အန့်တွပ်မြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အန့်တွပ်မြို့ မြင်ကွင်း

အန့်တွပ်မြို့သည် ဘယ်ဂျီယမ်နိုင်ငံ၏ ပင်လယ်ဆိပ်ကမ်းမြို့ကြီးတစ်မြို့ဖြစ်၍ တည်နေရာအခြေအနေ ကြောင့် ကမ္ဘာ့သမိုင်းတွင်ထင်ရှားခဲ့သည်။ နှစ်ဆယ့်နှစ်ပေကျယ် သော ရှဲ့မြစ်၏ လက်ျာဘက်ကမ်းပေါ်တွင်တည်ရှိ၍ မြောက် ပင်လယ်မှ ၅၅ မိုင်ဝေးသည်။ သို့ရာတွင် နိုင်ငံခြားသင်္ဘောကြီး များ ထွက်ဝင်သွားလာနိုင်သဖြင့် ကုန်ကူးသန်းသွားလာရေးတွင် အရေးပါအရာရောက်သော မြို့ကြီးဖြစ်သည်။ ကမ္ဘာပေါ်တွင် အကောင်းဆုံးဆိပ်ကမ်းရှိသည့် မြို့များအနက် တစ်မြို့အပါအဝင် ဖြစ်သည်။ အန့်တွပ်မြို့ကို အန့်တွပ်မြို့ဟုလည်းခေါ်၍ ပြင်သစ် ဘာသာဖြင့် အန်းဗားမြို့ဟုလည်းခေါ်သည်။

ဒဏ္ဍာရီ အရ ရှဲ့မြစ်အနီးတွင် အန်တီဂွန်းဟု ခေါ်သော အကောင်ကြီး တစ်ကောင် ရှိခဲ့ပြီး မြစ်ဖြတ်သန်းခ မပေးသော သူများ၏ လက်ကို ဖြတ်၍ မြစ်အတွင်းသို့ လွှင့်ပစ်လေ့ ရှိသောကြောင့် ဒတ်ချ်ဘာသာစကားဖြင့် လက်ကို လွှင့်ပစ်ခြင်း (Antwerp) ဟု မြို့အမည်ကို ပေးထားခြင်း ဖြစ်သည်။

အန့်တွပ်မြို့ကို ရှစ်ရာစုနှစ်ခန့်က စတင်တည်ထောင်ခဲ့ ၍ ၁၆ ရာစုနှစ်အလယ်ခန့်သို့ ရောက်သောအခါ ဥရောပတိုက် တွင် အဖွံ့ဖြိုးအစည်ကားဆုံး မြို့ကြီးတစ်မြို့အဖြစ်သို့ရောက်လာ ရုံမက ကမ္ဘာ့ငွေကြေးအရောင်းအဝယ်ဌာနကြီးလည်း ဖြစ်လာ သည်။ သို့ရာတွင် ၁၅၇၆ ခုနှစ်က ဘယ်ဂျီယမ်နိုင်ငံကို ထို အချိန်ကအုပ်ချုပ်နေသည့် စပိန်အစိုးရအား ပုန်ကန်ရာတွင် ပါဝင်သဖြင့် စပိန်တို့ကအန့်တွပ်မြို့ကြီးကို တိုက်ခိုက်မီးရှို့ရာ သုံးရက်တိုင်တိုင် မီးအကြီးအကျယ်လောင်သဖြင့် တစ်မြို့လုံး ပျက်စီးခဲ့ရသည်။ ၁၅၈၅ ခုနှစ်တွင် ဒျုဘွဲ့ရ ပါးမားစားက မြို့ကိုသိမ်း၍ ပရိုတက်စတန့် သာသနာဂိုဏ်းဝင်အားလုံးကို မြို့မှနှင်ထုတ်သည့်အခါ အန့်တွပ်မြို့သည်တစ်ဖန် အထိနာပြန် သည်။ ပြင်သစ်ဧကရာဇ်ဘုရင် နပိုလီယန်လက်သို့ ကျရောက် သည့်အခါမှသာ အန့်တွပ်မြို့သည် တဖန်နာလှန်ထူနိုင်လာကာ လန်ဒန်မြို့နှင့် အပြိုင်ဖြစ်လာခဲ့သည်။ အန့်တွပ်မြို့၏ တည်နေပုံ သည် စစ်ရေးအတွက် လည်းကောင်း၊ ကုန်ကူးသန်းရေးအတွက် လည်းကောင်း အသုံးဝင်အဖိုးတန်ကြောင်းသိသော နပိုလီယန် ဘုရင်သည် အန့်တွပ်မြို့၏ဆိပ်ကမ်းကို ပြုပြင်ဖွင့်လှစ်လိုက်ရာ ၁၈၁၄ ခုနှစ်တွင် နပိုလီယန်၏ အင်ပိုင်ယာကြီးကျဆုံးသည့် တိုင်အောင်ပင် အန့်တွပ်မြို့သည် ဆက်လက်စည်ကားနေသေး သည်။ သို့ရာတွင် ၁၈၃ဝ ပြည့်နှစ်၌ ဟော်လန်နှင့် ဘယ်ဂျီ ယမ် ခွဲလိုက်သောအခါ ရှဲ့မြစ်ဝကို ဒပ်ချတို့အုပ်ချုပ်လိုက်သဖြင့် အန့်တွပ်မြို့သို့ဝင်လိုသောသင်္ဘောများ အကောက်ခွန် အလွန် ပေးရသဖြင့် အဝင်အထွက်အကူးအသန်းနည်းကာ အန့်တွပ်မြို့ သည် ယခင်ကလောက် မစည်ကားတော့ချေ။ ၁၈၆၃ ခုနှစ်တွင် အကောက်ခွန်ယူခြင်း ရပ်ဆိုင်းလိုက်သောအခါ အန့်တွပ်မြို့သည် တဟုန်ထိုးစည်ကားလာပြန်သည်။

အန့်တွပ်မြို့သည်နှစ်ပေါင်းများစွာကပင် ဘယ်ဂျီယမ် နိုင်ငံ၏ သော့ချက်မြို့တော်ဖြစ်ရုံမက ဥရောပတိုက်၏ အခိုင်ခံ့ ဆုံးခံတပ်မြို့ကြီး တစ်မြို့လည်းဖြစ်ခဲ့သည်။ သို့ရာတွင် ခေတ် လက်နက်များ ထွန်းကားလာသောအခါ အန့်တွပ်မြို့ကြီးသည် ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တို့၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံလိုက်ရသည်။ မဟာမိတ်တို့ တိုက်ခိုက်သဖြင့် ဂျာမန်တို့ဆုတ်ခွာကာနီးသောအခါ ဆိပ်ကမ်း ကို ဗုံးဖောက်ခွဲဖျက်စီးရန် စီစဉ်သော်လည်း ၁၉၄၄ ခုနှစ် စက်တင်ဘာလတွင် မဟာမိတ်တပ်များ မြို့ကိုဝင်သည်နှင့် သတ္တိရှိ၍လက်မြန်သော ဘယ်ဂျီယမ်မြေအောက်တပ်သားများက ဗုံးမပေါက်အောင် ကာကွယ်လိုက်သဖြင့် အန့်တွပ်မြို့ကံကောင်း သွားသည်ဟု ဆိုရမည်ဖြစ်သည်။

အန့်တွပ်မြို့သည် ဆိပ်ကမ်းကောင်း၍ ကူးသန်းရောင်း ဝယ်ရေးတွင်ကျယ်သဖြင့် ကျော်ကြားရုံသာမက လုပ်ငန်းကြီး များ ထွန်းကား၍လည်း ကျော်ကြားသည်။ ထင်ရှားသော လုပ်ငန်းများမှာ သကြားချက်ခြင်း၊ ဇာရက်ခြင်း၊ အရက်ချက် ခြင်း၊ သင်္ဘောတည်ဆောက်ခြင်း၊ စိန်သွေးခြင်းတို့ဖြစ်ကြသည်။ အန့်တွပ်မြို့၏ ထင်ရှားသော အဆောက်အအုံများမှာ အလှပဆုံးဟုယူဆကြ၍ ဘယ်ဂျီယမ်နိုင်ငံ၌ အကြီးဆုံးလည်း ဖြစ်သော နော်ဗာဒန်ဘုရားရှိခိုးကျောင်း၊ မြို့တော်ခန်းမကြီး၊ ပန်းချီပြခန်းကြီး၊ ပန်းချီဆရာ ရူးဗင်၏ အိမ်တို့ဖြစ်ကြသည်။၂၀၁၀ ခုနှစ်ခန့်မှန်းသန်းခေါင်စာရင်းအရ အန့်တွပ်မြို့ ၏ လူဦးရေသည် ဆင်ခြေဖုံးအပါအဝင် ၄၈၃,၅၀၅ယောက် ဖြစ်သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)