လှရွှေ

ဝီကီပီးဒီးယား မှ

ဦးလှရွှေ (၁၉၃၆ - ၂၀၂၁) သည် မြန်မာနိုင်ငံသား နိုင်ငံရေးလှုပ်ရှားသူ၊ စာရေးသူနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သည်။ တကသမှထုတ်သော အိုးဝေမဂ္ဂဇင်း၏ နောက်ဆုံးအယ်ဒီတာအဖြစ် တာဝန်ယူခဲ့၏။ ခြောက်ထောင်ပြန် လှရွှေမှာ ထောင်သက် ၂၅ နှစ်နီးပါးရှိခဲ့ပြီး သက်တမ်း၏ သုံးပုံတပုံကို ထောင်တွင်း၌ ဖြတ်သန်းခဲ့သူဟု ဆိုနိုင်သည်။

ငယ်ဘဝနှင့်ပညာရေး[ပြင်ဆင်ရန်]

၁၉၃၆ ခုတွင် ဧရာဝတီတိုင်း ဘိုကလေးနယ်တွင် မွေးသည်။ သတ္တမတန်းကပင် လက်ဝဲစာပေများနှင့်ရင်းနှီးခဲ့သည်။ အထက်တန်းကျောင်းသားဘဝတွင် ကျောင်းသားသမဂ္ဂတွင် ပါဝင်သည်။ ၁၉၅၆-၅၇ ပညာသင်နှစ်တွင် အထက်တန်းအောင်သည်။

ထီးတန်းကောလိပ် (ယခု ကြည့်မြင်တိုင် အထက ၂) သို့ တက်သည်။ ပြည်တွင်းလေကြောင်းပို့ဆောင်ရေး နေ့စားဝန်ထမ်း၊ အလွတ်ပညာသင်ကျောင်း ဆရာ၊ တကသဆိုင် တာဝန်ခံအရောင်းစာရေး တို့အဖြစ် လုပ်ကိုင်ကာ တဖက်တလမ်းမှ ဝင်ငွေရှာပြီး ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်သည်။ [၁]

နိုင်ငံရေးလှုပ်ရှားမှု[ပြင်ဆင်ရန်]

ပထမအကြိမ် ထောင်ကျခြင်း[ပြင်ဆင်ရန်]

၁၉၅၉ ဘိုကလေးတွင် ကျင်းပသည့် ဖျာပုံခရိုင် ကျောင်းသားသမဂ္ဂညီလာခံအတွက် ပုဒ်မ ၅/ည ဖြင့် ၆ လမျှ အဖမ်းခံရသည်။

၁၉၆၀ ဆဋ္ဌမအကြိမ်မြောက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသ) ညီလာခံတွင် ဗဟိုအမှုဆောင်အဖြစ် အရွေးခံရ ခရိုင်ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးဖြစ်လာသည်။

၁၉၆၀-၆၁ ပညာသင်နှစ်တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) အမှုဆောင်အဖွဲ့မှ လှရွှေကို အိုးဝေမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာအဖြစ် ခန့်သည်။ ၁၉၆၁-၆၂ ကာလ၌ တကသအမှုဆောင်အဖွဲ့တွင် အတွင်းရေးမှူးဖြစ်လာခဲ့၏။

၆၁-၆၂ ကာလ၌ ဝိဇ္ဇာတန်းမှ အောင်ပြီး ဥပဒေဘွဲ့ဆက်တက်စဉ် ဇူလိုင် ၇ အရေးအခင်းတွင် ပါဝင်မှုကြောင့် အစိုးရမှ လိုက်ဖမ်းသဖြင့် ကျောင်းသားဘဝကို စွန့်ရသည်။ အောင်သာအမည်ဖြင့် မြေအောက်တော်လှန်ရေးတွင် ပါဝင်ခဲ့သည်။

ဒုတိယအကြိမ် ထောင်ကျခြင်း[ပြင်ဆင်ရန်]

၁၉၆၃ ခု၊ ဇွန်လတွင် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးရန် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို တော်လှန်ရေးကောင်စီက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ထုတ်ကာ မြို့ပေါ်ခေါ်သည်။ သို့ဖြင့် လှရွှေအပါအဝင် ကျောင်းသားခေါင်းဆောင်များ ပြန်ရောက်လာသည်။ ဆွေးနွေးပွဲပျက်သည်နောက် စစ်တပ်မှ လိုက်ဖမ်းပြန်ရာ မိသားစုကိုစွန့်၍ တောတွင်းသို့ ပြန်ရသည်။

မြစ်ဝကျွန်းပေါ်ဒေသ ဖျာပုံခရိုင်တွင် ဗကပဦးဆောင်မှုဖြင့် လက်နက်ကိုင်တော်လှန်ရေးကို ၉ နှစ်ကြာ ပါဝင်ခဲ့ပြီး ထိုကာလ၌ ဇနီးဖြစ်သူ ခင်မာအေးကိုလည်း လက်နက်ကိုင်များဖြင့်ဆက်သွယ်သည်ဟူသော အကြောင်းပြချက်ဖြင့် စစ်ဘက်ထောက်လှမ်းရေးမှ ဖမ်းဆီးသည်။ ၃ နှစ်အကြာ ၁၉၇၀ ပြည့်မှ ပြန်လွတ်သည်။

၁၉၆၉ ခု ရွှေလဝင်းစစ်ဆင်ရေးဖြင့် တပ်မတော်မှ ထိုးစစ်ဆင်ရာ လှရွှေအပါအဝင် ဗကပတပ်များ ဘိုကလေးမြို့နယ်တောင်ပိုင်းတွင် အဖမ်းခံရသည်။ ၁၉၇၂ ခုတွင် ထိန်းသိမ်းရေးစခန်းမှ ပြန်လွတ်လာသည်။

တတိယအကြိမ် ထောင်ကျခြင်း[ပြင်ဆင်ရန်]

၁၉၈၂ ခုတွင် မြို့ပေါ်နေ ဗကပအဖွဲ့ဝင်ဟောင်းများကို မြေအောက်နှင့်ဆက်သွယ်သည်ဟူသော အကြောင်းပြချက်ဖြင့် ဖမ်းသော ဝရဇိန်စစ်ဆင်ရေးတွင် အဖမ်းခံရပြန်ကာ ထောင် ၃ နှစ် ကျသည်။ ၁၉၈၅ ခုတွင် ပြန်လွတ်သည်။

စတုတ္ထအကြိမ် ထောင်ကျခြင်း[ပြင်ဆင်ရန်]

ထောင်မှလွတ်သည်နောက် ယခင် နိုင်ငံရေးသမား မိတ်ဟောင်းများထံ အကူးအသန်းရှိသည်ဟု အကြောင်းပြကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အစိုးရက ၁၉၈၆ ခု၊ ဇန်နဝါရီတွင် ပုဒ်မ ၁၀/က ဖြင့် ဖမ်းပြန်သည်။

၁၉၈၈ ခု၊ ဇူလိုင်လ ၁၅ ရက်တွင် ပြန်လွတ်ပြီး အချိန်ကိုက်မှာပင် ၈၈၈၈ အရေးတော်ပုံတွင် ပါဝင်ခဲ့သည်။ ထိုကာလ၌ တကသအဆောက်အအုံနေရာတွင် ကျောင်းသားသမဂ္ဂပြန်လည်ဖွဲ့စည်းရေးအတွက် ညီလာခံကျင်းပရာ ဗကသအဖွဲ့ချုပ်၏ နောက်ဆုံးကျန်သော ဗဟိုအမှုဆောင်အဖွဲ့ဝင်အဖြစ် တက်သည်။

ပဉ္မအကြိမ် ထောင်ကျခြင်း[ပြင်ဆင်ရန်]

၁၉၈၈ ခု၊ စက်တင်ဘာလ ၁၈ ရက်တွင် စစ်တပ်မှ အာဏာသိမ်းသည်နောက် တရားဝင်နိုင်ငံရေးလုပ်ရန် ပြည်သူ့တိုးတက်ရေးပါတီ (People Progressive Party) ကို ခင်မောင်မြင့်၊ ညိုဝင်း စသူတို့နှင့်တွဲကာ ထူထောင်သည်။ အတွင်းရေးမှူးအဖြစ် တာဝန်ယူသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့၏။ စစ်တပ်မှ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်သည်နောက် ၁၉၈၉ ခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် မိတ်ဘက်ပါတီ ၄၁ ခုက အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ရာ ပြည်သူ့တိုးတက်ရေးပါတီလည်း ပါသဖြင့် ဥက္ကဋ္ဌ ခင်မောင်မြင့်နှင့်အတူ လှရွှေလည်း အဖမ်းခံရသည်။ ရေကြည်အိုင်စစ်ကြောရေးစခန်းတွင် အတန်ကြာဖြတ်သန်းပြီးနောက် ပုဒ်မ ၅/ည၊ ပုံနှိပ်ဥပဒေ ပုဒ်မ ၁၇၊ ပုံနှိပ်ဥပဒေ ပုဒ်မ ၂၀ တို့ဖြင့် တရားစွဲကာ ထောင် ၇ နှစ် ကျသည်။

ဆဋ္ဌမအကြိမ် ထောင်ကျခြင်း[ပြင်ဆင်ရန်]

၁၉၉၅ ခု၊ မေလ ၂၅ ရက်တွင် မန္တလေးထောင်မှ လွတ်လာပြီး သမီးဖြစ်သူနှင့် ရန်ကုန်၌နေရာ ၁၉၉၈ ခုတွင် စက်မှုတက္ကသိုလ်ကျောင်းသား အောင်ထွန်းရေးသည့် ကျောင်းသားသမဂ္ဂသမိုင်း စာအုပ်ကြောင့် အဖမ်းခံရပြန်သည်။ အောင်ထွန်းမှာ သမိုင်းကြောင်းများမေးရန် အိမ်သို့ဝင်ထွက်သဖြင့် စာအုပ်ထွက်လာသည်နောက် ဆက်စပ်နိုင်သည်ဟူ၍ ဖမ်းဆီးခြင်းတည်း။ ပုဒ်မ ၅/ည၊ ပုံနှိပ်ဥပဒေ ပုဒ်မ ၂၀ တို့ဖြင့် ထောင်ဒဏ် ၁၄ နှစ် ကျသည်။ ၇ နှစ်နေကာ ၂၀၀၅ ခု၊ ဇူလိုင်လတွင် ပြန်လွတ်လာသည်။

ရေးသားသောစာအုပ်များ[ပြင်ဆင်ရန်]

ဖျက်သိမ်းခံရသော ပြည်သူ့တိုးတက်ရေးပါတီကို အောက်မေ့သောအားဖြင့် PPP ဟူသောစာလုံးကို ယူကာ အောင်သာ (PPP) ကလောင်အမည်ဖြင့် စာရေး၏။

  • သမိုင်းအရွေ့နဲ့ယုံကြည်ချက်အရွေ့
  • နိုင်ငံရေးသမားဖြစ်ချင်တယ်ဆိုရင်နှင့်ခေတ်ပြိုင်မြန်မာ့နိုင်ငံရေးသုံးသပ်ချက်များ
  • ရန်ကုန်တက္ကသိုလ်ကျောင်းတိုက်ကြီးရဲ့ ၆၀ ခုနှစ်ပုံရိပ်များ
  • တိုက်ပွဲမရှိရင်အောင်ပွဲမရှိဘူး
  • စစ်တပ်ဆိုတာအာဏာပါပဲ / သမိုင်းခေတ်တခေတ်ရဲ့သမိုင်းရေးရာကံကြမ္မာ
  • စစ်အာဏာရှင်ခေတ်မြန်မာနိုင်ငံအကျဉ်းထောင်စနစ် (အောင်စောဦးနှင့်တွဲ၍)
  • တော်လှန်ရေးသမားတဦး၏နိုင်ငံရေးအတ္ထုပ္ပတ္တိ
  • တိုက်ပွဲဝင်သီချင်းများ
  • ခေတ်ပြိုင်မြန်မာ့နိုင်ငံရေးနှင့်ကျောင်းသားလှုပ်ရှားမှုအဆင့်နေရာ
  • ဦးခင်မောင်မြင့်(သို့)ကြီးမြတ်သူနှင့်ဂုဏ်ပြောင်သူ
  • ခေတ်သစ်မြန့်မာသမိုင်းသုံးသပ်ချက်အကျဉ်း / နိုင်ငံရေးဆိုတာသမိုင်း သမိုင်းဆိုတာနိုင်ငံရေး

မိသားစုဘဝ[ပြင်ဆင်ရန်]

၁၉၆၂ ခု၊ ဇူလိုင်လ ၅ ရက်တွင် တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုများတွင် လက်တွဲပါဝင်ခဲ့သူ ဒေါ်ခင်မာအေးနှင့်လက်ထပ်ခဲ့သည်။ အိမ်ထောင်ကျပြီး မကြာမီပင် လင်တခြား မယားတနေရာ ဖြစ်ခဲ့သည်။ ဒုတိယအကြိမ် ထောင်မှလွတ်သည်နောက် မဆလာလုပ်ငန်း၊ ကြက်မွေးမြူရေးလုပ်ငန်းတို့ကို လုပ်သည်။ ထိုကာလတွင် သား ဆက်အောင်ခိုင်နှင့် ဆက်အောင်နိုင်၊ သမီး နေခြည် တို့ကို မွေးသည်။

၈၈၈ အရေးတော်ပုံတွင် သားကြီး ဆက်အောင်ခိုင်မှာ မိဘများနည်းတူ နိုင်ငံရေးလှုပ်ရှားမှုတို့ကြောင့် ပုဒ်မ ၅/ည ဖြင့် ထောင် ၄ နှစ် ကျ၏။ ထောင်တွင်း၌ပင် လွန်သည်။

သားလတ် ဆက်အောင်ခိုင်မှာ ယင်းကာလတွင် တောခိုကာ ကျောင်းသားတပ်မတော် တပ်ရင်းမှူးဖြစ်သည်။ နောက် အမေရိကသို့ ကူးရွှေ့နေထိုင်သည်။

ခင်မာအေးမှာ ၈၈၈၈ အရေးတော်ပုံတွင် အဖမ်းမခံရသော်လည်း နဝတအစိုးရမှပြုလုပ်သည့် အမျိုးသားညီလာခံကို ကန့်ကွက်သဖြင့် ထောင်နန်းစံရ၏။ ၂၀၀၈ ခု၊ ဧပြီလတွင် နှလုံးရောဂါဖြင့် ထောင်တွင်း၌ပင် တိမ်းပါးသည်။

သမီးငယ် နေခြည်မှာ ငယ်စဉ်ကပင် မိဘတို့နှင့်အစ်ကိုဖြစ်သူအား ထောင်တကာလှည့်ကာ ထောင်ဝင်စာလိုက်တွေ့ရသူဖြစ်သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဆဋ္ဌမအကြိမ် ထောင်မှထွက်သည့် အသက် ၇၀ အရွယ်တွင် သမီးငယ်၏မိသားစုနှင့်အတူ နေသည်။ အသက် ၈၅ နှစ်အရွယ်တွင် ကိုဗစ်-၁၉ ရောဂါရစဉ် အောက်ဆီဂျင်ပျက်၍ အသက်မဆက်နိုင်ခဲ့။ ၂၀၂၁ ခု၊ ဇူလိုင်လ ၁၅ ရက်တွင် မြောက်ဒဂုံနေအိမ်၌ လွန်သည်။

ကိုးကား[ပြင်ဆင်ရန်]