ရှင်ကလေး၊ ဦး အမှာတော်ရေး

ဝီကီပီးဒီးယား မှ

ရှင်ကလေး၊ ဦး အမှာတော်ရေး (မြန်မာ ၁၁၈၆-၁၂၆၉)[ပြင်ဆင်ရန်]

ကုန်းဘောင်ခေတ် ဒုတိယပိုင်းတွင် ပေါ်ပေါက်ခဲ့သော ပညာရှိစာဆိုတော် ဦးရှင်ကလေးသည် သက္ကရာဇ် ၁၁၈၆ ခုနှစ် တွင် ယခုကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ လက်ဆောင် ယူ ကျေးရွာကြီး၌ ဦးကျားနှင့် ဒေါ်မိန်းကလေးတို့မှ ထွန်းကား သော တစ်ဦးတည်းသား ဖြစ်သည်။ မိဘများသည် တောင်သူ လယ်လုပ်များ ဖြစ်ကြသော်လည်း အဆွေအမျိုးတို့မှာ များသော အားဖြင့် ဘုရင့်အမှုထမ်း၊ အရာထမ်းများ ဖြစ်ကြသည်။ ခုနစ်နှစ်သား အရွယ်တွင် လက်ဆောင်ယူ အရှေ့ရွာ ကျောင်း ဆရာတော်၏အထံ၌ စတင်ပညာသင်ကြားရ၍ ကိုးနှစ် သားအရွယ်တွင် ရှင်သာမဏေဝတ်ကာ သဒ္ဒါသင်္ဂြိုဟ်တို့ကို ဆက်လက်သင်ကြားလေသည်။

သား၏ဉာာဏ်စွမ်း ဉာာဏ်စကို သိမြင်ရသော မိဘနှစ်ပါးက ဆရာတော်ထံမှ ခွင့်ပန်၍ အမရပူရရှိ ဆွေမျိုးရင်းချာဖြစ်သော တောင်လေးလုံးဆရာတော်ထံ ရှင်သာမဏေအား အပ်နှံကြသည်။ တောင်လေးလုံး ဆရာတော်သည် ရှင်သာမဏေ၏ ဉာာဏ်ထက် မြက်ပုံကို သိသည့်ပြင် သာသနာ့ဝန်ထမ်း ရဟန်းအဖြစ် အရိုး ထုတ်လိုစိတ် မရှိသည်ကိုလည်း သိသဖြင့် ရှေးဦးစွာ လော ကုတ္တရာရေးရာ စာပေကျမ်းဂန်တို့ကို ဆည်းပူးစေ ပြီးနောက် တွင် လောကီရေးဖြစ်သော ဗေဒင်ပညာ၊ ဓမ္မသတ်ပညာ စသည် တို့ကို ကြပ်မတ်သင်ကြားပေးသည်။

တစ်ဆဲ့ရှစ်နှစ်သားအရွယ်တွင် သာသနာ့ဘောင်မှ ထွက်၍ ဇာတိရပ်ရွာသို့ ပြန်ပြီးလျှင် မိဘများနှင့်အတူ နေထိုင်သည်။ နှစ်ဦးနှစ်ဖက် လူကြီးမိဘများ၏ သဘောတူညီချက်အရ လက် ဆောင်ယူရွာ သူကြီး၏နှမမမယ်နှင့် လက်ဆက်သည်။ မိဘ ရိုးရာ တောင်သူအလုပ်ကို ဝါသနာမပါသဖြင့် မောင်ရှင်ကလေး သည် အမရ ပူရမြို့သို့ သွားရောက်၍ ပုဂံမင်းထံ အမှုထမ်း လျက်ရှိသော ဦးကြီးတော်သူ သွေးသောက်နှင့် အတူနေထိုင်ပြီး လျှင် ထီးရေးနန်းရာ အသုံးအနှုန်းများကို လေ့လာမှတ်သား နေခဲ့သည်။ မကြာမီ ဦးကြီး၏ဆောင်ရွက်ပေးချက်အရ ဗြဲတိုက်တော်၌ စာရေးအလုပ်ကို ရရှိလေသည်။ မင်းတုန်းမင်းတရား နန်းတက်တော်မူပြီးနောက်တွင် မင်းတရားကြီးသည် ဦးရှင်ကလေး၏အရည်အသွေးကို နှစ်သက် တော်မူသဖြင့် စာရေးတော်ကြီးအဖြစ် တိုးမြှင့်ခန့်ပေးသည်။ မင်းတုန်းမင်းတရားသည် ရတနာပုံ နေပြည်တော်သို့ ရွေ့ပြောင်း စံနေတော်မူ၍ မကြာမီပင် ဦးရှင်ကလေးကို နေမျိုးမင်း ထင်ကျော်ခေါင်ဟူသောဘွဲ့ဖြင့် အမှာတော်ရေးရာထူးသို့ တိုးမြှင့် မြေ|ာက်စားတော်မူသည်။ သားတော် သီပေါမင်းလက်ထက်တွင် လည်း ခမည်းတော် လက်ထက်ကအတိုင်း ဆက်လက်ချီးမြှင့် လေသည်။

ဦးရှင်ကလေးသည် သီပေါမင်းလက်ထက် သက္ကရာဇ် ၁၂၄၂ ခုနှစ်တွင် နိုင်ငံ၏တာဝန်ကို ထမ်းဆောင်ကြရမည့် လူငယ်လူရွယ်တို့အား ပညာရေး၊ စီးပွားရေး၊ လူမှုရေးတို့၌ သိသင့်သိထိုက်၍ လိုက်နာထိုက်သည်များကို ညွှန်ပြဆုံးမပေး သော လောကနီတိပျို့ကို ပြုစုခဲ့သည်။ စင်စစ် လောက နီတိပျို့သည် ပင်းယပြည့်ရှင်၊ ဆင်ဖြူငါးစီးရှင် ကျော်စွာဘုရင် ၏ ပညာရှိအမတ်ကြီး စတုရင်္ဂဗလ


ပြုစီရင်ခဲ့သော လောကနီတိကျမ်းကြီးကို မှီး၍ ပျို့လင်္ကာဖြင့် စီရင်ပြုစုခဲ့ခြင်း ဖြစ်သည်။ ရှေးမြန်မာတို့ လိုက်နာကျင့်သုံးအပ် သော လူ့ကျင့်ဝတ်များကို အမတ်ကြီးသည် ရှေးကျမ်းစာ အစောင်စောင်တို့မှ ထုတ်နုတ်၍ ပါဠိဘာသာဖြင့် ရေးသားပြုစု ခဲ့သည်။ ယင်းသို့ ပါဠိဘာသာဖြင့် ရှိနေ၍ နောက်ခေတ်များ တွင် လူ့ကျင့်ဝတ်များအတွက် အဖိုးတန်သော ကျမ်းကြီးကို လူတိုင်း မလေ့လာနိုင်။ အလွယ်တကူ မဆောင်နိုင်အောင် ရှိခဲ့ သည်။ ထိုအချက်ကို မြေ|ာ်တွေးမိဟန်တူသော ဦးရှင်ကလေး သည် ထိုကျမ်းကြီးကို အများရှင်လူတို့ အသုံးများလေအောင် နှစ်သက်ဖွယ်ကောင်းသော ပျို့လင်္ကာ ၄၉ ပုဒ်ဖြင့် ပြုပြင်စီရင်ခဲ့ လေသည်။

ဦးရှင်ကလေးသည် စတုရင်္ဂဗလ၏ လောကနီတိကျမ်းကို မှီး၍ လောကနီတိပျို့ကို ပြုစုကြောင်းကိုလည်း နေမျိုး မင်းထင်ကျော်ခေါင်၊ ဘွဲ့တန်ဆောင်နှင့်၊ ဂုဏ်ရောင်ဝှန်းစေ၊ လွှတ်ကွန်းနေလျက်၊ သပြေဆံကျင်၊ ဥကင်ဖွင့်ကာ၊ ဒူးနေရာက၊ ရွှေဇာဘဲရံ၊ တင့်စံရွှေဗောင်း၊ကိုးပွင့်ဆောင်းလျက်၊ ရောင်ဖောင်း ချက်ချက်၊ ရွှေကွမ်းခွက်နှင့်၊ ဆောင်ရွက်စုံလင်၊ မင်းပွဲဝင်သည်၊ ဦးရှင်ကလေး၊ မှာတော်ရေးဟု၊ နီးဝေးကျေညာ၊ အကြင်ငါသည်၊ 'ဝိဇယာပုရ'၊ ပြည်ပင်းယ၌၊ နာမတွင်မှု၊ 'စတုရင်္ဂဗလ'၊တတ်လှ ကျမ်းဂန်၊ အမတ်မွန်လျှင်၊ မှတ်ရန် ပြည့်လျှမ်း၊ ထိုထိုကျမ်းမှ၊ မှီငြမ်းရရ၊ ထုတ်ဖော်ပြသား၊ 'လောကနီတိ'၊ အမည်ရှိသည့်၊ ပါဠိဘာသာ၊ ဤသည့်စာကို၊ ပညာသုတ၊ ရှာကုန်ကြသည့်၊ များစွာဟူဟူ၊ ရှင်နှင့်လူတို့၊ လွယ်ကူဆောင်ရန်၊ လင်္ကာဖန်၍ -- စသည်ဖြင့် ဖော်ပြထားရာ မိမိရရှိသော အဆောင်အရွက် တို့ကိုပါ ထည့်သွင်းပြဆိုထားလေသည်။

'လောကနီတိ'ပျို့မှ ဆုံးမချက်၊ ညွှန်ကြားပြသချက်များ သည် ယနေ့တိုင်အောင် ခေတ်မီလျက် ရှိနေသေး၍ ထိုပျို့ကို ကျောင်းသုံးအဖြစ် ပြဋ္ဌာန်း၍လည်းကောင်း၊ ထိုပျို့မှ ကောက် နုတ်ချက်များကို မြန်မာစာပေတို့၌ ဖော်ပြ၍လည်းကောင်း အသုံးပြုလျက်ရှိကြသည်။

အမှာတော်ရေးမင်းသည် သက္ကရာဇ် ၁၂၄၅ ခုနှစ်အတွင်း 'ရာဇဝံသင်္ကုရ'မည်သော ရာဇဝင်ညွန့်ကို ရေး သားပြုစုခဲ့၍ 'သုတမဉ္ဇူဆုံးမစာ'ကို ၁၂၄၆ ခုနှစ်အတွင်း၌ စီရင်ရေးသားခဲ့ သည်။ ဦးရှင်ကလေး ရေးသားပြုစုခဲ့သော အခြားစာပေကျမ်းဂန် တို့မှာ အဒ္ဓစန္ဒာသတ်ပုံ၊ အဓိရောဂစာ ပုံပြင်တို့ ဖြစ်ကြလေ သည်။

တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး၊ သီပေါမင်းတရားပါ တော်မူ၍ ထီးသုန်းစည်ပျောက် ဖြစ်ရသော ခေတ်တွင် ဦးရှင် ကလေးသည် မိမိ၏ဇာတိရပ်ရွာသို့ ပြန်ပြီးလျှင် အေးအေး ငြိမ်ငြိမ် နေထိုင်ခဲ့သည်။ ဦးရှင်ကလေးနှင့် ဒေါ်မယ်တို့တွင် မောင်မောင်ခေါ် သားတစ်ယောက်နှင့် မမကြီးခေါ် သမီး တစ်ယောက်သာ ရှိခဲ့သည်။ သားဖြစ်သူသည် အိမ်ထောင်မပြုဘဲ လွှထောင်အလုပ်ကို လုပ်ကိုင်ရင်း တံတားဦးမြို့တွင် ကွယ်လွန် သည်။ ထိုအခါ ဦးရှင်ကလေးသည် သားဖြစ်သူ၏ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန် တံတားဦးမြို့ တရုတ်တန်းရပ်ကွက်သို့ ပြောင်းရွေ့နေထိုင်ခဲ့ရာ ၁၂၆၉ ခုနှစ်တွင် တံတားဦးမြို့၌ပင် ကွယ်လွန်ခဲ့လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)