အသည်းရောင် အသားဝါ ရောဂါ စီပိုး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အသည်းရောင် အသားဝါ ရောဂါ စီပိုး ကို Hepatitis C virus (HCV) ဟပါတိုက်တစ် စီ ဗိုင်းရပ်စ်ပိုး ဟူ၍ နိုင်ငံတကာ တွင် အသိများသည်။အသည်းရောင် အသားဝါ ရောဂါ ပိုးများတွင် အေပိုး(Hep A)၊ ဘီပိုး(Hep B)၊ စီပိုး(Hep C)၊ ဒီပိုး(Hep D)၊ အီးပိုး(Hep E)၊ အက်ဖ်ပိုး(Hep F)နှင့် ဂျီပိုး(Hep G) ဟူ၍ အတိုကောက်ခေါ်ဆိုကြသည်။


အသဲရောင်အသားဝါရောဂါဟာ ရာဇဝင်နဲ့ပါ။ လွန်ခဲ့တဲ့ ရာစုနှစ်တဝက်လောက်က တမျိုးထဲဆိုရလောက်အောင် လူသိလဲ နည်း၊ ဆိုးဝါးတာလဲ မဟုတ်ပါ။ မကြာခင် နောက်တမျိုးပေါ်လာတယ်။ နောက်ပေါ်က အတော် ဆိုးတယ်။ နာမည်တပ်တော့ အလွယ်ဆုံး ရွေးလိုက်တယ်။ အကြီးကောင်က အေ၊ နောက်ပေါက်ကို ဘီ။ မကြာပါဘူး၊ လူဦးရေ တိုးလာတော့ တတိယ အကောင်ကို အေမဟုတ် ဘီမဟုတ်လုပ်လိုက်ကြရော။ ခုဆို မွေးချင်း ၆ ယောက်တောင် ရှိနေပြီ။ အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ နဲ့ ဂျီ။ တကယ်လို့ ၂၆ ထက်ကျော်ရင် ကားနံပါတ်ပေးရသလို လုပ်မှာပေါ့။

လူတကိုယ်မှာ အသဲတခုသာရှိပြီး၊ သူ့ကို စက်ရုံတခုလို့ တင်စားကြတယ်။ စားသမှျ၊ သောက်သမှျ၊ ကိုယ်ကနေ ထုတ်သမှျထဲက အဆိပ်အတောက် မှန်သမှျကို ခြေဖျက် သန့်စင်ပေးတယ်။ (ပရိုတင်း) နဲ့ အချိုု(သကြား)တွေကိုလဲ အသဲကပဲ ခန္ဓာကိုယ်ကနေ အသုံးပြုနိုင်အောင် ပြုပြင်ပေးတယ်။ ဒါတင်မက ဗီတာမင်၊ ဟော်မုန်း၊ (ကိုလက်စတီရော)၊ နဲ့ ဓါတ်ဆားတွေကိုလဲ လိုတဲ့အခါ ထုတ်ပေးဘို့ ဂိုထောင်လုပ်ပေးသေးတယ်။ စက်ရုံရော (ဝဲယားဟောက်စ်)ပါ ဖြစ်ရော။

အသဲရောင်ရတဲ့ အကြောင်းတွေထဲမှာ ဗိုင်းရပ်စ် အပြင် ဆေးတချို့၊ ရောဂါတချို့၊ အဆိတ်အတောက် နဲ့ ဗက်တီးရီးယား တွေလဲပါတယ်။ ဗိုင်းရပ်စ် အသဲရောင်ရောဂါကို ပိုးနာမယ်တွေအတိုင်း A, B, C, D, E, G ဆိုပြီး၊ ၆ မျိုး ခွဲထားတယ်။ (အေ) နဲ့ (အီး)တို့က ပါးစပ်ကနေဝင်၊ စအိုကနေထွက်တဲ့လမ်းကြောင်းကနေ ကူးစက်တာ။ သိပ်မခံရပါဘူး။ ကုရတာကလည်း အနားယူ၊ ရေနဲ့အရည် များများအသောက်ခိုင်းယုံပါ။ (အီး)က ကုလားဗျ။ နယူးဒေလီမှာ စတွေ့ခဲ့တာ။ (ဘီ) အကြောင်းကိုတော့ ဆိုးလို့ သီးခြားရေးထားပါတယ်။ နောက်မှပေါက်တဲ့ရွှေကြာပင် (ဂျီ)ကတော့ လူမသိ-သူမသိ ရှိပါသေးတယ်။ (အက်ဖ်)ဆိုတာကို လူရာမသွင်းဘူး။

(စီ)က အဆိုးဆုံး။ (ဘီ)လိုဘဲ ဆိုးတာချင်းအတူတူ ကာကွယ်ဆေး မပေါ်သေးဘူး။ (စီ)ပိုးက ဒုတိယကမ္ဘာစစ် လောက်ကတည်းက ရှိခဲ့ပေမဲ့ နာမယ်ပေး ကင်ပွန်းတပ်ခံရတာက အသက် ၅ဝ ရှိလို့ ၁၉၈၉ ကြမှပါ။ အရင်ကတော့ သူ့ကို အေမဟုတ်-ဘီမဟုတ်လို့ ခေါ်ခဲ့တဲ့အကောင်ပေါ့။

Hepatitis C virus (HCV) ဗိုင်းရပ်စ် စီ ပိုးဝင်ရင် သာမန်ကာရှန်ကာ ၁ ပါတ် ၂ပါတ်လောက်သာ ခံစားရတာမျိုးနဲ့ အသက်ကိုပါ ရန်ရှာတဲ့အဆင့်မျိုး ဖြစ်နိုင်တယ်။ အဆိုးနှစ်ကောင်ဖြစ်တဲ့ ဘီ နဲ့ စီ မတူတာက ဘီပိုးဟာ အထဲဝင်ပြီး၊ ကင်းစင်သွားနိုင်ပေမဲ့ စီပိုးကတော့ အမြဲ ရှိနေတတ်တယ်။ ဘီပိုးက လိင်ကနေတဆင့် ကူးစက်တာ များပြီး၊ စီပိုးကတော့ သွေးကတဆင့် ကူးတာက အဓိက ဖြစ်တယ်။

(စီ) ဖြစ်ရင် ရောဂါလက္ခဏာမရှိဘဲ နေတတ်လို့၊ အတော်များများက ဆေးစစ်တဲ့အခါ အမှတ်မထင် ပိုးရှိနေတာကို တွေ့ကြရတယ်။ တယောက်ယောက်မှာ (စီ)ပိုး တွေ့တယ်လို့ဆိုရင် သူဟာ ကမ္ဘာပေါ်က လူပေါင်း သန်း ၁၇ဝ ထဲက တယောက်ပါ။ အကြောက်မကြီးအောင် ပြောရရင် ၁၀ဝ မှာ ၈၀-ဂ၅ ယောက်လောက်က နာတာရှည် မဖြစ်ကြပါ။ နာတာရှည်ကနေ နောက်ဆက်တွဲ ဆိုးဝါးတာတွေဖြစ်တဲ့ ရာနှုန်းကလည်း ၅ ဂဏန်းအောက်မှာပါ။

နာမည်ကြီးလူဆိုး AIDS ဖြစ်စေတဲ့ HIV နဲ့ မတူတာက ပိုးရှိတဲ့မအေကနေ ကလေးကို စီမှာက ၅% လောက်သာ ကူးစေနိုင်ပါတယ်။ ဖအေမှာ စီပိုးရှိနေပေမဲ့ သူ့ကလေးကို (သွေးမထိမချင်း) မကူးဘူး။ လိင်လမ်းကနေ ကူးတာကလဲ HIV နဲ့ B တို့လောက် မဟုတ်ပြန်ဘူး။ (စီ)ကို တလင်တမယား လိင်ကနေကူးတယ်ဆိုတာ ရှားပါတယ်။

သွေး(မစစ်ဘဲ)သွင်းတာ၊ သွေး-သွေးချင်းထိတာ၊ ဆေးထိုးအပ် သီးခြားမသုံးတာ၊ နားကပ် လဲဝတ်တာ၊ မုတ်ဆိပ်ရိတ်ဒါး၊ သွားတိုက်တံ၊ လက်သဲညှပ် တွဲသုံးတာ၊ (တက်တူး)ထိုးတာ၊ ဟိုနေရာ ဒီနေရာ ကွင်းတပ်တာတွေကနေ ကူးရတာပါ။ ဒါပေမဲ့ ပိုးရှိနေသူ ချက်ပြုတ်တာ စားမိလို့ မကူးပါ။ လက်တွဲလျောက်တာ၊ နှာခြေ၊ ချောင်းဆိုး၊ တစ်အိမ်တည်း အတူနေတာနဲ့လဲ မကူးဘူး။ ခွျေး၊ သွားရည်၊ မျက်ရည်တွေကနေ မကူးပါ။ ပိုးရှိတဲ့မအေက နို့တိုက်တာနဲ့ မကူးပါ။ ရာသီသွေးကတော့ ကူးနိုင်တယ်။

(စီ)ပိုး အဝင်ခံရရင် အစတော့ တုပ်ကွေးလိုပါဘဲ။ မစားချင်မသောက်ချင်၊ အားယုတ်၊ ပျို့ချင်သလိုနေ၊ အဆစ်တွေ အသားတွေနာ၊ သတိထားရင် အသဲရှိရာ ဗိုက်ညာဘက်အထက်နားမှာ နာမယ်။ ကိုယ်ပူတာလဲရှိနိုင်တယ်။ ကြာလာရင် ဝါလာမယ်။ အများသိကြတဲ့ (ဂွျန်းဒစ်)။ ကြာတယ်ဆိုတာ ဆယ်စုနှစ်နဲ့ချီနိုင်တယ်။ ရောဂါလက္ခဏာမပေါ်ပေမဲ့ ပိုးက အသဲကို ဖျက်နေပြီ၊ သူများကိုလဲ ကိုယ့်သွေးနဲ့ထိရင် ကူးနိုင်နေပြီ။

အသဲက စဖြစ်တော့ မာလာမယ်၊ နောက် အမာရွတ်လိုဖြစ်လာမယ်။ ၁၇% ကနေ ၂၀% လောက်က Cirrhosis အသဲခြောက်တာ ဖြစ်လာနိုင်တယ်။ ဆိုးဝါးလွန်းတဲ့ အဆင့်ရောက်ရင် အသားတွေ ဝါမယ်၊ စိတ်က တွေးရ-ကြံရတာတွေ ဝေဝါးလာမယ်၊ အရည်တွေများလာလို့ ဗိုက်ဖေါင်းလာမယ်၊ အစာလမ်းကနေ သွေးယိုတာဖြစ်မယ်။ ကံဆိုးသူ ၂% ကတော့ Hepatocellular Carcinoma ခေါ်တဲ့ အသဲကင်ဆာမှာ အဖြစ်အများဆုံးရောဂါ ဖြစ်နိုင်တယ်။

သေခြာအောင်လုပ်ရမှာက သွေးစစ်ပါ။ ပိုးရှိ-မရှိ၊ ပိုးဘယ်လောက်များလဲ၊ Liver biopsy အသဲရဲ့ အသားစ ထုတ်ယူ စစ်ဆေးတာက အသေခြာဆုံးပါ။ နောက် Hepatitis C antibody test နဲ့ PCR test အပြင် အသဲအခြေအနေကို ဆန်းစစ်ဘို့ Liver function tests လုပ်ရတယ်။ တိကျအောင် Hepatitis C Genotype test ဆိုတဲ့ ပိုး အမျိုးအစား ခွဲတာလဲ လုပ်ရပြန်ပါသေးတယ်။ (စီ) ရှိနေရင် HIV ကိုပါ စစ်ပါ။ နှစ်ခုလုံး တွဲရှိသူတွေ ရှိတယ်။ HIV က ပိုဆိုးတာက ကိုယ်ရဲ့ ခုခံအားစနစ်ကြီးကို ဖျက်ပြစ်လို့ပါ။ နဲနဲကောင်းတာက HIV ကို ကုဘို့ ဆေးတွေရှိနေပြီ။ နဲနဲလို့ ပြောရတာက ဆေးက သက်သာစေဘို့သာ ဖြစ်ပြီး၊ အပျောက်မရသေးလို့ပါ။

မကူးအောင် ကာကွယ်နည်းအတိုင်း (စီ)ပိုးရှိသူတွေ ဆင်ခြင်ရပါမယ်။ မူးယစ်ဆေးသုံးတာ၊ ဆေးမင်ကြောင်(Tattoo )ထိုးတာ၊ ဟိုကွင်း-ဒီကွင်းတပ်တာ၊ ကွန်ဒွန်းမပါ လိင်ဆက်ဆံတာတွေ ရှောင်ပါ။ အရက်ဖြတ်ပါ။ ကောင်းကောင်းနား၊ ကောင်းကောင်းစားပါ။ အသီးအရွက်၊ အသီးအနှံ၊ အစေ့အဆံ ဆိုရင် တစ်ခုလုံးပါတာမျိုး စားပါ။

ပိုးတွေ့ရင် ဆေးကုဘို့လို-မလို ဆရာဝန်ကဆုံးဖြတ်ပါမယ်။ ရောဂါက အန္တရာယ်နည်းနေရင် ဆေးပေးချင်မှ ပေးပါလိမ့်မယ်။ ဆေးက ထိုးဆေးရော စားဆေးပါပေးမှာပါ။ တနည်းက ၄၈ ပါတ်ကြာမှာဖြစ်ပြီး၊ တနည်းက ၂၄ ပါတ်။ လိုရင် နောက် တကြော့။ ဆေးက ၂ မျိုးသုံးနေပါတယ်။ Interferon ထိုးဆေး နဲ့ Ribavirin စားဆေး တွေပါ။ Injection Interferon ကို ရ ရက် တပါတ်မှာ ၃ ကြိမ်ထိုးတယ်။ နောက်ပေါ်ဆေး Pegylated ကတော့ ၁ ပါတ်မှာ ၁ ကြိမ်နဲ့ရတယ်။ Ribavirin စားဆေးကို ၁ ပြား တနေ့ ၂ ကြိမ်။ ဆေး ၂ မျိုးတွဲကုတာမို့ Combination therapy ခေါ်ကြတယ်။ ပူးတွဲစစ်ဆင်ရေး ပေါ့ဗျာ။ ၆ လ ကနေ ၁၂ လကြာပါမယ်။

ဆေးတွေကတော့ ပြင်းတော့ တုပ်ကွေးခပ်ဆိုးဆိုး ဖြစ်နေသလို ခံစားရမယ်။ မောပန်း၊ ခေါင်းကိုက်၊ အဆစ်အမြစ်နာ၊ ချမ်း၊ အအိပ်ပျက်၊ ကိုယ်ပူ၊ စာကြည့်မရ၊ အာရုံစိုက်မရ၊ စိတ်ဓါတ်ကျတာလဲ ဖြစ်နိုင်တယ်။ နောက်ဆုံးကတော့ အသဲ အစားထိုးပေးရတာပါ။ နားလည်ဘို့က အသဲအစားထိုးပေမဲ့ ပိုးသေအောင် ဆေးလိုနေမှာပါ။ စီပိုးရှိသူတွေကို အေ နဲ့ ဘီ ကာကွယ်ဆေးတွေ ထိုးခိုင်းပါမယ်။

စီပိုးရှိသူများ အကိုက်အခဲ ပျောက်ဆေး Acetaminophen (Tylenol, Panadol) ကို ရှောင်ရမယ်။ Ibuprofen က အသဲမခြောက်သေးရင် သောက်လို့ရတယ်။ Aspirin ကတော့ အစာအိမ်ပြဿနာမရှိသ၍ သောက်နိုင်တယ်။ သံဓါတ်စားဆေး Iron supplements မပေးသင့်ဘူး ပြောကြတယ်။ အစားထဲပါသလောက် သံဓါတ်က ဘာမှမဖြစ်ပါ။

တခြားဆေးကုနည်းတွေလဲ ရှိပါသေးတယ်။ Aromatherapy အနံ့နဲ့ဆေးကုနည်း၊ Massage therapy အနှိပ်ခံနည်း၊ Yoga ရောဂနည်းတွေပါ။ အပန်းလဲမကြီး၊ စခန်းလဲနီးရင် သုံးပါ။ Meditation စိတ်တည်ငြိမ်အောင် ရှုမှတ်နည်းလဲ ပါတယ်။ စိတ်ရဲ့စွမ်းအားကို ကွျန်တော်တို့လူမျိုးတွေက အသိဆုံးမဟုတ်ပါလား။ [၁]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. Dr. တင့်ဆွေ(၇-၉-၀၉)