ဝိတိုရိယအိုင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဝိတိုရိယအိုင်

ဝိတိုရိယအိုင်သည် အာဖရိကတိုက်တွင် အကြီးဆုံး အိုင်ဖြစ်၍ မြောက်အမေရိကတိုက်ရှိ ဆူပီးရီးယာအိုင်မှလွဲလျှင် ကမ္ဘာပေါ်၌ အကြီးဆုံး ရေချိုအိုင် ဖြစ်သည်။ ယူနိုက်တက်ကင်းဒမ်း မှ ဝိတိုရိယဘုရင်မ၏အမည်ကို အစွဲပြု၍ ဝိတိုရိယနီယန်ဇာ သို့မဟုတ် ဝိတိုရိယအိုင်ဟု ခေါ်တွင်လေသည်။ ထိုအိုင်ကြီးသည် ယူဂန်းဒါးနိုင်ငံ၊ တန်ဂန်ယီးကနိုင်ငံနှင့် ကင်ညာနိုင်ငံ အသီးအသီးအတွင်း၌ တစ်စိတ်တစ်ဒေသစီ ကျရောက်လျက်ရှိသည်။ အလျား ၂၅၅ မိုင်ကျော်၊ အနံ ၁၅၅ မိုင်ခန့်ရှိ၍ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်၂၆,၆ဝဝ (၆၈,၈၀၀ စတုရန်း ကီလိုမီတာ) ခန့်ရှိသည်။ အာဖရိကရှိ ဧရိယာ အကျယ်ဆုံးသော ရေကန် ဖြစ်ပြီး ကမ္ဘာပေါ်တွင် အပူပိုင်းဒေသ ရေကန်များတွင် အကြီးဆုံး ဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်ရှိ ဒုတိယမြောက် အကြီးဆုံးသော ရေချိုရေကန် ဖြစ်သည်။ ရေထုထည်အားဖြင့် ကြည့်မည် ဆိုပါက ဝိတိုရိယရေကန်သည် ကမ္ဘာပေါ်ရှိ တိုက်ကြီးများပေါ်တွင် ရှိသော ရေကန်များတွင် အဌမနေရာတွင် ရှိပြီး ရေထုထည် ၂.၂ ဘီလီယံ ဧက-ပေ (၂,၇၅၀ ကုဗ ကီလိုမီတာ) မျှ ရှိသည်။ ပင်လယ်ရေပြင်ထက် ပေပေါင်း ၃,၇၂၆ မြင့်သော ကုန်းပေါ်၌ တည်ရှိသည်။

၁၈၅၈ ခုနှစ်၌ အင်္ဂလိပ်အမျိုးသား ဂျွန် ဟန်နင်း စပိဆိုသူသည် အာဖရိကတိုက်ရှိ နိုင်းမြစ်ဖျားခံရာအရပ်ကို စူးစမ်းရှာဖွေသည်တွင် ထိုအိုင် ကြီးကို တွေ့ရှိခဲ့၏။ နိုင်းမြစ်သည် အိုင်ကြီး၏ မြောက်ဘက်မှ စီးထွက် သည်။ ၁၈၇၅ ခုနှစ်နှင့် ၁၈၈၉ ခုနှစ်များတွင် အိပ်၊ အမ်၊ စတန်လေ ဆိုသူက လည်း အိုင်တွင်း၌ လှည့်ပတ်စူးစမ်းခဲ့ဖူးသည်။ ဝိတိုရိယအိုင်သည် ရေတိမ်၍ ကျောက်ဆောင်ပေါများသည်။ ရှေးအခါက အိုင်အတွင်းရှိ ကျွန်းများပေါ်တွင် တိုင်းရင်းသားတို့ နေထိုင်ခဲ့ ကြသော်လည်း စက်စီယင်ကောင်ကိုက်သဖြင့် စွဲကပ်တတ်သော ဦးနှောက် ရောင် အိပ်မဝရောဂါဆိုးကြောင့် အိုးအိမ်ကို စွန့်လွှတ်ထွက်ပြေးကြရလေ သည်။ ၁၈၉၈ ခုနှစ်မှစ၍ အရှေ့ဘက်နှင့် အနောက်ဘက်ကမ်းရှိ မြို့များ သည် သင်္ဘောများဖြင့် ကူးလူးဆက်ဆံနိုင်ကြသည်။ အရှေ့ဘက် အိန္ဒိယ သမုဒ္ဒရာကမ်းခြေရှိ မွန်ဗာဆာမြို့နှင့်လည်း မီးရထားလမ်းဖြင့် ဆက်သွယ် လျက်ရှိသည်။ ၁၉၄၈ ခုနှစ်တွင် ဝိတိုရိယအိုင်၌ ရေအားသုံးလျှပ်စစ် စီမံကိန်းကို စတင်လုပ်ကိုင်ခဲ့လေသည်။[၁]


ဝိတိုရိယ ရေကန်သည် မိုးရွာကျခြင်း နှင့် စမ်းချောင်းငယ် ထောင်ပေါင်းများစွာ တို့မှ ရေကို အဓိက ရရှိသည်။ ထိုကန်အတွင်းသို့ စီးဝင်နေသော မြစ်ချောင်းများတွင် အကြီးဆုံးမှာ ကာဂဲရာ မြစ်ဖြစ်ပြီး မြစ်ဝမှာ ကန်၏ အနောက်ဖက်ခြမ်းတွင် ရှိသည်။ ထိုကန်မှ စီးထွက်နေသော မြစ်နှစ်သွယ် ရှိသည်။ ပထမတစ်ခုမှာ နိုင်းမြစ်ဖြူ သို့မဟုတ် ဝိတိုရိယနိုင်းမြစ်ဟု ခေါ်ကြပြီး ကန်၏ မြောက်ဘက် ကမ်း ယူဂန်ဒါနိုင်ငံ ဂျင်ဂျာဒေသမှ စီးထွက်သည်။ ဒုတိယတစ်ခုမှာ ကာတုန်ဂါမြစ်ဖြစ်ပြီး အနောက်ဖက်ကမ်း လူကာရာမှ စီးထွက်ကာ ဂျော့ရှ် ရေကန်နှင့် ဆက်သွယ်ထားသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)