးယား မှ

အောင်မဲဖြူပင်(ခ) အောင်မဲညိုပင်
Centrosema pubescens
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
(unranked):
(unranked):
မျိုးစဉ်:
မျိုးရင်း:
မျိုးရင်းသေး:
မျိုးဇာတ်:
မျိုးဇာတ်သေး:
Clitoriinae
မျိုးစု:
Centrosema

(DC.) Benth.
မျိုးစိတ်

Several, see text.

အောင်မဲဖြူ(ခေါ်) အောင်မဲညို Butterfly Pea ကို အာရှဒေသတွင် ခေါင်ရမ်းပန်းနွယ်ပင်၊ ခိုတောင်ပံများ၊ အပြာရောင်ပဲ၊ လိပ်ပြာပဲ၊ ကော်ဒိုဖန်ပဲ၊ ဒါဝင်ပဲဟု ခေါ်ကြပြီး မြန်မာနိုင်ငံတွင်မူ အောင်မဲဖြူ၊ အောင်မဲညို၊ အောင်မဲနီ စသည်ဖြင့် ခေါ်ဝေါ်ကြသည်။ နွယ်ပင်မျိုးဖြစ်ပြီး အခြားသောအပင်နှင့် ချုံပင်တို့ကို နွယ်တက်၍ တစ်ပင်လုံး ဖုံးလွှမ်းသွားအောင် ပေါက်လေ့ရှိသည်။ ပင်စည်မွဲခြောက်ခြောက် အရောင်ရှိပြီး မာကျောသည်။

အပွင့်ကို အစွဲပြု၍ အဖြူမျိုးနှင့် အညိုမျိုး ဟု နှစ်မျိုး ရှိ၏။ ယခုအခါတွင် အောင်မဲဖြူ၊ အောင်မဲညို (အပြာရောင်အဆင်းရှိသောပန်း) အပြင် ပန်းနုရောင်၊ ပန်းရင့်ရောင်၊ ခရမ်းနုရောင်၊ ခရမ်းရင့်ရောင် စသည်ဖြင့် အရောင်မျိုးစုံနှင့် နှစ်ထပ်ရစ် အပွင့်များအထိပင် အမျိုးစုံအောင် ဝယ်ယူရရှိနေပြီ ဖြစ်သည်။


အပင်၏ ပုံသဏ္ဌာန်မှာ ရွက်လွှဲ ထွက်ပြီး ရွက်ပေါင်း ဖြစ်ကာ ရွက်မြွှာ ၅-၇ ရွက် ပါရှိသည်။ ထိပ်ရွက်မြွှာ သည် အကြီးဆုံး ဖြစ်၏။ ဘေးရွက်မြွှာ များမျက်နှာချင်းဆိုင် ထွက်၏။ ရွက်ထိပ် ရွက်ရင်းဝိုင်း သို့မဟုတ် အနည်းငယ် သွယ်သည်။ ရွက်ညှာ အလွန် တိုသည်။ ရွက်နား ညီ၏။ အောက်မျက်နှာပြင် အနည်းငယ် ကြမ်း၏။ ရွက်ညှာရင်း တွင်သေးငယ်၍ အပ်သဏ္ဌာန် ရွက်စွယ် ပါရှိ၏။


အပွင့် တစ်ပွင့်ချင်း ပွင့်သည်။ အပွင့် ကြီးသည်။ အလျား ၁ လက်မခန့် ရှည်သည်။ အဖြူမျိုးတွင် အပွင့် ဖြူ၏။ အညိုမျိုးတွင် ပွင့်ဖတ် အပြာရင့်ရောင် ရှိုပြီး အလယ်တွင် အဝါရောင် သမ်းနေသည်။ တန်ခူး၊ ကဆုန်၊ နယုန် လတွင် ပွင့်သည်။ အသီး - သီးတောင့်ရှည် ဖြစ်သည်။ ရှည်၍ ပြားပြီး အက်ကွဲသီး ဖြစ်သည်။ အစေ့ ၅စေ့ မှ ၆ စေ့ အထိ ပါရှိသည်။ အစေ့ အညိုရောင် ရှိပြီး မာသည်။ နယုန်၊ ဝါဆို တွင်သီးသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : ပဉ္စငါးပါး။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့ အပြားတွင် ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် - မြန်မာ ဆေးကျမ်းများ အလိုအရ အောင်မဲဖြူသည် စပ်၏။ အေး၏။ ဖန်၏။ ခါး၏။ မျက်စိကို အကျိုးပြု၏။ ဝမ်းလျှော စေတတ်၏။ အဆိပ်ကို နိုင်၏။ လေ၊ သလိပ်၊ သည်းခြေ ပျက်ခြင်းနှင့် ဦးနှောက် ရောဂါ၊ နူနာ၊ ထိုးအောင့် နာကျင် ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်းနှင့် အနာပေါက်နာ၊ မြွေဆိပ်သင့်နာ များကို နိုင်၏။

အသုံးပြုပုံ- ပဉ္စငါးပါး ၁။ အောင်မဲဖြူသည် မြွေဆိပ် ဖြေဆေး အဖြစ် ထင်ရှား၏။ အောင်မဲဖြူမှုန့်နှင့် ဣဿရ မူလီမြစ်မှုန့် ရောစပ် သောက်သော် မြွေဆိပ် ပြေ၏။ ၂။ အောင်မဲဖြူရွက် ကိုကြိတ်၍ ခူနာများ၌ စည်းပေးပြီး စည်းထားသော နေရာ၌ ရေမကြာ ခဏ ဆွတ်ပေးပါက ခူနာ ပျောက်၏။ ၃။ အောင်မဲဖြူ မြစ်ကို အခြားသော ဆေးမြစ်များနှင့် ရောစပ်၍ ရေဖျဉ်း ရောဂါ ပျောက်ဆေး အဖြစ် အသုံးပြု၏။ ၄။ အောင်မဲဖြူ မြစ်ကို လှော်၍ အမှုန့်ပြုပြီး ရေနွေးနှင့် သော်သော် အသည်းကြီး ရောဂါ၊ သရက်ရွက် ကြီးသော ရောဂါ၊ ရေဖျဉ်း ရောဂါ ပျောက်၏။ ၅။ အောင်မဲဖြူ မြစ်၏ အခေါက်ကို ရေနှင့် စိမ်သောက်သော် ကိုယ်လက် ရောင်ရမ်းသော ရောဂါ ပျောက်၏။ ၆။ အောင်မဲဖြူ အဖိုမြစ်၏ ကြိတ်ညှစ်ရည်ကို နွားနို့အေး နှင့် ရောသောက်သော် နာတာရှည် ချောင်းဆိုး ရောဂါ ပျောက်၏။ ၇။ အောင်မဲဖြူ အသီးစိမ်း အစေ့ ကြိတ်ညှစ်ရည်ကို နှာခေါင်းတွင် ခတ်ပေးက ခေါင်းတစ်ခြမ်း ကိုက်ခြင်း ပျောက်၏။ ၈။ အောင်မဲဖြူ မြစ်ကို ကိုယ်ဝန် မလျှောကျ စေရန်လည်းကောင်း၊ လည်ပင်း၌ အကျိတ် အဖု ပေါက်သော ရောဂါ၊ သွေးအန် သွေးလျှံနာ၊ခရုသင်း၊ မျက်စိ တိမ်ကျခြင်း ရောဂါ များအတွက် ဆေးအဖြစ် ဖော်စပ် အသုံးပြု၏။ ၉။ အပွင့်ကို နွားနို့နှင့် ကြိတ်၍ မျက်စိကို ကွင်းပေးခြင်း၊ ခတ်ပေးခြင်း ပြုက သူငယ်နာ မျက်စိနာ ပျောက်၏။ ၁၀။ အစေ့ကို လိင်ဥ ရောင်ခြင်း ၊ ကြို့ထိုးခြင်း ရောဂါ များအတွက် သုံး၏။ မှတ်ချက်။ ။ အောင်မဲဖြူနှင့် အောင်မဲညို ဂုဏ်သတ္တိ စွမ်းရည် များစွာ ကွာခြားခြင်း မရှိသဖြင့် အောင်မဲညိုကို လည်း အောင်မဲဖြူ ကဲ့သို့ပင် အသုံးပြုနိုင်၏။[၁]

ကိုးကား[ပြင်ဆင်ရန်]