အဘယမုဒြာ

ဝီကီပီးဒီးယား မှ

ဘေးရန် အန္တရာယ်မရှိအောင် ကာကွယ်ပေးလျက်ရှိသည့်ဟန် ဖြစ်သည်။ ဘေးမဲ့ဟန်ဟုလည်း ခေါ်ဆိုနိုင်သည်။ သန္တိဒမုဒြာဟူ၍၎င်း, အဘယဟတ္ထဟူ၍၎င်း အမျိုးမျိုးခေါ်ကြသေးသည်။ လက်တဖက်ကို အနည်းငယ်ထောင်၍ ကွေးထားပြီးလျှင် လက်ဖဝါးကို ပြင်ဘက်သို့လှန်ကာ လက်ချောင်းများကို အပေါ်သို့ ထောင်ပြန့်ပြနေသောပုံကို အဘယမုဒြာ ဘေးမဲ့ဟန်ဟုခေါ်ကြသည်။ ၎င်း ရုပ်တုကို ကြည့်သူသည် ထိုလက်ဖဝါးကို မြင်ရသည်။ တခါတရံ လက်ဖဝါးပြင်တွင် စက်လက္ခဏာများ ဖော်ပြထားတတ်သည်။ ထောင်ထားသောလက်ဖဝါးသည် ရင်ဘတ်နှင့်အညီ မြှင့်တင်နေရသည်။ အခြား လက်တဖက်ကိုမူ ပေါင်ခွင်တွင် လက်ဝါးလှန်ပြီးဖြစ်စေ မှောက်ပြီးဖြစ်စေ တင်ထားလေ့ရှိသည်။ တခါတရံ လက်နှစ်ဖက်စလုံးကို အဘယမုဒြာဖြင့် လှန်၍ပြထားသည်ကိုလည်း တွေ့ရှိရတတ်သည်၊

တခါတရံ လက်ျာလက်ကို ပခုံးနှင့် ထိသည်အထိ မြှင့်တင်ထားပြီး ထောင်၍ပြကာ လက်ဝါးဖြန့်၍ လက်ချောင်းများကို အပေါ်သို့ထောင်ထားသောပုံမျိုးဖြင့် တွေ့ရသည်။ လက်ဝဲလက်ကိုမူ ပေါင်ခွင်တွင် တင်ထားသည်ကို အများဆုံး တွေ့ရတတ်သည်။ ဤသည်လည်း အဘယမုဒြာပင် ဖြစ်ပါသည်။

အဘယမုဒြာသည် ဝရဒမုဒြာနှင့် ပြောင်းပြန်ဖြစ်သည်။ ဝရဒမုဒြာတွင် လက်ဝါးကိုလှန်၍လက် ချောင်းများကို အောက်သို့ စိုက်ပြထားသည်။ လက်ကိုလည်း အောက်သို့ ကွေး၍ ချပြထားသည်။ ဤမုဒြာ နှစ်ခုကို နှိုင်းယှဉ်ပြီးလျှင် ခြားနားချက်ကို စိစစ်ကြည့်ပါက ပို၍ထင်ရှားစွာ သိသာနိုင်ပါသည်။

တဖန် အဘယမုဒြာနှင့် စပေဋဒါနမုဒြာတို့၏ ခြားနားချက်ကိုလည်း သတိမူသင့်သည်။ စပေဋဒါနမုဒြာတွင် လက်ျာလက်ကို အပေါ်သို့ ခပ်မြင့်မြင့် မြှောက်ကာ ရန်သူအား လက်ဝါးဖြင့် ရိုက်ပုတ်တော့ မည့်ဟန်မျိုးကိုပြသည်။ အဘယမုဒြာတွင် ဤဒေါသဟန်မျိုး မပါချေ။ ဖူးမျှော်လာသူအား မကြောက် မရွံ့စေရန် အားပေးနေသော ဟန်အမူအရာမျိုးကိုသာ တွေ့ရှိရပေသည်။

အဘယမုဒြာ၏ အနက်သဘောမှာ မကြောက်ရွံ့စေရန် ဘေးအန္တရာယ်များမှ အသင်အား ကာကွယ်ပေးနေပါသည်ဟူ၍၎င်း, ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်မှာ ကိလေသာကင်းစင်တော်မူသော အနန္တဇိနဖြစ်တော်မူသောကြောင့်-(န ကုတော ဘယံ) ကြောက်ရွံ့ထိတ်လန့်ဘွယ် တစုံတရာ မရှိတော့ပြီ ဟူသော ဗုဒ္ဓဂုဏ်တော်ကို သိစေလို၍၎င်း, လက်တော်ဖြင့် ပြထားခြင်းဖြစ်ပေသည်။

မစိုးရိမ်သင့် မကြောက်ကြလင့်, ကြက်သီးမွှေးညှင်းထခြင်း, ထိတ်လန့်တုန်လှုပ်ခြင်း တစုံတရာ မဖြစ်လင့်၊ ကိုးကွယ်အားထားစရာ ဗုဒ္ဓမြတ်စွာရှိနေပါပြီဟူသော ဓဇဂ္ဂသုတ်[၁]ပရိတ်တော်ဒေသနာကို ဟောကြားနေဟန်ဖြစ်သည်ဟု သုတေသီများက မိန့်ဆိုထားကြလေသည်။

တနည်းအားဖြင့်ဆိုသော်လောကဓံ တရားများနှင့် ရင်ဆိုင်နေကြရသူများအား မတုန်လှုပ်ခြင်းသောကကင်းခြင်း ကိလေသာမြူ ကင်းခြင်း ဘေးရန်ကင်းခြင်းတည်းဟူသော မင်္ဂလာများကို ရရှိစေရန် သရုပ်ဆောင်ပြထားခြင်း ဖြစ်ပေသည်။

အဘယမုဒြာသည် ဝီရရသပေါ်လွင်စေခြင်း သတ္တိရှိပေသည်။ ပညာပါရမီ အဓိဋ္ဌာန်ပါရမီနှင့် ဝီရိယပါရမီတို့သို့ အနှစ်သာရအားဖြင့် ဖော်ညွှန်းပြထားခြင်း ဖြစ်ပေသည်။

ဟိန္ဒူဗြာဟ္မဏ ယဉ်ကျေးမှုတွင်၎င်း, ပျူယဉ်ကျေးမှုတွင်၎င်း, အဘယမုဒြာဟန်မျိုးကို အသက် ဂုဏ်-သိက္ခာ-ပညာ စသည်အားဖြင့် ကြီးမားမြင့်မြတ်သူက ဧည့်သည် အာဂန္တုအား ကျန်းမာပါ၏လော, ဘေးကင်းရန်ရှင်းဖြစ်ပါ၏လေ, တစုံတရာသော အနှောက်အရှက်မှ ကင်းပါ၏လောဟူ၍ မေးမြန်း နှုတ်ဆက်ခြင်း အလ္လာပ သလ္လာပ ပဋိသန္တာရစကားပြောလိုသောအခါ ထိုလက်ဟန်အမူအရာဖြင့် အသုံးပြုကြောင်း လေ့လာမှတ်သားခဲ့ရပေသည်။

အထူးအားဖြင့် တိဗက်နွယ်သော ရှေးမြန်မာဆေးရေးပန်းချီများတွင် လက်ကိုတွဲလျားချ၍ လက်ဖဝါးကို အပြင်သို့ လှန်ကာ လက်ချောင်းများကို ဖြန့်ပြီး ဘေးတဖက်သို့ ထုတ်ပြထားသည်ကိုလည်း အောက်ချ အဘယမုဒြာမျိုး ဖြစ်သည်ဟု အနုပညာဆရာအချို့က ဆုံးဖြတ်ထားလေသည်။

တိဗက်မြန်မာတို့သည် အမောဃသိဒ္ဓိ ဈာနိဗုဒ္ဓ၏ရုပ်ပွားတော်ကို အဘယမုဒြာဖြင့် ထုလုပ်ကိုးကွယ် လေ့ရှိကြသည်။ ကြံစည်သမျှ ပြီးပြည့်စုံ အောင်မြင်ပြီဖြစ်၍ တစုံတရာ ကြောက်ရွံ့စိုးရိမ်စရာ ထိတ်လန့် စရာ မရှိတော့သော အမောဃသိဒ္ဓိဟူသော ဘွဲ့တော်အားလျော်စွာ ညွှန်ပြသည့်သဘောကို ဆောင်လေသည်။

ပုံစံအားဖြင့်—

ပုဂံရွှေဆံတော်ဘုရားနှင့် မြစေတီဘုရားများမှ ရရှိသော ဌာပနာတိုက် ရုပ်ပွားတော်များကို အဘယမုဒြာတဖက်ဖြင့်၎င်း, လက်နှစ်ဖက်စလုံး အဘယမုဒြာဖြင့်၎င်း တွေ့ရှိနိုင်ပါသည်။

ညောင်ဦး ရွှေစည်းခုံစေတီတော်တွင်းရှိ ကကုသန္ဓ, ကောဏာဂမန, ကဿပနှင့် ဂေါတမမြတ်စွာဘုရားလေးဆူ၏ ရပ်တော်မူပုံများတွင် လက်ျာလက်ကို အဘယမုဒြာဖြင့် တွေ့ရသည်။

ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ယိုးဒယားခန်းမရှိ ရပ်တော်မူမှာကား လက်ဝဲလက်ဖြင့် အဘယမုဒြာဟန် ပြတော်မူသည်။

ရှေးမင်းကောင်း မင်းမြတ်များသည် တိုင်းပြည် ငြိမ်းချမ်းသာယာစေရန်အတွက်၎င်း, စစ်မက် ရေးရာ ကင်းရှင်းပြေပျောက်စေရန် အတွက်၎င်း, တိုင်းသူပြည်သား လူအများတို့အား ကြောက်ရွံ့ ထိတ်လန့်ခြင်း, တုန်လှုပ်ချောက်ခြားခြင်း မရှိကြစေရန်အတွက်၎င်း, မကောင်းသော သတင်းဆိုး ကောလာဟလများကို ဖြေဖျောက်ကျော်လွှားစေနိုင်ရန် အတွက်၎င်း ဤအဘယမုဒြာပါသော ရုပ်ပွား ဆင်းတုတော်များကို စီမံထုလုပ် ကိုးကွယ်လေ့ရှိကြသည်။ အဘယမုဒြာ ရုပ်ပွားတော်ကို ကိုးကွယ်သူသည် အစိမ်းသားရဲ သင်းကွဲ ပြိတ္တာ နတ်မိစ္ဆာတို့၏ နှောက်ယှက်မှုမှ ကင်းဝေးသည်။ ရန်သူစစ်သည် သူပုန် သူစိမ်း မုဒိမ်း ထားပြတို့၏ ရန်မှကင်းဝေးသည်။ ရဲရင့်တက်ကြွ သူရသတ္တိနှင့် ပြည့်စုံစေသည်။ စိတ်အားငယ်ခြင်း, စိတ်ဓာတ်ကျဆင်းခြင်းမှ လွတ်ငြိမ်းပြေပျောက်သည် စသော အကျိုးထူးများကို ရရှိကြောင်း တန္တရာယာန ကျမ်းဂန်များ၌ ဟောကြားထားပေသည်။ [၂] [၃] [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. အဘီရု အဆမ္ဘီ အနုတြာသီ အပလာယီ ... ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော န ဟေဿတိ။ (ဓဇဂ္ဂသုတ္တ)။
  2. OBEP. plate 443. a.b.c.d. Pyu Maitreya 442. c. Shwesandaw plate 175. a.b.c.d. Shwezigon.
  3. ၃.၀ ၃.၁ စဝ်ထွန်းမှတ်ဝင်း မဟာဝိဇ္ဇာ (ရန်ကုန်)၊ မဟာဝိဇ္ဇာဂုဏ်ထူး (ဟားဗဒ်) အထက်တန်း သုတေသန ပညာရှင်ဘွဲ့ (ဟားဗဒ်) ညွှန်ကြားရေးမှူး၊ သုတေသနနှင့် ကျမ်းပြုဌာနခွဲ သာသနာရေး ဦးစီးဌာန။ မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ