အသည်းရောင်အသားဝါ ဘီရောဂါကာကွယ်ဆေး

ဝီကီပီးဒီးယား မှ
ဂျပန်နိုင်ငံထုတ် အသည်းရောင် အသားဝါ ဘီ ကာကွယ်ဆေး

အသည်းရောင်အသားဝါ ဘီရောဂါကာကွယ်ဆေး (အင်္ဂလိပ်: Hepatitis B vaccine)သည် အသည်းရောင်အသားဝါ ဘီရောဂါကို ကာကွယ်ပေးသည့် ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။[၁] ဤကာကွယ်ဆေး၏ ပထမအကြိမ်ကို မွေးကင်းစကလေးအား မွေးပြီးပြီးချင်း (၂၄)နာရီအတွင်းတွင် ပေးရပြီး နောက်ထပ်(၂)ကြိမ် သို့မဟုတ် (၃)ကြိမ်ထပ်ပေးရသည်။ ကိုယ်ခံအားကျဆင်းနေသူများဖြစ်သည့် အိတ်ချ်အိုင်ဗွီ ရောဂါပိုး (HIV)/ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ကူးစက်ခံနေရသောသူများနှင့် လမစေ့ပဲမွေးသောကလေးများကိုပါ ဤကာကွယ်ဆေး ပေးသင့်သည်။ ကျန်းမာနေသောလူများတွင် ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်းဖြင့် (၉၅)ရာခိုင်နှုန်းနှင့်အထက်လူများကို ကာကွယ်နိုင်သည်။[၁]

ရောဂါဖြစ်နိုင်ခြေများသောလူများတွင် ကာကွယ်ဆေးထိုးပြီးပါက အကျိုးသက်ရောက်မှုရှိ၊မရှိကို သွေးစစ်ဆေးခြင်းဖြင့် သေချာအောင်စမ်းသပ်သင့်သည်။ ကိုယ်ခံအားကျဆင်းနေသူများတွင် ထပ်ဆင့်ထိုးရန် လိုအပ်တတ်သော်လည်း လူအများစုတွင် လိုအပ်လေ့မရှိပါ။ အသည်းရောင်အသားဝါ ဘီရောဂါပိုးနှင့်ထိတွေ့ပြီး ခုခံအားမရှိသူများကို ဤကာကွယ်ဆေးနှင့်အတူ အသည်းရောင်အသားဝါ ဘီရောဂါပိုးကို ခုခံပေးသော ပဋိပစ္စည်း(hepatitis B immune globulin)ကိုပါ ပေးရသည်။ ဤကာကွယ်ဆေးကို ကြွက်သားထဲသို့ ထိုးနှံရသည်။[၁]

အသည်းရောင်အသားဝါ ဘီရောဂါကာကွယ်ဆေးကြောင့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။ ကာကွယ်ဆေးထိုးသည့်နေရာတွင် နာကျဉ်ခြင်းဖြစ်တတ်သည်။ ဤကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်နေစဉ်နှင့် မိခင်နို့တိုက်ကျွေးနေစဉ်တွင် စိတ်ချစွာ ပေးနိုင်သည်။ ဤကာကွယ်ဆေးကြောင့် ဂီလန်ဘာရေး ရောဂါလက္ခဏာစု(Guillain-Barre syndrome) မဖြစ်နိုင်ပါ။ လက်ရှိအသုံးပြုနေသော ကာကွယ်ဆေးမှာ မျိုးရိုးဗီဇများကို ပေါင်းစပ်ထားသောနည်းလမ်း(recombinant DNA techniques)ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ဤကာကွယ်ဆေးကို သီးသန့်ဆေးအဖြစ်နှင့် အခြားကာကွယ်ဆေးများဖြင့် ရောစပ်ထားသောဆေးအနေဖြင့်ပါ ရရှိနိုင်သည်။[၁]

ပထမဆုံး အသည်းရောင်အသားဝါ ဘီရောဂါကာကွယ်ဆေးကို အမေရိကန်နိုင်ငံတွင် (၁၉၈၁)ခုနှစ်တွင် အတည်ပြုခဲ့သည်။[၂] (၁၉၈၆)ခုနှစ်တွင် ပို၍စိတ်ချရသော အမျိုးအစားကို ဈေးကွက်တွင်ရရှိခဲ့သည်။[၁] ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် အခြေခံကျန်းမာရေးစနစ်အတွက် အဓိကလိုအပ်သောဆေးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။[၃] (၂၀၁၄)ခုနှစ်တွင် ဤဆေးတစ်လုံး၏ လက်ကားဈေးမှာ (ဝ.၅၈-၁၃.၂၀) ဒေါ်လာဖြစ်ပြီး[၄] အမေရိကန်နိုင်ငံတွင် (၅၀-၁၀ဝ) ဒေါ်လာခန့်ပေးရသည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ "Hepatitis B vaccines WHO position paper" (2 Oct 2009). Weekly epidemiological record 40 (84): 405–420. 
  2. Moticka၊ Edward။ A Historical Perspective on Evidence-Based Immunology။ p. 336။ ISBN 9780123983756
  3. WHO Model List of EssentialMedicinesWorld Health Organization (October 2013)။ 22 April 2014 တွင် ပြန်စစ်ပြီး။
  4. Vaccine, Hepatitis B။ 6 December 2015 တွင် ပြန်စစ်ပြီး။
  5. Hamilton၊ Richart (2015)။ Tarascon Pocket Pharmacopoeia 2015 Deluxe Lab-Coat Edition။ Jones & Bartlett Learning။ p. 314။ ISBN 9781284057560