အင်ကာ ယဉ်ကျေးမှု လူ့အဖွဲ့အစည်း

ဝီကီပီးဒီးယား မှ

အင်ကာ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းသည် ကူဇကို ဒေသတွင် စတင်ခဲ့သော လူမျိုးစု ဖြစ်ပြီး ဒဏ္ဍာရီ အရ ပထမဆုံး ဆာပါး အင်ကာ နှင့် မန်ကို ကားပက်တို့က ကူဇကို နိုင်ငံတော်ကို ၁၂၀၀ ခုနှစ်ခန့်တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ မန်ကိုကားပက်မှ ဆင်းသက်လာသော ခေါင်းဆောင်များ၏ ဦးဆောင်မှု အောက်တွင် အင်ကာ နိုင်ငံသည် ကျယ်ပြန့်လာခဲ့ပြီး အခြားသော အန်ဒီယန် အဖွဲ့အစည်းများကို သိမ်းသွင်းခဲ့ကြသည်။ ၁၄၄၂ ခုနှစ်တွင် အင်ကာတို့သည် ပါချာကူတက်၏ ဦးဆောင်မှု အောက်တွင် အဝေးဆုံး ဒေသများသို့တိုင်အောင်ပင် နယ်မြေ ချဲ့ထွင်ခဲ့ကြသည်။ သူသည် အင်ကာ အင်ပိုင်ယာ သို့မဟုတ် တာဟွန်တင်ဆုယိုကို တည်ထောင်ခဲ့ပြီး ထိုအင်ပိုင်ယာမှာ ကိုလံဘီယာ အမေရိကား မတိုင်မီက အကြီးမားဆုံးသော အင်ပိုင်ယာပင် ဖြစ်သည်။

အင်ပိုင်ယာသည် မည်သူက အင်ကာ ဟာနန်အဖြစ် ဆက်ခံမည် မည်သူက အင်ကာ ဟူရင် အဖြစ် ဆက်ခံမည် ဆိုသည်ကို ဆုံးဖြတ်ချက်ချရန် အတွက် စစ်ဖြစ်ကြရာမှ နှစ်ခြမ်းကွဲ ခဲ့သည်။ (ဟာနန် နှင့် ဟူရင် ဆိုသည်မှာ မြို့တော်၏ အမြင့်ပိုင်းရှိ မိသားစုများ (ဟာနန်) နှင့် မြို့တော်၏ အနိမ့်ပိုင်းရှိ မိသားစုများ (ဟူရင်) တို့ကို ကိုယ်စားပြုသည်။ ယုံကြည်လက်ခံထားကြသည်မှာ ညီအစ်ကိုနှစ်ယောက်မှာ ဟာနန် ကူဇကို နှင့် အခြားတစ်ယောက်မှာ ဟူရင် ကူဇကို ဖြစ်ပြီး သူတို့သည် မိသားစု၏ တစ်ခုတည်းမှ ဖြစ်ကြသည်။) ဟွာစကာနှင့် အတာဟွာလ်ပါ ညီအစ်ကိုနှစ်ယောက်တို့ တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်ကြခြင်း ဖြစ်သည်။ ၁၅၃၃ ခုနှစ်တွင် ဖရန်စစ္စကို ပီဇာရို ဦးဆောင်သော စပိန်တပ်သည် ဤအခြေအနေကို အခွင့်ကောင်းယူ၍ အင်ကာနယ်မြေ၏ ဒေသအတော်များများကို ကျူးကျော် သိမ်းပိုက်ခဲ့သည်။ ထိုမှစ၍ ကျူးကျော်သူများသည် အန်ဒီယန် ဒေသတစ်ခုလုံးတွင် အာဏာစက်ကို စုစည်းခဲ့ကြပြီး အင်ကာတို့၏ ပုန်ကန်တော်လှန်မှုများကို ဖိနှိပ်ခဲ့ကြပြီး ပီရူး ဗိုင်စီယိုရွိုင်ရယ်လ်တီကို ၁၅၄၂ ခုနှစ်တွင် တည်ထောင်ခဲ့ကြသည်။ အင်ကာတို့၏ လွတ်မြောက်ရေး လှုပ်ရှားမှုမှာ ၁၅၇၃ ခုနှစ် ဗီလ်ကာဘမ်ဘာ ကျရှုံးရာမှ အစပြု၍ အဆုံးသတ်ခဲ့သည်။ အင်ကာတို့၏ အချုပ်အခြာအာဏာ ပျက်သုဉ်းခဲ့ရသော်လည်း အင်ကာတို့၏ ယဉ်ကျေးမှုများမှာ ကွေချွာနှင့် အေမာရာ စသည့် အင်ကာတို့ကို ဆက်ခံသည့် ကွဲပြားခြားနားသည့် လူမျိုးစုများ ကြားတွင် ဆက်လက်၍ ရှင်သန်ခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဒဏ္ဍာရီများအရ အင်ကာ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းသည် တာပက် ယောရီ ဟုခေါ်သည့် ရွှေအမှတ်အသားကို ကိုင်ဆောင်ထားသည့် မန်ကို ကားပက်မှ စတင်ခဲ့သည်ဟု ဆိုကြသည်။ အင်ကာများသည် ကမ္ဘာမြေကြီးထဲသို့ ပစ္စည်းများ မြုပ်ဝင်သွားသော နေရာတွင် သူတို့၏ ကောင်းကင်ယံရှိ ဖခင်ကို ဂုဏ်ပြု၍ နေဘုရားကျောင်းကို တည်ဆောက်ရန် ညွှန်ကြားခြင်း ခံခဲ့ရသည်ဟု ဆိုကြသည်။ မြေအောက်ခရီး အပါအဝင် ခရီးရှည်ကြီး သွားပြီးနောက် အင်ကာတို့သည် ကူဇကိုသို့ ရောက်ရှိခဲ့ကြပြီး ထိုနေရာတွင် ဘုရားကျောင်းကို တည်ဆောက်ခဲ့ကြသည်။ ခရီးစဉ် အတွင်း၌ မန်ကို ၏ ညီအစ်ကို တစ်ယောက် သို့မဟုတ် မောင်နှမထဲမှ တစ်ယောက်သည် ဟွာကာဟု ခေါ်သော မြင့်မြတ်သော ကျောက်တုံးအဖြစ် ပြောင်းလဲသွားခဲ့သည်ဟု ဆိုသည်။ ဤဒဏ္ဍာရီ၏ အခြား မျိုးကွဲ တစ်ခုမှာမူ မောင်နှမများသည် ကူဇကို ရှိ ကျောက်ဂူထဲမှ ထွက်လာခြင်း မဟုတ်ဘဲ တီတီကာကာ ရေကန်အတွင်းမှ ထွက်လာခဲ့သည်ဟုလည်း ဆိုကြသည်။

ရှေးခေတ်ကာလများက အင်ကာ ဗီယာချိုချာ၏ သားဖြစ်သူ မန်ကိုကားပက်သည် ပါကာရီ တန်ပူ ဟု ခေါ်သည့် အရပ်တွင် နေထိုင်ခဲ့ပြီး ထိုအရပ်ကို ယနေ့တွင် ပါကာရီတန်ဘိုဟု သိရှိကြ၍ ကူဇကို၏ တောင်ဘက် ၂၅မိုင် အကွာတွင် ရှိသည်။ သူနှင့် သူ၏ ညီအစ်ကိုများ (အေယာအင်ကာ၊ အေယာ ကာချီနှင့် အေယာ အူချူး) နှင့် ညီအစ်မများ (မာမာ အော့ကလို၊ မာမာဟွာကို နှင့် မာမာကူယာ) တို့သည် ပါကာရီ တန်ပူတွင် နေထိုင်ခဲ့ကြသည်။ လမ်းခရီးတွင် ဆုံတွေ့ခဲသော အေလူး ၁၀ ယောက် အပါအဝင် သူတို့၏ လူများကို စုစည်းပြီး ကူဇကို တောင်ကြားရှိ လူမျိုးစုများကို အောင်နိုင်ခဲ့သည်။