သူဆစ်ဒီးဒီး

ဝီကီပီးဒီးယား မှ

သူဆစ်ဒီးဒီး (ဘီစီ၄၆ဝ-ဘီစီ၄၁ဝ)[ပြင်ဆင်ရန်]

သူဆစ်ဒီးဒီးသည်ဂရိလူမျိုးဖြစ်၍ကြွယ်ဝချမ်းသာသော အက်သင်းမြို့သားမိဘများမှဆင်းသက်ခဲ့သည်။ ပယ်လိုပွန်နီးယန်းစစ်ပွဲကြီးအတွင်းက ရေတပ် ဗိုလ်ကြီးအဖြစ် အမှုထမ်းခဲ့သော်လည်း စစ်ဗိုလ်အဖြစ်နှင့်မကျော်ကြားဘဲ သမိုင်းဆရာကြီးအဖြစ်ဖြင့် ပိုမိုထင်ရှားလေသည်။

အက်သင်းနှင့်စပါးတားနိုင်ငံတို့သည် ပယ်လိုပွန်နီးဆပ် ကျွန်းဆွယ်တွင် ဗိုလ်လုရန်အတွက်စစ် ဖြစ်ကြရာ (ဘီစီ၄၃ဝမှ ဘီစီ၄ဝ၄အထိ) ၂ရ နှစ်မျှကြာလေသည်။ ၄၂၄ ခုနှစ်တွင် သူဆစ်ဒီးဒီး သည်စစ်မှုဝင်ထမ်းရာ မိမိနှင့်မိဘများပိုင်သော ရွေွှတွင်းများရှိရာ သရေ့နယ်ကမ်းခြေကို ကာကွယ် စောင့်ရှောက် ရသည့်အက်သင်းရေတပ်ကိုအုပ်ချုပ်ရလေသည်။ သို့ရာတွင်အမ်ဖီပိုလစ်မြို့ကို ရန်သူ လက်သို့ မကျရောက်စေရန်ကာကွယ်ရာ၌နှောင့်နှေးသဖြင့် ပြည်နှင်ဒဏ်သင့်လေသည်။

နှစ်ပေါင်း ၂ဝခန့်မျှ ပြည်နှင်ဒဏ်သင့်ကာအရပ်ရပ်သို့ လှည့်လည်နေရခိုက် သူဆစ်ဒီးဒီးသည် ပယ်လိုပွန်နီးရှန်းစစ်ပွဲကြီး အကြောင်းကိုသမိုင်းတင်လေသည်။ ထိုစစ်ကြီးစတင် ဖြစ်ပွားစကပင်ထိုစစ်ကြီးသည် အထက်ထက်က စစ်ပွဲများထက် ထူးခြားမည်ဟုသူထင်မြင်သဖြင့် ယင်းစစ်ပွဲအကြောင်းသမိုင်း တစ်စောင်ပြုစုရန်ကြံရွယ်ခဲ့၏။ ပြည်နှင်ဒဏ်ခံရသောအခါ၌ကားထိုကြံရွယ်ချက်ကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ခဲ့၏။ ထိုကြောင့် သူဆစ်ဒီးဒီးသည် ထိုစဉ်ကအဖြစ်အပျက်များကို သမိုင်းတစ်စောင် ပြုရာ၌ထိုကျမ်းကြီးမှာယခင် သမိုင်းဆရာကြီးများပြုစုသော သမိုင်းများနှင့်မတူ၊ ထူးခြားတိကျမှန်ကန်သောကျမ်းကြီးဟူ၍ နောက် လူတို့ကိုးကားကြသည်။

ယခင်ကကျမ်းများမှာတိုက်ပွဲတွင်သူရဲကောင်း ပီသစွာမည်သို့မည်ပုံတိုက်ခိုက်ကြောင်းများကို တခမ်းတနားချဲ့ထွင် ဖွဲ့နွဲ့သီကုံးထားသည့် ကဗျာလင်္ကာများဖြစ်သော်လည်း သူဆစ်ဒီးဒီး၏ကျမ်းကြီး ကားစကားပြေဖြင့်ရေးသားထား၍ မည်သို့သော အကြောင်းကြောင့်စစ်ဖြစ်ပွားရပုံ၊ မည်သို့တိုက်ရပုံ၊ တိုက်ပွဲများ၏အရှုံးအနိုင်၊ နှစ်ဦးနှစ်ဖက်တပ်များ၏အခြေအနေ အကျိုးအပြစ်များကိုပါ ထည့်သွင်းရေးသားထားသော ကျမ်းကြီးဖြစ်လေသည်။ ထို့ပြင်သူဆစ်ဒီးဒီးသည်မိမိရေးသားသည့် အကြောင်းအရာများကိုတိကျမှန်ကန်စေရန် အသေအချာ စုံစမ်းလေ့လာပြီးမှ ရေးသားလေသည်။ တိကျမှန်ကန်သော အချက် အလက်ရရှိရန်ကိုယ်တိုင် စုံစမ်းစစ်ဆေး၍လည်းကောင်း၊ ကိုယ်တွေ့မျက်မြင်ကြုံခဲ့သူများကိုသေချာစွာ စစ်ဆေးမေးမြန်းပြီးမှ သော်လည်းကောင်းရေးသားလေ့ရှိသဖြင့် ထိုကျမ်းကြီး၏တိကျမှန်ကန်ခြင်း မှာကျော်ကြားလှ၏။ ထိုပုဂ္ဂိုလ်ကြီးအလျင်ကျ သောသမိုင်းရေးဆရာတို့သည် မိမိတို့လိုရာကို ခြီးကျူးအသားပေး၍ ရေးလေ့ရှိသော်လည်း သူဆစ်ဒီးဒီး ကမျက်နှာမလိုက်ဘဲ မှန်သည့်အတိုင်းသာ အကျိုးအပြစ်တို့ကို တရားလမ်းကျစွာထည့်သွင်းရေးသားထား လာသည်။


ထိုထက်ထူးခြားချက်ကား ထိုစဉ်ကထင်ရှားသော ပုဂ္ဂိုလ်ကြီးများ၏ အခြေအနေအရပြောကြား ကြသော မိန့်ခွန်းများကိုထည့်သွင်းရေးသားထားခြင်းဖြစ်သည်။ ရေးသား ရာ၌ထိုစဉ်ကအကယ်ပင် ပြောဆိုသော အကြောင်းအရာများ ပါဝင်သော်လည်း သဘောထားအချို့နေရာ၌မိန့်ခွန်းပြောသူ၏ ဤအခြေ အနေအလျောက် ပေါ်လာသောစိတ်နေသဘောထားတို့ကိုပါ ပေါ်လွင်ထင်ရှားအောင် သူဆစ်ဒီးဒီးက ဖြည့်စွက်ထည့်သွင်းပေးလေသည်။

ထို့ပြင်ထိုအခြေအနေမျိုးတွင်သူဆစ်ဒီးဒီး၏ အထင်အမြင်အားဖြင့် ထိုပုဂ္ဂိုလ်ကြီးတို့ပြောသင့်ပြောထိုက်သော စကားလုံးတို့ကိုပါ ထည့်သွင်းပေးထားသည့် အထောက်အထားများကိုတွေ့ရလေ၏။ အချုပ်ဆိုရလျှင် သူဆစ်ဒီးဒီးရေးသားပြုစုသောကျမ်းကြီးမှာအပင်ပန်းခံကာ အတန်တန်ကြိုးစားပြုစုခဲ့သည်နှင့်အမျှ စေ့စပ်ပြည့်စုံ၍တိကျလှပေသည်။ သူဆစ်ဒီးဒီး၏အရေးအသား ကိုလည်းအကောင်းဆုံးသောစကားပြေရေးသားနည်းမျိုးဟု နောက်ဆရာတို့ကအတုယူရလေသည်။

သူဆစ်ဒီးဒီး၏သမိုင်းကြီးသည် အစောင် ရှစ်တွဲမျှရှိလေသည်။ ပယ်လိုပွန်နီးရှန်းစစ်ပွဲမှာ ဘီစီ ၄ဝ၄ ခုနှစ်တွင်မှပြီးဆုံးသော်လည်း သူ့ကျမ်းတွင်ဘီစီ ၄၁၁ ခုနှစ်အဖြစ်အပျက်များအထိသာလျှင် ပါရှိလေသည်။ စပါးတန်းတို့အား အက်သင်းမြို့သားတို့အညံ့ခံရပြီးနောက် ခြောက်လခန့်အကြာတွင် သူဆစ်ဒီးဒီးသည် အက်သင်းမြို့သို့ပြန်လာကြောင်း၊ ၃၉၉ ခုနှစ်မတိုင်မီ အနိစ္စရောက်ကြောင်းအထောက်အထားများကိုတွေ့ရှိရသော်လည်း မည်သည့်အခါက မည်သည့်အရပ်တွင်အနိစ္စရောက်ကြောင်း ကိုကားအသေအချာမသိရပေ။ သူ၏သမိုင်းကျမ်းကြီးမှာ ရုတ်တရက်အဆုံးသတ်ထား ခြင်းကိုထောက်၍ ထိုပုဂ္ဂိုလ်ကြီးသည်ရုတ်တရက်ပင်ကွယ်လွန်လေသလောဟု ခန့်မှန်းရလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)