အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ

ဝီကီပီးဒီးယား မှ

(၂ဝ၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၃။)

၁၃၇၄ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၈ ရက်

(၂ဝ၁၂ ခုနှစ်၊ ဩဂုတ်လ ၁ဝ ရက်)

အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ


ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်[ပြင်ဆင်ရန်]

၁။ဤဥပဒေကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဟု ခေါ်တွင်စေရမည်။

၂။ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-

( က )ပြည်ထောင်စုအစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အစိုးရအဖွဲ့ကို ဆိုသည်။

( ခ )ဝန်ကြီးဌာနဆိုသည်မှာ ဤဥပဒေအရ စီမံခန့်ခွဲရန် ပြည်ထောင်စု အစိုးရအဖွဲ့၏ တာဝန်ပေးအပ်ခြင်းခံရသော ပြည်ထောင်စု ဝန်ကြီးဌာန တစ်ခုခုကိုဆိုသည်။

( ဂ )အရေးကြီးကုန်စည် ဆိုသည်မှာ ဤဥပဒေအရ ဝန်ကြီးဌာန တစ်ခုခုက အခါအားလျော်စွာ သတ်မှတ်သော သက်ရှိကုန်စည် သို့မဟုတ် သက်မဲ့ကုန်စည် တစ်မျိုးမျိုးကို ဆိုသည်။

( ဃ )အရေးကြီးဝန်ဆောင်မှု ဆိုသည်မှာ ဤဥပဒေအရ ဝန်ကြီးဌာန တစ်ခုခုက အခါအားလျော်စွာ သတ်မှတ်သော ဝန်ဆောင်မှု တစ်မျိုးမျိုးကို ဆိုသည်။

အခန်း(၂)ရည်ရွယ်ချက်[ပြင်ဆင်ရန်]

၃။ဤဥပဒေ၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်-

( က )နိုင်ငံသားများ၏ အကျိုးစီးပွားကို အထောက်အကူပြုမည့် ကုန်စည်များနှင့် ဝန်ဆောင်မှုများကို အကာအကွယ်ပေးနိုင်ရန်၊

( ခ )နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သော ကုန်စည်များနှင့် ဝန်ဆောင်မှုများကို ကန့်သတ်တားဆီးနိုင်ရန်၊

( ဂ )ဘေးအန္တရာယ်၊ ကူးစက်ရောဂါနှင့် အခြားမလိုလားအပ်သော ကိစ္စတစ်စုံတစ်ရာ ပေါ်ပေါက်နိုင်သည့် ကုန်စည်နှင့်တိရစ္ဆာန်များအား ပြည်တွင်းသယ်ဆောင်မှု၊ ပြည်တွင်းသို့ တင်သွင်းမှုနှင့် ပြည်ပသို့ တင်ပို့မှုတို့ကို တားဆီးနိုင်ရန်။


အခန်း(၃)အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုများ[ပြင်ဆင်ရန်]

၄။ပြည်ထောင်စုအစိုးရအဖွဲ့သည် အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလို ဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို သက်ဆိုင်ရာဝန်ကြီးဌာန တစ်ခုခုအား အပ်နှင်းနိုင်သည်-

( က )ကုန်စည်တစ်မျိုးမျိုးကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြေညာပြီး ယင်းကုန်စည်နှင့်စပ်လျဉ်း၍ တင်သွင်းမှု၊တင်ပို့မှု၊ ရောင်းဝယ်မှု၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှု၊ စားသုံးမှုတို့နှင့် သက်ဆိုင်သည့် ကိစ္စရပ်များ၊

( ခ )တိရစ္ဆာန်တစ်မျိုးမျိုးကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြေညာပြီး ယင်းတိရစ္ဆာန်နှင့်စပ်လျဉ်း၍ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ ခိုင်းစေမှု၊ မွေးမြူမှု၊ တင်သွင်းမှု၊ တင်ပို့မှု၊ ရောင်းဝယ်မှု၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှု၊ စားသုံးမှုတို့နှင့် သက်ဆိုင်သည့် ကိစ္စရပ်များ၊

( ဂ )ဝန်ဆောင်မှုတစ်မျိုးမျိုးကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ် ကြေညာပြီး ယင်းဝန်ဆောင်မှုနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ။

အခန်း(၄)ပြစ်မှုနှင့် ပြစ်ဒဏ်များ[ပြင်ဆင်ရန်]

၅။မည်သူမဆို ပုဒ်မ ၄ အရ ထုတ်ပြန်သော အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား အနည်းဆုံးထောင်ဒဏ်ခြောက်လမှ အများဆုံး ထောင်ဒဏ် သုံးနှစ်အထိချမှတ်ရမည့်ပြင် ကျပ်ငါးသိန်းထက် မပိုသော ငွေဒဏ်လည်း ချမှတ်ခြင်းခံရမည်။

၆။တရားရုံးသည် ပြစ်မှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို ဖျက်ဆီး စေရန်ဖြစ်စေ၊ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန်ဖြစ်စေ၊ အခြားနည်း စီမံခန့်ခွဲရန်ဖြစ်စေ အမိန့်ချမှတ်နိုင်သည်။

၇။ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

အခန်း(၅)အထွေထွေ[ပြင်ဆင်ရန်]

၈။ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အခြား ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များအကြား လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းပေးရမည်။

၉။ပုဒ်မ ၄ အရ တာဝန်ပေးအပ်ခြင်းခံရသည့် ဝန်ကြီးဌာနသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခုကို အရေးကြီးကုန်စည် သို့မဟုတ် အရေးကြီးဝန်ဆောင်မှု အဖြစ် အမိန့်ထုတ်ပြန်သတ်မှတ်၍ လိုအပ်သလို ဆောင်ရွက်ပြီးနောက် ဆက်လက် ဆောင်ရွက်ရန် လိုအပ်ခြင်းမရှိသည့်အခါ ယင်းအမိန့်ကို ဆောလျင်စွာ ပြန်လည် ပယ်ဖျက်ပေးရမည်။

၁ဝ။ The Essential Supplies and Services Act, 1947 အရ ထုတ်ပြန်ခဲ့သော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များသည် ဤဥပဒေနှင့် မဆန့်ကျင်သမျှ ဆက်လက်ကျင့်သုံးနိုင်သည်။

၁၁။ဤဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-

( က )ပြည်ထောင်စုအစိုးရအဖွဲ့သည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ထုတ်ပြန်နိုင်သည်။

( ခ )ပုဒ်မ ၄ အရ တာဝန်အပ်နှင်းခံရသည့် ဝန်ကြီးဌာနသည် သက်ဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် အာဏာပိုင်အား ယင်းဥပဒေနှင့် သက်ဆိုင်သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခွင့်ကို အပ်နှင်းနိုင်သည်။

၁၂။ဤဥပဒေဖြင့် The Essential Supplies and Services Act, 1947 ကို ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်