အားကစားရုံ

ဝီကီပီးဒီးယား မှ
ကောဟန်အထက်တန်းကျောင်း အားကစားရုံ

အားကစားရုံ[ပြင်ဆင်ရန်]

အားကစားရုံကို အင်္ဂလိပ်လို ဂျင်မနေဇီယမ်(Gymnasium) ဟု ခေါ်သည်။ ဂျင်မနေဇီယမ်ဆိုသည့် စကားသည် ဂျင်မနော့ ဟူသော ဂရိစကားမှ ဆင်းသက်လာ၍ကိုယ်တုံးလုံးဟု အဓိပ္ပာယ်ရသည်။ ရှေးခေတ် ဂရိလူငယ်များသည် ကိုယ်လက်ကြံ့ခိုင်ရေး သင်တန်းဆင်းချိန်တွင် မိမိတို့ဝတ်ဆင်ထားသောအဝတ်များကို ချွတ်၍ ကစားကြသည်။ အားကစားရုံတွင် ကိုယ်လက် ကြံ့ခိုင်ရေး၊ ပေါ့ပါးဖျတ်လတ်ရေး၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများ အချိုးအဆစ် ပြေပြစ်ရေးစသည်တို့အတွက် လေ့ကျင့် ကစားနိုင်သော ပစ္စည်းများ ထားရှိရ၏။ များသောအားဖြင့် ကျောင်းများတွင် ကစားရုံများထားရှိပြီးလျှင် ကျောင်းသား လူငယ်များအား ကိုယ်လက် ကျန်းမာဖွံ့ဖြိုးလာအောင် နည်းလမ်းတကျ သင်ပြပေးလေ့ ရှိပေသည်။ အားကစားရုံများ တွင် လက်နှင့်ဆွဲတက် ရန်ကြိုးများနှင့် လှေကားများက၎င်း၊ ကွင်းဘား (ရင်ဘား)၊ တစ်တန်းဘားနှင့် နှစ်တန်းဘားများကို၎င်း၊ ဒမ်ဗယ် ဗါးဗဲခေါ် အလေးများနှင့် အင်းဒီးယန်းကလပ်ခေါ် တင်းပုတ်များကို၎င်း၊ လက်သီးထိုးကျင့်စရာ ဘောလုံးနှင့်လက် ထောက်ခုန်ပြီး ကစားရသော မြင်ဘားများကို၎င်း ကစားစရာ ပစ္စည်းအမျိုးမျိုးကို တွေ့မြင်နိုင်ပေသည်။

အားကစားလေ့ကျင့်ရာတွင် ကိုယ်လက်အင်္ဂါအားလုံးကို တစ်ခုနှင့်တစ်ခု အဆင်ပြေအောင် လှုပ်ရှားနိုင်မှုနှင့် အံကိုက် အချက်ကျအောင် လှုပ်ရှားနိုင်မှုသည် အရေးအကြီးဆုံးဖြစ်၏။ ဤသို့ လှုပ်ရှားနိုင်ရန်မှာ သာမန် လူတို့အတွက် ခက်ခဲမည် ဖြစ်သော်လည်း၊ အားကစားရုံတွင် ဆိုင်ရာပစ္စည်းကရိယာများ ဖြင့် စနစ်တကျ လေ့ကျင့်ထားသူအဖို့မှာမူ မည်သို့မျှ ခက်ခဲခြင်း မရှိပေ။ အားကစားနည်းများကို လေ့ကျင့်ပေးခြင်းဖြင့် ကိုယ်၏ ကျန်းမာမှုကို သာမဟုတ်၊ စိတ်ကျန်းမာမှုကိုလည်း ရစေ နိုင်သည်။ ထို့ကြောင့်ပင် နိုင်ငံတိုင်းလိုလို၌ အထူးသဖြင့် ကျောင်းများတွင် အားကစားရုံများ ထားရှိကာ လူငယ်များအား အားကစားနည်းများကို စံနစ်တကျ လေ့ကျင့်သင်ပြပေးလျက် ရှိပေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)