ဝီလီယံ ကောင်းပါး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အင်္ဂလိပ်ကဗျာဆရာကြီး ဝီလျံကူးပါး

ကူးပါး ဒဗျူ (ခရစ် ၁၇၃၁-၁၈ဝဝ)[ပြင်​ဆင်​ရန်​]

ဝီလျံကူးပါးသည် အင်္ဂလိပ်ကဗျာစာဆိုတစ်ဦးဖြစ်၍၊ ၁၇၃၁ ခု နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဟားဖို့ရှိုင်ယာနယ်၌ ဖွားမြင်၏။ ဖခင်မှာ ဂျွန်ကူး ပါးခေါ် အင်္ဂလိပ်ဘုန်းကြီးတစ်ပါးဖြစ်သည်။ ပင်ကိုယ် စိတ်နေ စိတ်ထားအားဖြင့် ရှက်ကြောက်အားငယ်တတ်သောကူးပါးသည် ၆ နှစ်သားအရွယ် လူမမယ်ဘဝကပင် မိတဆိုး ကလေး ဖြစ်ခဲ့ လေသည်။

အသက် ၁ဝ နှစ်အရွယ်တွင် ကူးပါးသည် ဝက်စမင်စတာ စာသင်ကျောင်းသို့ သွားရောက်၍ ပညာသင်ကြား၏။ သူ၏ ရှက်ကြောက်တတ်သော စိတ်နေစိတ်ထားကိုသိရှိကြသည့် ကျောင်းနေဖက်သူငယ်ချင်းများသည် ကူးပါးကို နောက်ပြောင် ကျီစယ်ခြင်း၊ နိုင်လိုမင်းထက်ပြုခြင်းတို့ကို အကြင်နာကင်းမဲ့စွာ ပြုလုပ်ကြသည်။ သို့ရာတွင် နေသားကျလာသောအခါ ကူးပါး သည် ပျော်ရွှင်လာပြီးလျှင် ဤကျောင်းတွင်ပင် ၈ နှစ်တိတိ ကြာမြင့်ခဲ့လေသည်။

ကူးပါးသည်အသက်မွေးဝမ်းကျောင်းပြုရန်အလို့ငှါ ဥပဒေ ပညာကို လေ့လာဆည်းပူးခဲ့သဖြင့် နောင်အခါတွင် ဝတ်လုံ တော်ရတစ်ဦး ဖြစ်လာသည်။ သို့ရာတွင် ထိုအလုပ်မှာ အရှက် အကြောက်ကြီး၍ လူရှေ့သူရှေ့တွင် စကားမပြောဝံ့သော ကူးပါး ကဲ့သို့ လူစားမျိုးနှင့် အလျင်းပင်မသင့်တော်ချေ။ ဤအလုပ်ကို ရွေးချယ်မိခြင်းမှာ ကူးပါး၏အမှားကြီးပင် ဖြစ်လေသည်။ အထက်လွှတ်တော်တွင် စာရေးတော်ကြီးရာထူး ပေါ်ပေါက်စဉ် ကလည်း ကူးပါးသည် ထိုရာထူးအတွက် စာမေးပွဲဝင်ရမည်ကို အလိုလိုနေရင်း ထိတ်လန့်ကြောက်ရွံ့နေခဲ့သဖြင့် အဆိုပါ ရာထူးကို မရရှိခဲ့ချေ။

ကူးပါးသည် ဝမ်းနည်းပူပန်တတ်၍ တည်ငြိမ်ခြင်းမရှိ၊ တုန်လှုပ်ချောက်ချားလျက် သည်းခြေပျက်မတတ်ဖြစ်နေစဉ်တွင်၊ သူ၏ကြေကွဲဖွယ် အချစ်ဇာတ်လမ်းတစ်ခုက သူ၏အခြေအနေ ကို ပိုမို၍ဆိုးရွားစေရန် ဖန်တီးခဲ့သည်။ သူသည်နှမဝမ်းကွဲ တော်သူတစ်ဦးနှင့် လူငယ်တို့ဘာဝ မေတ္တာသက်ဝင် ချစ်ခင် ခဲ့၏။ သို့ရာတွင် မိန်းမပျို၏ဖခင်က သဘောမတူသဖြင့် လက်မထပ်နိုင်ကြချေ။ ကူးပါးသည် ချစ်သူနှင့်ကွေကွင်းရသဖြင့် စိတ်အညစ်ကြီးညစ်ပြီးလျှင် မိမိကိုယ်ကို အဆုံးစီရင်ရန် ကြံစည် အားထုတ်ခဲ့ဖူး၏။ ထိုကြောင့်သူ့ကို စိတ္တဇဆေးရုံတစ်ခုတွင် နှစ်ပေါင်းများစွာ အပ်နှံထားခဲ့ကြရလေသည်။ စိတ္တဇရောဂါမှ သက်သာ၍ ဆေးရုံမှဆင်းရသောအခါ၊ စိတ်အေး လက်အေး နေထိုင်လိုသဖြင့် တောရွာဒေသသို့ ပြောင်းရွှေ့ နေထိုင်လေ သည်။ ထိုဒေသတွင်ကူးပါးသည် သူ့အား ခင်မင်ရှာကြသော မိတ်ဟောင်းဆွေဟောင်းများ၏ ကြင်နာယုယခြင်းကို ခံရ၏။ အထူးသဖြင့် သူ့မိတ်ဆွေတစ်ဦး၏ဇနီးဖြစ်သော မစ္စက်အန်းဝင်း ခေါ် အမျိုးသမီးကြီးသည် ကူးပါးအား သားအရင်းနှင့်မခြား ပြုစုစောင့်ရှောက်ခဲ့ပေသည်။

ကူးပါးသည် မစ္စက်အန်းဝင်း ပြောဆိုသောစကားများကို သားငယ်သည် မိခင်၏စကားကို နားထောင်ဘိသကဲ့သို့ မြေဝယ်မကျ လိုက်နာခဲ့၏။ မစ္စက်အန်းဝင်း၏ တိုက်တွန်း ချက်များကြောင့်ပင်လျှင် ကူးပါးသည် ကဗျာလင်္ကာများကို ရေးဖြစ်ခဲ့လေသည်။ ကူးပါးရေးသမျှသော ကဗျာလင်္ကာတို့မှာ အများအားဖြင့် မိတ်ဆွေသူငယ်ချင်းများ၏ တိုက်တွန်း တောင်းပန်ချက်ကြောင့်ရေးသော ကဗျာလင်္ကာတို့သာ ဖြစ်သည်။ 'ဂျွန်ဂီလပင်'နှင့် 'ဆောင်ရွက်ဖွယ်ရာ' ကဗျာတို့မှာလည်း လေဒီအောစတင်အမည်ရှိ ကူးပါး၏အမျိုးသမီး မိတ်ဆွေ တစ်ဦးက တိုက်တွန်းသဖြင့် ထွက်ပေါ်လာပေသည်။ ကူးပါး သည် သစ်ပင်၊ တောတောင်၊ ရေမြေအစရှိသော ဩကာသ လောက သဘာဝအလှတွင် စိတ်ကြည်နူးရကား တောရွာ ဒေသ၌နေစဉ် အားလပ်သည့် အချိန်တို့၌ လယ်ကွင်းပြင်များကို ဖြတ်၍ လမ်းလျှောက်ခြင်း၊ ဥယျာဉ်ပန်းမာလ် စိုက်ပျိုးခြင်း၊ ယုန်ကလေးများကို အလှမွေးမြူခြင်းတို့ဖြင့် အချိန်ကုန်လွန်ခဲ့ လေသည်။

ဤသို့အားဖြင့် ကူးပါးသည်ကဗျာလင်္ကာများ စပ်ဆိုလိုက်၊ ယုန်ငယ်ကလေးများကို ယုယလိုက်နှင့် စိတ်ပျော်ပိုက်သလို နေထိုင်နိုင်ခဲ့သော်လည်း ကူးပါး၏ အတွင်းသန္တာန်၌ကား နုပျိုစဉ်က တွေ့ကြုံခဲ့ရသည့်အဆွေးဇာတ်ကလေးသည် အမြဲမပြတ် ကိန်းအောင်းလျက်ရှိခဲ့၏။

ဤအပူဓာတ်ခံကလေးကို အကြောင်းပြု၍ တစ်နေ့နေ့တွင် စိတ္တဇရောဂါ ပြန်လည်ပေါ်ပေါက်လာမည်ကို ကူးပါးသည် အထူး စိုးရိမ်မိ၏။ 'ဥပါဒါန်ကြောင့် ဥပါဒ်ရောက်' ဆိုသော စကားအတိုင်း ၁၇၈၇ ခုနှစ်တွင် ယခင်က စိတ္တဇရောဂါ ပြန်လည်ပေါ်ပေါက်လာလေသည်။ ၁၇၉၄ ခုနှစ်တွင် နိုင်ငံတော် အစိုးရသည် ကူးပါးအား အငြိမ်းရိက္ခာများ ထောက်ပံ့ခဲ့၏။ ၁၇၉၆ ခုနှစ်တွင် ကူးပါးသည် အရှေ့ဒီယာရမ်နယ်သို့ သွား ရောက်နေထိုင်ခဲ့လေသည်။ ထိုနှစ်တွင်ပင် ကူးပါး၏ အရင်းနှီး ဆုံး မိတ်ဆွေဖြစ်ရာ မစ္စက်အန်းဝင်း ကွယ်လွန်သဖြင့် ကူးပါး သည် စိတ်နှလုံးအထူးထိခိုက်ပြီးလျှင် ၁၈ဝဝ ပြည့်နှစ် ဧပြီလ ၂၅ ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်လေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)