အစိမ်းရောင်လမ်း

ဝီကီပီးဒီးယား မှ
အစိမ်းရောင်လမ်း
အမျိုးအစားဖုန်းအက်ပလီကေးရှင်း
ပိုင်ဆိုင်သူဂရင်နိုဗေတာ ကုမ္ပဏီလီမိတက်
တည်ထောင်သူသိန်းစိုးမင်း၊ ရင်ရင်ဖြူ
အယ်ဒီတာမေဇင်ထွန်း
ဘာသာစကားမြန်မာ
ဝက်ဘ်ဆိုဒ်https://www.greenwaymyanmar.com
နိုင်ငံမြန်မာ
မြို့ရန်ကုန်

အစိမ်းရောင်လမ်း ( Green Way ) သည် စိုက်ပျိုးရေးပညာရှင် လူငယ်များနှင့် ဖွဲ့စည်းထားပြီး နည်းပညာများကို ဖုန်းဆော့ဝဲမှ ဝန်ဆောင်မှုပေးသည့်အဖွဲ့ ဖြစ်သည်။ ဂရင်နိုဗေတာ အောက်မှ တရားဝင်လုပ်ဆောင်နေသည့် အဖွဲ့ ဖြစ်သည်။ မြန်မာနိုင်ငံအနှံ့တောင်သူများကို နည်းပညာဖြန့်ဝေပေးသည်။ ၂၀၁၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုလက်ရှိတွင် ၁၆ ဦးဖြင့် ဆောင်ရွက်နေသည်။ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီတွင်လုပ်ငန်းရှင်များ အသင်းမှ ချီးမြင့်သော လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းဆုကို ရရှိခဲ့ပြီး ယခုအခါ စိုက်ပျိုးရေးအပြင် မွေးမြူရေးကဏ္ဍအတွက်ပါ ထပ်မံချဲ့ထွင်ထားသည်။ ၂၀၁၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ချီးမြှင့်သော ASEAN Most Innovative Business Idea ဖြင့် ASEAN India Youth awards ရရှိခဲ့သည်။

အပြောင်မြောက်ဆုံး စီးပွားရေး စိတ်ကူးစိတ်သန်းဆု
အပြောင်မြောက်ဆုံး စီးပွားရေး စိတ်ကူးစိတ်သန်းဆု

အစိမ်းရောင်လမ်း စိုက်ပျိုးရေးဖုန်းဆော့ဝဲလ်[ပြင်ဆင်ရန်]

အစိမ်းရောင်လမ်း စိုက်ပျိုးရေးဖုန်းဆော့ဝဲလ်ကို မြန်မာနိုင်ငံတောင်သူများအတွက် ရည်ရွယ်ပြီး အစိမ်းရောင်လမ်းအဖွဲ့မှ ထုတ်လုပ်ထားပြီး ဖုန်းဆော့ဝဲလ်မှ တစ်ဆင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ သီးနှံပိုးမွှားရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ၊ နေ့စဉ်သီးနှံဈေးနှုန်းများ၊ မိုးလေဝသခန့်မှန်းချက်များ စသည်ဖြင့် တောင်သူများလိုအပ်သော သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ ပေးပို့လျက်ရှိသည်။ ထို့အပြင် တောင်သူများကို ပညာရှင်များနှင့် အွန်လိုင်းမှ ချိတ်ဆက်ပေးပြီး တောင်သူများကြုံတွေနေရသော စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲပြဿနာများကို ဆွေးနွေးအဖြေရှာနိုင်ရန် ကူညီပေးသည်။ ဆော့ဝဲလ်ကို မည်သူမဆို အခမဲ့အသုံးပြုနိုင်ပြီး တောင်သူများ အလွယ်တကူ အသုံးပြုနိုင်ရန် အရိုးရှင်းဆုံး ဆောင်ရွက်ထားသည်။ အခုအခါ စိုက်ပျိုးရေးဦးစီးဌာန၊ UNESCO[၁]၊ CARE နှင့် the Myanmar Dairy Excellence Project (MDEP) တို့နှင့် ပူးပေါင်းဆောင်ရွက်နေသည်။

ရည်မှန်းချက်[ပြင်ဆင်ရန်]

စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာပြီး ရေရှည်တည်တံစေရန်နှင့် သီးနှံအထွက်တိုး၊ ဝင်ငွေတိုးပြီး တောင်သူများ စိုက်ပျိုးရေးလုပ်ငန်း အဆင်ပြေလာစေရန် ရည်မှန်းသည်။[၂]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အစိမ်းရောင်လမ်းကို စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းဆင်း ကိုသိန်းစိုးမင်းနှင့် မရင်ရင်ဖြူတို့မှ ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည်။ ရန်ကုန်တွင် ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးပြီး ဟိုတယ်များကို ရောင်းချရင်း တဖက်မှာလည်း စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို ဘလော့တွင် ရေးသားပြီး နည်းပညာမျှဝေခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဆိုင်ရာ သတင်းအချက်အလက်လိုအပ်ချက် မြင့်မားမှုကို သိရှိနားလည်လာပြီး စမတ်ဖုန်းအသုံးပြုမှုမြင့်မားလာသည့်အတွက် ၂၀၁၆ ခုနှစ် မေလတွင် စိုက်ပျိုးရေးဖုန်းဆော့ဝဲလ်ကို စတင်ထုတ်ဝေခဲ့သည်။ ယခုအခါတွင် ဒေါင်းလုတ်ချ သုံးစွဲသူပေါင်းမှာ ၆၃,၀၀၀ ကျော် ရှိပြီ ဖြစ်သည်။

Green Way app Logo

လေ့လာနိုင်သည့် စိုက်ပျိုးရေးနည်းပညာများ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံအရပ်ရပ်ရှိ တောင်သူများ အကျိုးဖြစ်ထွန်းစေရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို မျိုးစေ့မှ တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်သည့်အပိုင်းအထိ ထည့်သွင်းထားသည်။ ထို့အပြင် နေ့စဉ်သီးနှံဈေးနှုန်းများကို မြို့နယ်ပေါင်း ၁၄ မြို့နယ်မှ နေ့စဉ်ရယူဖော်ပြထားသည်။ ရာဘာတောင်သူများအတွက် ဒေသဆိုင်ရာ ရာဘာဈေးနှုန်းများအပြင် တရုတ်နှင့် ဂျပန်နိုင်ငံမှ နေ့စဉ်ရာဘာဈေးနှုန်းများကိုပါ ဖော်ပြထားသည်။ ပါဝင်သည့် စိုက်ပျိုးနည်းပညာဆိုင်ရာ ခေါင်းစဉ်များမှာ

  1. စိုက်ပျိုးနည်း
  2. မြေဆီလွှာ
  3. အပင်အဟာရ
  4. ပိုးမွှားရောဂါ
  5. စိုက်ပျိုးစီးပွား
  6. ခေတ်သစ်စိုက်ပျိုးရေး
  7. ရိတ်သိမ်းချိန်လွန်နည်းပညာ
  8. စိုက်ပျိုး ရေ
  9. တန်ဖိုးမြင့်ထုတ်ကုန်
  10. အထွေထွေဗဟုသုတ


လေ့လာနိုင်သည့် မွေးမြူရေးနည်းပညာများ[ပြင်ဆင်ရန်]

၂၀၁၈ မှ စတင်၍ အစိမ်းရောင်လမ်းတွင် မွေးမြူရေးဆိုင်ရာ နည်းပညာများကို ထည့်သွင်းလာသည်။​ ငါးမွေးမြူရေးနည်းပညာများကို ကမ္ဘာ့ငါးအဖွဲ့ (WorldFish) နှင့် ပူးပေါင်းလုပ်ကိုင်နေပြီး နို့စားနွားမွေးမြူရေးနည်းပညာများကို မြန်မာ-နယူးဇီလန် နို့စားနွားမွေးမြူရေးစီမံကိန်း (MDEP) နှင့် တွဲဖက်လုပ်ကိုင်လျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Newly launched UNESCO mobile app empower Myanmar’s agricultural sector with information။ UNESCO Bangkok (၆ ဒီဇင်ဘာ ၂၀၁၇)။ 5 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. Charlie Michio Turner (၇ ဇူလိုင် ၂၀၁၆)။ Greenovator: The Reddit for Myanmar FarmersMyanmore။ ၂ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]