မာတိကာသို့ ခုန်သွားရန်

သန္ဓေလေးမျိုး

ဝီကီပီးဒီးယား မှ

ဘဝတခုတွင် အစစွာ ဖြစ်ခြင်းလေးမျိုးသန္ဓေဆိုသည်မှာ ဘဝတခုတွင် အစစွာဖြစ်ခြင်းကိုဆိုသည်။ သန္ဓေသည် သံသေဒဇ၊ ဩပပါတိက၊ အဏ္ဍဇ၊ ဂဗ္ဘသေယျက ဟူ၍လေးမျိုးဖြစ်သည်။ လူတို့သည် အမိပမ်းတွင်း၌ ကိန်းအောင်း နေရသောကြောင့် ဂဗ္ဘသေယျကအကြောင်း အထူး လေ့လာသင့်ပေသည်။

သန္ဓေလေးမျိုး[ပြင်ဆင်ရန်]

သန္ဓေဆိုသည်မှာ တစ်ဘဝနှင့် တစ်ဘဝ ဆက်စပ်ခြင်း၊တစ်နည်း ဘဝတစ်ခုတွင်အစစွာ ဖြစ်ခြင်းကိုဆိုသည်။ တရားကိုယ်မှာသက်ရှိသတ္တဝါ၏ နာမ်တရားနှင့်ရုပ်တရားပင်တည်း။ ယင်းသန္ဓေကို ပဋိသန္ဓေ ဟူ၍ပါဠိဘာသာ၌ ခေါ်ဝေါ်သုံးစွဲကြသေးသည်။ ထိုသန္ဓေသည် (၁)သံသေဒဇ၊ (၂) ဩပပါတိက၊ (၃) အဏ္ဍဇ၊ (၄) ဇလာဗုဇဟူ၍ လေးမျိုးဖြစ်သည်။ ဇလာဗုဇကိုအမိဝမ်းတွင်း၌ ကိန်းအောင်းနေရသောကြောင့် ဂဗ္ဘသေယျကဟုလည်းခေါ်ဆိုသည်။ သန္ဓေလေးမျိုးကိုရေးသားရာ၌ ဇလာဗုဇအစားအခေါ်များအသိများသော ဂဗ္ဘသေယျကကိုသုံးစွဲမည်။

သံသေဒဇဆိုသည်မှာ - သစ်ပင်၊ပန်းပင်၊နွယ်ပင်၊မစင်၊ကျင်ကြီး၊ကျင်ငယ်၊ရေပုပ် ရေသိုးစသောအ ညစ်အကြေး၌ဖြစ်သော ပဋိသန္ဓေကိုဆိုသည်။ ယင်းပဋိသန္ဓေတည်နေသောပုဂ္ဂိုလ်များကား ပေါက္ခရသာတိ ပုဏ္ဏား၊ ဥပ္ပလဝဏ်ထေရီမအလောင်းဖြစ်သော ပဒုမာဒေဝီ၊အာသင်္ကာဒေဝီ၊ ကုမုဒမာလာတို့ဖြစ်ကြသည်။ ထိုပုဂ္ဂိုလ်တို့မှာပဒုမ္မာကြာတိုက်၌ပဋိသန္ဓေနေကြသည်။ ပဒုမာဒေဝီကဖွားမြင်သော ပစ္စေကဗုဒ္ဓါအလောင်း သားငါးရာတို့တွင်လည်းမဟာပဒုမင်းသားတစ်ဦးသာ ပဒုမာဒေဝီ၏ဝမ်းတိုက်၌ ဂဗ္ဘသေယျက ပဋိသန္ဓေ တည်နေသည်။ ကြွင်းသောသားတော် လေးရာကိုးဆယ့်ကိုးဦး တို့ကား မဟာပဒုမမင်းသားကိုဖွားမြင်ရာ၌ သွေးအညစ်အကြေး၌သံသေဒဇ ပဋိသန္ဓေတည်နေသည်။ အမ္ဗပါလိကာ ပြည့်တန်ဆာမသည် သရက်ပင်၌ ပဋိသန္ဓေတည်နေသည်။ စိဉ္ဇမာနဝိကာသည် မန်ကျည်းပင်၌ပဋိသန္ဓေတည်နေသည်။

တိရစ္ဆာန်တို့တွင် အချို့လိပ်ပြာတို့သည် ဣဿယမူလီပင်၌ပဋိသန္ဓေတည်နေကြသည်။ ပိုး လောက်၊ မှက်၊ ခြင်၊ ယင်စသောသတ္တဝါတို့သည် မစင်၊ ကျင်ကြီး၊ ရေပုပ်ရေသိုးစသောအညစ်အကြေး တို့၌ ပဋိသန္ဓေ တည်နေကြသည်။

ဩပပါတိက ဆိုသည်မှာဘုံ၊ဗိမာန်၊ဥယျာဉ်၊ရေကန်စသောဌာနတို့၌ဖြစ်သော ပဋိသန္ဓေကိုဆိုသည်။ ယင်းပဋိသန္ဓေတည်နေသောပုဂ္ဂိုလ်များကား ခန္ဓာအိမ်တဖြည်းဖြည်းကြီးပွားနေရသည်မဟုတ်၊ ပဋိသန္ဓေ တည်နေသည်နှင့်တစ်ပြိုင်နက် ယောက်ျားဖြစ်လျှင် အသက်နှစ်ဆယ်၊ မိန်းမဖြစ်လျှင် တစ်ဆယ့်ခြောက်နှစ်လူ လားမြောက်သောအရွယ်ဖြစ်လာကြသည်။ ဘုမ္မစိုးနတ်မှ ကြွင်းသောနတ်များ၊ ငရဲသူသတ္တဝါများ၊ နိဇ္ဈာမ တဏှိက ပြိတ္တာများနှင့် ကမ္ဘာဦး၌ဖြစ်သောလူစသောသတ္တဝါများမှာ ဩပပါတိက ပဋိသန္ဓေတည်နေ ကြသည်။

အဏ္ဍဇဆိုသည်မှာ ဥ၌ ဖြစ်သောပဋိသန္ဓေကိုဆိုသည်။ ယင်းပဋိသန္ဓေတည်နေသောပုဂ္ဂိုလ်များကား ဘိုးတော်အဉ္ဇနမင်းဖြိုကြွင်းသက္ကရာဇ် ၈၉ ခု၌ဥနှစ်လုံးမှပေါက်ဖွားကြသော သုဝဏ္ဏဘူမိသုဓမ္မဝတီပြည် တိဿဓမ္မသီဟရာဇာမင်းကြီးနှင့် သုဘဒ္ဒါဒေဝီဘွဲ့ခံနာဂသူ မိဖုရားကြီးတို့ကား အဘ ဝိဇ္ဇာဓိုရ်၊ အမိ နဂါးမ ဝမ်း၌ ပဋိသန္ဓေတည်နေကြသည်ဟု သထုံရာဇဝင်ပေါင်းချုပ်၌ အဆိုရှိသည်။ ကြက်၊ဘဲ၊ငှက်၊စသောကုန်း သတ္တဝါများနှင့်ငါး၊ ဖား၊ လိပ်စသောရေသတ္တဝါတို့လည်း အဏ္ဍဇပဋိသန္ဓေတည်နေကြသည်။

ဂဗ္ဘသေယျကဆိုသည်မှာ အမိဝမ်း၌ကိန်းအောင်း၍တည်ရသောပဋိသန္ဓေကိုဆိုသည်။ တည်နေသောသတ္တဝါများမှာ ဘုမ္မစိုးနတ်များ၊ နိဇ္ဈာမတဏှိကပြိတ္တာမှ တစ်ပါးသောပြိတ္တာများ၊ လူများ၊ တိရစ္ဆာန်များကား ဂဗ္ဘသေယျကပဋိသန္ဓေတည်နေကြသည်။ အထူးအားဖြင့်ယင်းပဋိသန္ဓေတည်နေရာ၌ (၁)အမိမှာရာသီပန်း ပွင်ပြီး၍ သားအိမ်စင်ကြယ်ခြင်း၊ (၂) အမိအဘနှစ်ဦးတို့ ပေါင်းဆုံမိခြင်း၊ (၃)ပဋိသန္ဓေနေမည့်သတ္တဝါရှေးရှု တည်ရှိခြင်း၊ ဤအင်္ဂါသုံးပါးနှင့်ပြည့်စုံမှ ပဋိသန္ဓေတည်နေနိုင်သည်။ ထိုအင်္ဂါသုံးပါးတွင်အမိအဘနှစ်ဦးတို့ပေါင်းဆုံမိခြင်း ဆိုရာ၌ ဘုရားအလောင်းပဋိသန္ဓေတည်နေရာ၌ မယ်တော်မဟာမာယာမိဖုရားကြီးသည် ရှစ်ပါးသီလစောင့်သုံးနေသဖြင့်အမိအဘနှစ်ဦးတို့ပေါင်းဆုံမိခြင်း မရှိသည်ကိုထောက်၍၎င်း၊ တေမိယဇာတ်တော်တွင် ဘုရားအလောင်းတေမိမင်းသား ပဋိသန္ဓေတည်နေရာ၌ မယ်တော်စန္ဒာဒေဝီမိဖုရားကြီးသည်ရှစ်ပါးသီလ စောင့်သုံးနေသဖြင့် အမိအဖနှစ်ဦးတို့ ပေါင်းဆုံမိခြင်းမရှိ သည်ကိုထောက်၍၎င်း၊ အင်္ဂါသုံးပါးမညီညွတ်သောကြောင့် ပဋိသန္ဓေမတည်နိုင်ဟုယုံမှားသံသယဖြစ်ဖွယ် ရှိ၏။ သို့ဖြစ်ဖွယ်ရှိသော်လည်း ပဋိသန္ဓေကားတည်နေနိုင်သည်သာ။ အကြောင်းကား အမိအဘနှစ်ဦးတို့ ပေါင်းဆုံမိပြီး ခုနစ်ရက်အတွင်း၊ တနည်း ၁၅ ရက်အတွင်း ပဋိသန္ဓေတည်နေနိုင်သောကြောင့်ဖြစ်သည်။

အမိအဘနှစ်ဦးတို့ပေါင်းဆုံမိခြင်းဆိုရာ၌လည်း သံဝါသပြုမှသာ ပဋိသန္ဓေတည်နေနိုင်သည် မဟုတ်။ စင်စစ်ကားအမိ၏ ချက်ကိုအဘကလက်ဖြင့်သုံးသပ်သော ကြောင့်၎င်း၊ အမိ၏ကိုယ်အင်္ဂါအစိတ်အပိုင်းကို အဘကကိုင်တွယ်သုံးသပ်သောကြောင့်၎င်း၊ အမိကအဘ၏သုက်သွေးကို သောက်မျိုသောကြောင့်၎င်း၊ အဘ၏သုက်သွေးကိုအမိ၏သားအိမ်ထဲသို့ထည့်သောကြောင့်၎င်း၊ ရာဂစိတ်ဖြင့် အဘ၏အဆင်းကိုမြင်ရ သောကြောင့်၎င်း၊ အသံကိုကြားရသောကြောင့်၎င်း၊အနံ့ကိုနမ်းရှူရသောကြောင့်၎င်း၊ မိုးချုန်းသံကိုကြား ရသောကြောင့်၎င်း၊ လေအတွေ့ကိုခံယူရသောကြောင့်၎င်း ပဋိသန္ဓေတည်နေနိုင်သည်။ ဘုရားအလောင်း သုဝဏ္ဏသျှံပဋိသန္ဓေတည်နေရာ၌ ဒုကူလရသေ့က ပါရိကာရသေ့မ၏ချက်ကိုလက်မဖြင့် သုံးသပ်သောကြောင့် ပဋိသန္ဓေတည်နေသည်။

ဘုရားလောင်းကုသမင်းပဋိသန္ဓေတည်နေရာ၌ ပုဏ္ဏားယောင်ဆောင်သောသိကြားမင်းက သီလဝတီ မိဖုရားကြီ၏ချက်ကို လက်မဖြင့်သုံးသပ်သောကြောင့် ပဋိသန္ဓေတည်နေသည်။ မာတင်္ဂ ဇာတ် မဏ္ဍဗျသတို့သားသည် ပဋိသန္ဓေတည်နေရာ၌ မာတင်္ဂရသေ့က ဒိဋ္ဌမင်္ဂလိကာ သူဌေးသမီး၏ချက်ကိုလက်မဖြင့်သုံးသပ်သောကြောင့် ပဋိသန္ဓေတည်နေသည်။ ဥဇ္ဇေနီပြည် စန္ဒပဇ္ဇောတ မင်းကြီးပဋိသန္ဓေ တည်နေရာ၌ မယ်တော်မိဖုရားကြီး ဝမ်းပိုက်ပေါ် ကင်းလျှောက်သွားသောကြောင့် ပဋိသန္ဓေတည်နေသည်။ ကုမာရ ကဿပမထေရ် ပဋိသန္ဓေတည်နေရာ၌ ဥဒါယီမထေရ်က သုက်သွေးတွေပေကျံနေသော သင်းပိုင်ကိုအဖွပ်အလျှော်ခိုင်းရာ ထိုဘိက္ခုနီမသည် သင်းပိုင်၌ပေကျံနေသော သုက်သွေးအချို့ကိုမိမိ၏သားအိမ် တွင်းသို့ ထည့်၍ သုက်သွေးအချို့ကိုပါးစပ်ဖြင့်စုပ်ယူကာ မျိုချသဖြင့် ပဋိသန္ဓေတည်နေသည်။ မဟာရာဇဝင်ကြီး၌ ဘေဒါရီမင်းသမီးပဋိသန္ဓေတည်နေရာ၌ သမင်မတစ်ကောင်သည် ခေပဒူတရသေ့ကြီး၏သုက်နှင့် ရောနေသော ကျင်ငယ်ကိုသောက်သဖြင့် ပဋိသန္ဓေတည်နေသည်။

အလမ္ဗုသာဇာတ် ဣသသိင်္ဂရသေ့ ပဋိသန္ဓေတည်နေရာ၌လည်း သုက်သွေးနှင့်ရောသောကျင်ငယ်ကိုအမိသမင်မသောက်သော ကြောင့်ပဋိသန္ဓေ တည်နေသည်။ ထို့ပြင် ဗျိုင်းအောက်မျိုး၌ အဖိုမရှိ၊ ဗျိုင်းမတို့သည် မိုးချုန်းသံကြောင့် ပဋိသန္ဓေတည်နေ သည်။ ကြက်မတို့သည်လည်းလေအတွေ့ကြောင့် ပဋိသန္ဓေ တည်နေကြသည်။ အကြောင်းကားချက်ကိုလက် ဖြင့်သုံးသပ်ခြင်း၊ ဝမ်းပိုက်ပေါ်ကင်းလျှောက်သွားခြင်း၊ သုက်သွေးကိုသောက်မျိုခြင်း၊ သားအိမ်အတွင်းသို့ ထည့်ခြင်း၊အဆင်းကိုမြင်ရခြင်း၊ အသံကိုကြားရခြင်း၊ အနံ့ကိုနမ်းရှူရခြင်း၊ မိုးချုန်းသံကိုကြားရခြင်း၊၏ လေအတွေ့ကိုတွေ့ခြင်းတို့ကား မိဘနှစ်ဦးပေါင်းဆုံခြင်းသဘော ဖြစ်၍အင်္ဂါသုံးပါးညီညွတ်သောကြောင့်ဖြစ်သည်။ ထို့ပြင်လူဇာတ်ပင်ဖြစ်သော်လည်း လူမိန်းမဝမ်း၌ပဋိသန္ဓေမနေဘဲ နတ်ဘီလူးမိန်းမ တိရစ္ဆာန်မ စသည်တို့၌ ပဋိသန္ဓေတည်နေကြသည်။ သာဓကကား ပဒကုသလဇာတ်၌ဒကုသလသတို့သားသည် အဘပုဏ္ဏားဖြစ်၍ အမိအဿမုခီဘီလူးမဝမ်း၌ ပဋိသန္ဓေတည်နေသည်။

ကောန္တပုတ္တတိဿရဟန္တာမထေရ် နှင့် သုမိတ္တ ရဟန္တာမထေရ်ညီနောင်နှစ်ပါးသည် အဘမုဆိုးဖြစ်ကြ၍ အမိကောန္တီမည်သော ကိန္တရာမ ဝမ်း၌ပဋိသန္ဓေတည်နေကြသည်။ မဟာဝင်ဝတ္ထု၌သီဟိုဠ်ကျွန်းတွင်ဇီဝဟတ္ထမင်းသားနှင့်ဒီပေလ္လာ မင်းသမီးတို့သည် အဘဝိဇယမင်းဖြစ်၍ အမိကုဝဏ္ဏမည်သော နတ်ဘီလူးမဝမ်း၌ ပဋိသန္ဓေတည်နေကြသည်။ ထို့ပြင်သီဟဗာဟုမင်းနှင့်နှမတော် သီဟသီဝလိတို့သည် အဖခြင်္သေ့ဖြစ်လျက် တိရစ္ဆာန်ခြင်္သေ့အဖြစ် ပဋိသန္ဓေမနေကြဘဲ အမိကေသရီမင်းသမီးဝမ်း၌ လူအဖြစ်ပဋိသန္ဓေတည်နေကြသည်။ ဂဗ္ဘသေယျက ပဋိသန္ဓေတည်နေသောသတ္တဝါတို့ဘဝ အစကား ကလလရေကြည်ဖြစ်၏။ ယင်းကလလ ရေကြည်သည် သုက်သွေးမဟုတ်။ စင်စစ်ကားအတိတ်ဘဝကပြုလုပ်ဆည်းပူး ခဲ့သောကံကြောင့် ပဋိသန္ဓေစိတ်နှင့်တစ်ပြိုင်နက် အတူတကွဖြစ်ပေါ်လာသော ရုပ်တရားပင်ဖြစ်သည်။

ယင်းရုပ်တရားဖြစ်သောကလလရေကြည်၏ အကြီးအငယ်ပမာဏကား ၊ခုဒ္ဒကနိကာယ်ဆောင်ဆရာတို့အလို အားဖြင့် ဇာတိဥဏ္ဏာမည်သောသားကောင်၏ အမွေးတစ်ပင်ကို ဆီဝယ်ချ၍ ယင်းအမွေးဖျားတွင်ကပ်ပါလာသော ဆီပမာဏရှိ၏ဆိုသည်။ တစ်နည်း သံယုတ္တနိကာယ်ဆောင် ဆရာတို့အလိုအားဖြင့် ဇာတိဥဏ္ဏာ မည်သောသားကောင်၏ အမွေးသုံးပင်ကို ကျစ်ကာဆီဝယ်ချ၍ ယင်းအမွေးဖျားတွင် ကပ်ပါလာသော ဆီပမာဏရှိ၏ဟုဆိုသည်။ ဇာတိဥဏ္ဏာမည်သောသားမွေးကိုလည်း အချို့က ယနေ့ဖွားမြင်သောဆိတ်၏အမွေးဟု ဆိုသည်။ အချို့က ဟိမဝန္တာတော၌ရှိသောဆိတ်၏အမွေးဟုဆိုသည်။ အချို့က ဆိတ်မ၏ဝမ်းကိုခွဲ၍ ယူသောဆိတ်ကလေး၏ အမွေးဟုဆိုသည်။ မည်သို့ပင်အကြီးအငယ်ပမာဏကိုဆိုစေကာမူ ကလလရေကြည်ကား ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်၊ ဝတ္ထုဒသကကလာပ်ဟူ၍ ကလာပ်အားဖြင့် သုံးစည်း၊ ရုပ်တူပေါင်း၍ရေတွင်လျှင် ပထဝီ၊ အာပေါ၊တေဇော၊ဝါယော၊ ဝဏ္ဏ၊ဂန္ဓ၊ရသ၊ ဩဇာ၊ ဇီဝိတ၊ ကာယဒသက၊ ဘာဝ၊ ဟဒယဝတ္ထုဟူ၍ ရုပ် ၁၂ ခု၊ ကလာပ်ပြားရေတွက်လျှင် ကလာပ်တစည်း၌ ရုပ် ၁ဝခုရှိသောကြောင့် ယင်းရုပ် ၃ဝ တို့ပေါင်းစုနေသောအစိုင်အခဲပမာဏသာဖြစ်လေသည်။

ပဋိသန္ဓေတည်နေပုံကား ကလလရေကြည် တစ်သတ္တာဟ၊ အမြုပ်တစ်သတ္တာဟ၊ သားတစ် တစ်သတ္တာဟညီဝန်းသောအခဲ တစ်သတ္တာဟ၊ ခြေနှစ်ဖက်လက်နှစ်ဖက် ဦးခေါင်းခက်မငါးဖြာ တစ်သတ္တာဟ၊ (ခက်မငါးဖြာဆိုသော်လည်း ခြေချောင်း၊ လက်ချောင်း၊ မျက်စိ၊ နား၊ နှာခေါင်းစသည်တို့အပြည့်အစုံ ရှိသည်မဟုတ်။ ခက်မငါးဖြာဖြစ်ပေါ်ရန် ရှေ့ပြေးအဖုငါးဖုမျှသာဖြစ်သေးသည်။) ရင့်ကျက်တစ်သတ္တာဟ၊ ဤသို့ခြောက်သတ္တာဟ အစဉ်အတိုင်း ဖြစ်သည်။ နောက်မျက်စိ တစ်သတ္တာဟ၊ နားတစ်သတ္တာဟ၊ နှာခေါင်း တစ်သတ္တာဟ၊ လျှာတစ်သတ္တာဟ၊ ဤလေး သတ္တာဟလည်း အစဉ်အတိုင်းဖြစ်သည်။ ဤသို့လျှင် ဆယ် သတ္တာဟမြောက် နှစ်လနှင့်၁ဝ ရက်ရောက်လျှင် ပဋိသန္ဓေတည်နေသောသတ္တဝါသည် ကိုယ်အင်္ဂါပြည့်စုံ သဖြင့်အကောင်အထည်ထင်ရှားလာသည်။ နောက်နှစ်လနှင့် ၁၁ ရက်မှစ၍ ၄၂ သတ္တာဟမြောက် ကိုး လနှင့် ၂၄ ရက်အတွင်းဆံပင်၊ မွေးညှင်း၊ ခြေသည်းလက်သည်း စသည်တို့ကားအထိုက်အလျောက်ဖြစ်လာ ကြသည်။

(အဋ္ဌကထာနည်း) ။ ၊၊

တစ်နည်း ကလလရေကြည် နှစ်သတ္တာဟ၊ အမြုပ် နှစ်သတ္တာဟ၊ သားတစ်နှစ်သတ္တာဟ၊ ညီဝန်းသောအခဲနှစ်သတ္တာဟ၊ ခက်မငါးဖြား နှစ်သတ္တာဟ၊ အစဉ်အတိုင်းဖြစ်သည်။ နောက်မျက်စီ တစ်သတ္တာဟ၊ နားတစ်သတ္တာဟ၊နှာခေါင်းတစ်သတ္တဟ၊ လျှာတစ်သတ္တာဟ၊ အစဉ်အတိုင်းဖြစ်ကြသည်။ ဤ သို့လျှင် ၁၄သတ္တာဟမြောက် သုံးလနှင့်ရှစ်ရက်ရောက်လျှင် ပဋိသန္ဓေတည်နေသောသတ္တဝါသည် ကိုယ်အင်္ဂါပြည့်စုံသဖြင့် အကောင်အထည်ထင်ရှားလာသည်။ နောက်သုံးလနှင့်ကိုးရက်မှစ၍ ၄၂ သတ္တာဟ မြောက် ကိုးလနှင့် ၂၄ရက်နေ့အတွင်း ဆံပင်၊ မွေးညှင်း၊ ခြေသည်းလက်သည်းစသည်တို့သည် အထိုက် အလျောက်ဖြစ် ကြသည်။

(မူလဋီကာနည်း)။ ၊၊

အချိန်ကာလကားလူတို့သည်များသောအားဖြင့် ၄၂ သတ္တာဟ၊ပဋိသန္ဓေတည်နေကြရသည်။ တိရစ္ဆာန်တို့တွင်ဆင်တို့သည် ၅၂ သတ္တာဟ၊ မြင်းတို့သည် ၅ဝ သတ္တာဟ၊ ခြင်္သေ့တို့သည် ၅ဝ သတ္တာဟ၊ ကိန္နရာတို့သည် လူတို့ကဲ့သို့ ၄၂သတ္တာဟ၊ နဂါးတို့လည်း ၄၂သတ္တာဟ၊ ငဠ ုန်တို့သည် ၅ဝသတ္တာဟ၊ ဘီလူးတို့လည်း ၅ဝ သတ္တာဟ၊ ကျွဲ၊ နွား၊ စိုင်၊ ဆတ်၊ ချေ၊ သမင်၊ ပြောင်၊ ကြံ့၊ ဒရယ်၊ သစ်၊ ကျားတို့သည် ၄ဝသတ္တာ ဟ၊ ပဋိသန္ဓေတည်နေကြရသည်။ ထိုမှကြွင်းသောတိရစ္ဆာန်တို့အနက် အတောင်မရှိသားကောင်ဖွားမြင်သော တိရစ္ဆာန်တို့သည် ၁ရ သတ္တာဟ၊ ဥကဖွားမြင်သောတိရစ္ဆာန်တို့တွင် ခြေနှစ်ချောင်းရှိသောတိရစ္ဆာန်တို့သည် ၁၅ သတ္တာဟ၊ အ တောင်ရှိသောတိရစ္ဆာန်တို့တွင် ကြီးသောတိရစ္ဆာန်တို့သည် ၁၃ သတ္တာဟ၊ ငယ်သော တိရစ္ဆာန်တို့သည် ရှစ်သတ္တာဟပဋိသန္ဓေနေကြရ၏ဟု အာဒိကပ္ပကမ္ဘာဦးကျမ်း၌အဆိုရှိသည်။

သက်ရှိသတ္တဝါတို့ကို သန္ဓေလေးမျိုးနှင့်အကျဉ်းချုပ်ဝေဖန်လျှင် နတ်ဘုမ္မာ ပယ်ရှင်းလို့၊ ကြွင်း သမျှဒေဝါ။ ။ ငရဲအောက်ရွာနှင့်နိဇ္ဈာမာ ၊၊ ၊၊ ပြိတ္တာစု၊ သွင်းမှုမှန်စွာ။ ။ သန္ဓေမှာ ဥပပတ်သာ အမြဲ။ ၊၊ ကြွင်းပြိတ္တာ ဘုမ္မာနတ်ကယ်နှင့်၊တိရစ္ဆာန် လူတစ်ရပ်ကယ်တို့၊ လေးပါးစုံ သန္ဓေကပ်သတဲ့၊ ထုံး မှတ်လို့စွဲ။ ဟုပိဋကတ်တော်နှင့်အညီ ဒုတ်လှမ်းဆရာတော် ဘုရားကြီး ရေးသားထားသောအချိုးအရ၊ ဘုမ္မစိုး နတ်မှတစ်ပါးသောနတ်များ၊ နိဇ္ဈာမတဏှိက ပြိတ္တာများနှင့် ငရဲသူငရဲသားများမှာ ဥပပတ်ပဋိသန္ဓေတစ်မျိုးဖြင့်သာ နေကြသည်။ ဘုမ္မစိုးနတ်များ၊လူများ၊တိရစ္ဆာန်များနှင့်နိဇ္ဈာမ တဏှိကပြိတ္တာမှတစ်ပါးသော ပြိတ္တာ များသည် ပဋိသန္ဓေလေးမျိုးလုံးဖြင့်နေကြသည်။

ဖွားမြင်သောအခါ သံသေဒဇ၊ ဩပါပါတိကတို့မှာ အမိဝမ်း၌ ပဋိသန္ဓေမနေရသဖြင့် ဖွားမြင်နေ ဖွယ်မရှိ၊ အဏ္ဍဇများမှာအမိဝမ်းမှ ဥအဖြစ်တစ်ကြိမ်၊ဥမှသားကောင်အဖြစ် တစ်ကြိမ် နှစ်ကြိမ်ဖွားမြင်ကြသည်။ ဂ¸သေယျကတို့တွင် ပစ္ဆိမဘဝိကဖြစ်သော ဘုရားလောင်းတို့မှာ ၁ဝလစေ့လျှင် ဖွားမြင်ကြ သည်။ ဖွားမြင်သောအခါ၌လည်း မယ်တော်မတ်ရပ်၊ ခြေကစ၍ဖွားမြင်မြဲဖြစ်ကြသည်။ အခြားသူတို့မှာ များသောအားဖြင့်ခေါင်းကစ၍ဖွားမြင်ကြသည်။ တစ်ယောက်တစ်လေ ခြေကစ၍ဖွားမြင်သူလည်းရှိသေးသည်။ ယင်းကို ခြေကဖွားဟုလူထူးအနေထားကြသည်။ အကြောလွဲနေသူ၊ အဆစ်လွဲနေသူ၊အနာရောဂါရှိသူတို့ကို ခြေကဖွား နှိပ်နယ်ပေးလျှင်ပျောက်ကင်းချမ်းသာသည်ဟုအယူ ရှိကြသည်။

ပစ္ဆိမ ဘဝိကဘုရားလောင်းမှတစ်ပါးသော သူတို့မှာ ကား အချို့ခုနစ်လ၊ အချို့ကိုးလ၊ အချို့ဆယ် လ၊ အချို့၁၁လ စသည်ဖြင့်ဖွားမြင်ကြသည်။ ခုနစ်လဖြင့်ဖွားမြင်သောသူငယ်မှာ အမိ၏သားအိမ်လမ်း ကျဉ်းသော်လည်း ကိုယ်သဏ္ဌာန်သေးငယ်၍ အလွယ်နှင့်ဖွားမြင်နိုင်သောကြောင့် အသက်ချမ်းသာတတ် သည်။ ရှစ်လဖြင့်ဖွားမြင်သောသူငယ်မှာ သားအိမ်လမ်းကလည်းကျဉ်း၊ ကိုယ်သဏ္ဌာန်ကလည်းကြီး ထွားနေသဖြင့် ခက်ခက်ခဲခဲဖွားမြင်ရသောကြောင့် အသက်မချမ်းသာဖြစ်တတ်သည်။ ကိုးလ ၁ဝလ ဖြင့်ဖွားမြင်သောသူငယ်တို့မှာ ဖွားရိုးဖွားစဉ်ဖြစ်သော ကြောင့်အသက်ချမ်းသာကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)