လူရွှင့်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
လူရွှင့် (魯迅)
LuXun1930.jpg
မွေးသက္ကရာဇ် ၁၈၈၁ စက်တင်ဘာ ၂၅
တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်
ကွယ်လွန် ၁၉၃၆ အောက်တိုဘာ ၁၉
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့
အမည်ရင်း ကျိုးစုရိန် (周樹人)
အလုပ်အကိုင် စာရေးဆရာ
(ဝတ္ထုတို၊ ဝေဖန်ရေးဆောင်းပါး၊ အက်ဆေး)
ရေးသားချိန် ၁၉၁၈ - ၁၉၃၆

လူရွှင့်(ခရစ် ၁၈၈၁ - ၁၉၃၆)[ပြင်​ဆင်​ရန်​]

လူရွှင့် (魯迅) (အမည်ရင်း ကျိုးစုရိန် 周樹人) (၁၈၈၁ စက်တင်ဘာ ၂၅ - ၁၉၃၆ အောက်တိုဘာ ၁၉) သည် ၂၀ ရာစုနှစ်အတွင်း အရေးပါသည့် တရုတ် စာရေးဆရာ တစ်ဦးဖြစ်သည်။ လူရွှင့်သည် တရုတ်ရှေးခေတ်သုံး (文言文) အရေးအသားနှင့်လည်းကောင်း ခေတ်သစ် စကားပြေ (白話文) အရေးအသားနှင့်လည်းကောင်း ရေးသားသည့် လက်ဝဲယိမ်း စာရေးဆရာ ဖြစ်သည်။ ထို့ကြောင့်လည်း လူအများက ၎င်းအား ခေတ်သစ် တရုတ်စာပေ လှုပ်ရှားမှု၏ ရှေ့ဆောင်အဖြစ် အမွန်းတင်ကြသည်။ လူရွှင့်၏ စာပေလက်ရာများတွင် ဝတ္ထုတိုများ၊ အက်ဆေးများ၊ ဝေဖန်ရေး ဆောင်းပါးများ၊ ဘာသာပြန်များ၊ ကဗျာများ ပါဝင်သည်။ လူရွှင့်သည် စာတည်းဖြတ် အယ်ဒီတာ တစ်ဦးလည်း ဖြစ်သည်။

လူရွှင့်သည် ၁၉၁၉ ခုနှစ် တရုတ်၌ ဖြစ်ပွားခဲ့သည့် မေ ၄ အရေးအခင်းအပေါ် ကြီးမားသည့် သက်ရောက်မှုများ ရှိခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် အာဏာရလာသည့် တရုတ်ကွန်မြူနစ် အစိုးရ၏ အားပေးထောက်ခံမှုကြောင့်လည်း တရုတ်တွင် ၎င်း၏ လွှမ်းမိုးမှုများ ပိုမိုကြီးထွားလာသည်။ ထိုစဉ်အခါက တရုတ်ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းသည် လူရွှင့်၏လက်ရာများကို စွဲမက်ပြီး လူရွှင့်အား ကြည်ညိုလေးစားသူ ဖြစ်သည်။ အနောက်တိုင်းသားများ လူရွှင့်အား သိရှိလာသည်မှာ အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထားသည့် ‘လူရွှင့်၏ စာစုများ’ (魯迅全集) ကြောင့် ဖြစ်သည်။ လူရွှင့်၏လက်ရာ ‘အားကျူဇာတ်လမ်း’ (阿Q正傳) မှာ ကျော်ကြားသည့် ဝတ္ထုလတ် တစ်ပုဒ်ဖြစ်သည်။


တရုတ် စာရေးဆရာကြီး တစ်ဦးဖြစ်သောလူရွှင့်သည် တရုတ်နိုင်ငံ၊ ချူကျန်နယ်ရှိ ရှေးမြို့ဟောင်းကြီးဖြစ်သည့် ရှိုရွှင်းမြို့၌ ခရစ် ၁၈၈၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ တွင် ဖွားမြင်သည်။ လူရွှင့်ဟူသော အမည်သည် ကလောင်အမည်သာဖြစ်၍ သူ၏အမည်ရင်းမှာ ချောင်ရှူဂျင်ဖြစ်သည်။ လူရွှင့်၏ဖခင်သည် လူရွှင့်အသက် ၁၆ နှစ် အရွယ်လောက်ကပင် အလွန်မကျန်းမမာဖြစ်ပြီး သေဆုံး သွားရကား သူ၏မိသားစုမှာ ဆင်းရဲသွားရရှာလေသည်။ သူ၏ မိခင်သည်ဆင်းရဲသော်လည်း လူရွှင့်အား တစ်သက်လုံးထိန်းသိမ်းကြိုးကိုင်နိုင်ခဲ့သော အမျိုးသမီး တစ်ဦးဖြစ်သည်။ သူ၏အမည်မှာ လူဖြစ်ရာ လူရွှင့်၏ ကလောင် အမည်သည် သူ၏မိခင်အမည်ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်းဖြစ်လေသည်။ လူရွှင့်သည် လူငယ်ဘဝ၌ အလွန်ဉာဏ်ကောင်းသည်ဟု ကျော်ကြားခဲ့သည်။ အသက် ၁၇ နှစ်တိုင်အောင် ရှိုရွှင်းမြို့၌ စာသင်ကြားခဲ့ရာ ထိုအတောအတွင်း တရုတ်စာပေနှင့် အနုပညာများကို များစွာဆည်းပူးခွင့်ရရှိခဲ့သည်။လူရွှင့် လူလားမြောက်သည့်အရွယ်တွင် တရုတ်နိုင်ငံကား နိုင်ငံခြားအရင်းရှင် နယ်ချဲ့သမားတို့၏ စာချုပ်စာတမ်း များဖြင့် တုပ်ပြီးနှောင်ပြီး ရှိနှင့်ပြီးဖြစ်သည့်ပြင် တံခါးမရှိ ဓားမရှိ နိုင်ငံခြားသားတို့ ဝင်ထွက်ချင်တိုင်း ဝင်ထွက်သွားလာလျက်ရှိသော သာလာယံဇရပ်ကဲ့သို့ ရှိနှင့်လေပြီ။ ထို့ပြင် မန်ချူးမင်းဆက်တို့၏ ကံကျွေးစနစ်သည်လည်း ကျဆင်းစဖြစ်နေသည်။ ထိုကြောင့် လူရွှင့်၏စိတ်ဓာတ်မှာ စာပေကို အလွန်လိုက်စား လိုသည့်ပြင် နယ်ချဲ့သမားတို့၏ ချုပ်ချယ်မှုမှ တော်လှန်ရန်ပြင်းပြခဲ့လေသည်။ အသက် ၁၈ နှစ်အရွယ်တွင် လူရွှင့်သည် မန်ချူးအစိုးရက တည်ထောင်သော ရေတပ်ကျောင်းသို့ ဝင်ခွင့်ရရန် နန်ကင်း မြို့သို့ ထွက်လာခဲ့၏။ ရေတပ်ကျောင်းဝင်စာမေးပွဲအောင်သော်လည်း သဘောမကျသည်နှင့်မဝင်ဘဲ နောက်တစ်နှစ်တွင် မီးရထားနှင့် သတ္တုတွင်းကျောင်းသို့ ပြောင်းရွှေ့သင်ကြား၏။ ထိုကျောင်းတွင် လေးနှစ်သင်ကြားပြီးနောက် ၁၉ဝ၂ ခုနှစ်၌ ဂျပန်နိုင်ငံသို့ ပညာတော်သင်အဖြစ် သွားရောက်သင်ကြားခွင့်ရရှိခဲ့ပြန်သည်။

ဂျပန်နိုင်ငံတွင် ရှစ်နှစ်တိုင်တိုင်ကြာခဲ့၏။ နန်ကင်းမြို့နှင့် ဂျပန်နိုင်ငံတို့၌ နေထိုင်ခဲ့စဉ်အတွင်း နိုင်ငံခြားစာပေနှင့် သိပ္ပံပညာရပ် ဘာသာပြန်အမြောက်အမြားတို့ကိုလည်းကောင်း၊ နိုင်ငံခြားစာဆိုတော်တို့၏ အရေးအသားများကို လည်းကောင်း စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခွင့်ရခဲ့သည့်ပြင် နိုင်ငံရေး အတွေးအခေါ်များကိုလည်း ရရှိခဲ့သည်။ ထို အတွေ့အကြုံ များကား လူရွှင့်၏ ရှိရင်းစွဲ နိုင်ငံရေးနိုးကြားမှုစိတ်ဓာတ်ကို လှုံ့ဆော်ပေးသကဲ့သို့ ရှိနေ၏။ ထိုကြောင့် တော်လှန်ခြင်းဖြင့် မန်ချူးမင်းတို့၏ ကံကျွေးစနစ်ကို အပြီးအပိုင်သုတ်သင်၍ တရုတ်ဆင်းရဲသား လူတန်းစားတို့၏ဘဝကို မြှင့်တင်ပေး ရန် စိတ်စောလျက်ရှိနေလေသည်။ သို့သော် တရုတ်လူမျိုးတို့၏ လွတ်မြောက်ရေးကို လုံးပန်းရာ၌ လက်နက်ဖြင့် တော်လှန် ်ခြင်းထက် စာပေဖြင့်တော်လှန်ခြင်းသည် အထိရောက်ဆုံး ဖြစ်ကြောင်းကိုလည်း လူရွှင့်သိရှိလာသည်။ ထို့ကြောင့် စာပေရေးသားခြင်းဖက်သို့ အာရုံစိုက်လာခဲ့၏။လူရွှင့်သည် တရုတ်နိုင်ငံသို့ ၁၉ဝ၉ ခုနှစ်တွင် ပြန်လာ၍ ၁၉၁၁ ခုနှစ်တွင် တရုတ်တော်လှန်ရေး ဖြစ်ပေါ်ခဲ့၏။ ထိုတော်လှန်ရေးတွင် မန်ချူး မင်းဆက်ပြုတ်သွားသော်လည်း အရင်းရှင်စနစ်နှင့် ကံကျွေးစနစ်ကား တည်မြဲလျက်ရှိလေသည်။ နိုင်ငံရေးအာဏာ သည်မန်ချူးမင်များလက်မှ စစ်ဝါဒီနှင့် နိုင်ငံရေးသမားများလက်သို့ ပြောင်းသွားသည်သာဖြစ်၍ များစွာမထူးခြားလှချေ။ ၁၉၁၂ ခုနှစ်တွင် တရုတ်သမ္မတနိုင်ငံ တည်ထောင်လေသည်။ လူရွှင့်သည် ပညာရေးဝန်ကြီးဌာန ရာထူးတစ်ခုကို လက်ခံကာ ဝင်ရောက ်လုပ်ကိုင်ခဲ့သည်။ ဤသို့လက်ခံလုပ်ကိုင်လာစဉ် ၁၉၁၇ ခုနှစ် ရုရှ အောက်တိုဘာတော်လှန်ရေးနှင့် မေလ ၄ ရက် အရေးတော်ပုံတို့ ပေါ်ပေါက် လာခဲ့၏။ ထိုအရေးတော်ပုံများ၏ လှုံ့ဆော်မှုကြောင့် လူရွှင့်၏ တော်လှန်ရေးစိတ်ဓာတ်များသည် ပိုမိုပြင်းထန်လာ လေသည်။ ထိုအချိန်အခါတွင် တရုတ်ဆင်းရဲသား လူတန်းစား များသည်လည်း လူတန်းစားတစ်ရပ်အနေဖြင့် နိုင်ငံရေးသို့ ဝင်ရောက်လျက်ရှိနေလေသည်။၁၉၁၈ ခုနှစ်မှစ၍ လူရွှင့်သည် တရုတ်လူမျိုးတို့အား ကံကျွေးစနစ် တိုက်ဖျက်ရေးအတွက် တော်လှန်ထကြွ ရန်လှုံ့ဆော်ပေးသည့်ဝတ္ထုတိုများကို မဂ္ဂဇင်းတစ်စောင်တွင် စတင်ရေးသားတော့၏။

ပထမဆုံးဝတ္ထုတိုမှာ အရူး၏နေ့စဉ်မှတ်တမ်း ဖြစ်၍ တရုတ်ဘာသာဖြင့် မဂ္ဂဇင်းတစ်စောင်တွင် ရေးသားထုတ်ဝေသည်။ ထိုဝတ္ထုတိုတွင် လူရွှင့်သည် တရုတ် ကံကျွေးစနစ် နှင့် ကွန်ဖူးဇီး၏ အယူဝါဒများကို အပြင်းအထန် ရှုတ်ချ ရေးသားထားသည်။ ထိုဝတ္ထုတိုမှ အစပြု၍ လူရွှင့်သည် ဆက်ကာဆက်ကာ ရေးသားသွားလေသည်။ အရူး၏ နေ့စဉ်မှတ်တမ်း ဝတ္ထုတိုကလေးသည် တရုတ်နိုင်ငံ၏ ဘဝသစ် ပြုပြင်ပြောင်းလဲရေးတွင် အလွန်ထိရောက်သောစာပေသစ်ဟု အသိအမှတ်ပြုကြသည်။ လူရွှင့်သည် ကလောင်ဖြင့် စစ်ရေးဆိုသည့်ပြင် လူငယ်များနှင့် လည်း လက်တွဲလုပ်ကိုင်လျက်ရှိ၏။ ၁၉၂ဝ ပြည့်နှစ်မှစ၍ ပီကင်း တက္ကသိုလ်နှင့် အမျိုးသား ဆရာအတတ်သင်သိပ္ပံကျောင်းတွင် ကထိကအဖြစ် လုပ်ကိုင်ခဲ့၏။ သူ၏ဝတ္ထုတိုများတွင် ရေးသား ပါရှိသော တော်လှန်ရေးသဘောတရားများကြောင့် လူရွှင့်သည် ၁၉၂၆ ခုနှစ်၊ ဩဂုတ်လတွင်စစ်ဝါဒီအစိုးရတို့၏ အမိန့်ဖြင့် ပီကင်းမြို့မှ ထွက်ခွာသွားရလေသည်။ ထိုအချိန်တွင် တော်လှန်ရေးဒီရေသည် တရုတ်နိုင်ငံတောင်ပိုင်းကို လွှမ်းမိုး လျက်ရှိ၏။

လူရွှင့်သည် ၁၉၁၈ ခုနှစ်အထိ တော်လှန်ထကြွရန် လှုံ့ဆော် ပေးသည့် ပထမဆုံး ဝတ္ထုတိုများကို ဆက်ကာဆက်ကာ ရေးသားပြီးသည့်နောက် ၁၉၂၇ ခုနှစ်မှစ၍ တစ်ဖန် ဒုတိယဝတ္ထုတိုများကို ရေးသားပြန်လေသည်။လူရွှင့်သည် ဝတ္ထုတိုများကိုသာမက ဆောင်းပါးပေါင်းများစွာကို လည်းရေးခဲ့သေးသည်။ ထို့ပြင် တရုတ်စာပေ သမိုင်း အကျဉ်းချုပ်ကိုလည်းရေးခဲ့သေးသည်။ ၁၉၂၇ ခုနှစ် နောက်ပိုင်းတွင်ကား လူရွှင့်သည် တဖြည်းဖြည်း ကွန်မြူနစ်သဘောတရားများကို သက်ဝင်ယုံကြည်လာရာ နောက်ဆုံး တွင် ကွန်မြူနစ်တစ်ယောက် ဖြစ်လာလေသည်။ လူရွှင့်သည် စာရေးသားခြင်း၊ တရုတ် ကွန်မြူနစ်ပါတီဝါဒကို ထောက်ခံသော ဆောင်းပါးများရေး သားခြင်းတို့ဖြင့် အလုပ်အလွန်များနေသည့်ပြင် အဆုတ်ရောဂါဖြင့်လည်း နှိပ်စက်ခံနေရသဖြင့် ၁၉၃၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ တွင်ကွယ်လွန်အနိစ္စရောက်သွားလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)