သတ္တုကဲခတ်ခြင်း

ဝီကီပီးဒီးယား မှ

သတ္တုကဲခတ်ခြင်း[ပြင်ဆင်ရန်]

သတ္တုကျောက်ရိုင်းနမူနာများ၊ သွန်းထားသည့်သတ္တုတုံးများ၊ သို့မဟုတ် သတ္တုစပ်များတွင် သတ္တုတစ်မျိုးသော်လည်းကောင်း၊ တစ်မျိုးထက်ပို၍သော်လည်းကောင်း၊ မည်သည့်အချိုးအစားပါဝင်သည်ကို သိရှိရန်အတွက် ဆန်းစစ်ရှာဖွေခြင်းကို သတ္တုကဲခတ်သည်ဟုခေါ်သည်။ သတ္တုကဲခတ်ခြင်းဖြင့် သတ္တုတွင်းပိုင်ရှင် တစ်ဦးသည် သတ္တုတွင်းမတူးမီ အကယ်၍တူးပါက အကျိုးရှိမရှိကို ကောင်းစွာဆုံးဖြတ်နိုင်ပေသည်။ ဒင်္ဂါးသွန်းလုပ်ရာ၌သော်လည်းကောင်း၊ လက်ဝတ်လက်စားပြုလုပ်ရာ၌သော်လည်းကောင်း၊အသုံးပြုသည့်အဖိုးတန် သတ္တုတုံးများတွင် ရွှေ ငွေ သတ္တုများစစ်မစစ်ကိုလည်း စမ်းသပ်နိုင်ပေသည်။ သတ္တုစပ်များတွင်သတ္တုကဲခတ်သည့်နည်း ဖြင့်မည်သည့်သတ္တုသည် မည်သည့်အချိုးအစားပါဝင်သည်ကို လေ့လာနိုင်သည်။ စမ်းသပ်လိုသောသတ္တုအမျိုးအစားကိုလိုက်၍ သတ္တုကဲခတ်သည့်နည်းအမျိုးမျိုးရှိသည်။ သို့သော် ယေဘုယျ အားဖြင့် သတ္တုကဲခတ် နည်းမှာ အခြောက်နည်း(ဝါ) မီးနှင့်စမ်းသပ်နည်းနှင့် အစိုနည်းဟူ၍ နှစ်မျိုးနှစ်စားရှိသည်။

အခြောက်နည်းတွင်နမူနာသတ္တုကျောက်ရိုင်းကို အရည်ကျိုလိုက်ရသည်။ အရည်ကျိုလိုက်ခြင်းဖြင့် ယင်းတွင်ပါဝင်သောသတ္တုများကွဲထွက်လာသည်။ ရွှေနှင့်ငွေစပ်နေသောသတ္တုကျောက်ရိုင်းနမူနာကို သတ္တုကဲခတ်ရာ၌ ပထမ ထိုနမူနာကိုအမှုန့်ကြိတ်လိုက်ရသည်။ ထိုနောက် အမှုန့်ကိုလက်အောက်ဆိုက်နှင့် အခြား ဓာတ်ပစ္စည်းများနှင့်ရောရသည်။ ထိုရောထားသောအမှုန့်ကို ဖန်ခွက်လောက်ကြီးသည့် လုံတစ်ခုတွင်ထည့်၍ ဖိုပေါ်တင်ပြီးကျိုရသည်။

ဤသို့ကျိုသောအခါလက်အောက်ဆိုက်တွင်ပါသော ခဲသည်အရည် ပျော်သွားပြီးလျှင် ရွှေနှင့်ငွေတို့နှင့်ပေါင်းကာ လုံအောက်ပိုင်းသို့ရောက်သွားလေသည်။ နမူနာသတ္တုကျောက် ရိုင်းနှင့် အခြား ဓာတ်ပစ္စည်းများတွင်ပါသော အညစ်အကြေး များသည် ချော်အဖြစ်သို့ရောက်သွားတော့သည်။ ထိုချော်များမာလာသောအခါထုတ်ပစ်လိုက်ရ၏။ ကျန်နေသော ခဲ၊ ရွှေနှင့်ငွေ သတ္တုစပ်ကို အရိုးပြာနှင့် လုပ်ထားသောမိုက်ခွက်တွင်ထည့်၍ဖိုပေါ်တင်ပြီးလျှင် တစ်ဖန်ကျိုရပြန်သည်။ ယင်းသို့ကျိုသောအခါခဲသည် လက်အောက်ဆိုက်ဖြစ်သွားပြီးလျှင် မိုက်ခွက်၏နံရံထဲ စိမ့်ဝင်သွားလေသည်။ မိုက်ခွက်တွင် ရွှေနှင့်ငွေ စပ်နေသောသတ္တုစပ်သာ ကျန်ရှိခဲ့၏။ ထိုရွှေနှင့်ငွေ သတ္တုစပ်ကိုချိန်ပြီးနောက် နိုက်ထရစ်အက်ဆစ်ထဲ တွင်ထည့်လိုက်သောအခါငွေသည်အရည်ပျော်၍ရွှေသာလျှင်ကျန် ရစ်တော့သည်။ ကျန်သောရွှေကိုချိန်ကြည့်၍ ရွှေသား အလေးချိန်ကိုသိသောအခါ ငွေသားအလေးချိန်ကိုလည်း သိရလေသည်။ အကြောင်းကားရွှေနှင့် ငွေစပ်နေစဉ်အခါက ချိန်ထားသောအလေးချိန်မှ ရွှေအလေးချိန်ကိုနုတ်လိုက်ပါက ငွေအလေးချိန်ကို ရရှိသောကြောင့်ဖြစ်၏။

အစိုနည်းတွင်သတ္တုကျောက်ရိုင်း၊သို့မဟုတ် သတ္တုစပ်ပျော်သွားအောင်အချို့သောဓာတ်ပစ္စည်းများကို သုံးရသည်။ ထိုနောက်အသုံးပြုသော ဓာတ်ပစ္စည်းများနှင့် ပေါင်းစပ်သွားသော ဒြဗ်ပေါင်းများကို ချိန်တွယ်ကြည့်ခြင်း အားဖြင့် ပါဝင်သောသတ္တု၏အလေးချိန်ကိုသိနိုင်ပေသည်။ အချို့စမ်းသပ်မှုများတွင် ဤဒြဗ်ပေါင်းများမှထုတ်ယူနိုင်ပြီး နောက် သတ္တုစစ်စစ်ကိုချိန်တွယ်ယူသည်။

အချို့သောအစိုနည်းတွင် သတ္တု ကျောက်ရိုင်း၊ သို့မဟုတ် သတ္တုစပ်များမှဓာတ်ပစ္စည်းများကြောင့် ကျေပျက်ထွက်လာ သောဒြဗ်ပေါင်းများစွာ ၏အလေးချိန်ကိုတိုင်းတာခြင်း အားဖြင့်လည်း ပြုလုပ်ကြသည်။ ဤကဲ့သို့ သတ္တုကဲခတ်ရန်အတွက် သတ္တုတွင်း ကုမ္ပဏီများနှင့် သတ္တုဗေဒကုမ္ပဏီများသည် မိမိတို့ ကုမ္ပဏီအသီးသီးတွင် ဓာတ်ခွဲဌာနများကိုတည် ထောင်ထားကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)