ရဲယိုပင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရဲယို
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Plantae]]
မျိုးစဉ် [[Gentianales]]
မျိုးရင်း [[Rubiaceae]]
မျိုးရင်းသေး [[Rubioideae]]
မျိုးစု '''''Morinda'''''

Morinda (ရဲယို)[ပြင်​ဆင်​ရန်​]

  • Botany Term : Morinda angustifolia Roxb
  • Species/Family : Rubiaceae


ပုံသဏ္ဌာန် : အပင် ငယ်မျိုး ဖြစ်သည်။ ပင်စည် ဖြောင့်တန်း၍ အခေါက်မှာ ချောမွေ့သည်။ အရွက်မှာ ထောင့်မှန် ရွက်ဆိုင်ဖြစ်သည်။ အစိမ်း ရင့်ရောင် ကြီးမား တောက်ပြောင်သော အရွက်များ ဖြစ်သည်။ ရွက်နား ညီသည် သိုႚမဟုတ် လှိုင်းတွန့် အနည်းငယ် ရှိသည်။ ပန်းခိုင်သည် အဖြူရောင် ပန်းပွင့်များ စုပြုံ၍ ထွက်သည်။ အသီးသည် ရှည်မျောမျော ပုံစံရှိပြီး ပြောင်ချောသည်။ အစေ့ များသည် ပျစ်ချွဲချွဲ ဖြစ်သည်။ အပင် ပင်လတ် မျိုး ဖြစ်၏။ အရောင် ပြောင်လက်၏။ အကိုင်း အခက် များစွာ ဖြာ၏။ ပင်စည်ပေါ် တွင် အညိုရောင် အစက် အပြောက် များရှိ၏။ အခေါက်ထူ ၍ ကြမ်းတမ်း၏။ အကိုင်း လေးထောင့်ပုံ ရှိပြီး နှစ်ထောင့်တွင် အမြှောင်း ပါသည်။ အရွက် ရွက်ဆိုင် အလှည့်ကျ ထွက်သည်။ အရွက် ကြီး၏။ အလျား ၁ ပေ ခန့် ရှည်၏။ ရွက်ရင်း သွယ်၍ ရွက်ထိပ် ချွန်သည်။ အရွက် အလယ်ပိုင်း ကျယ်သည်။ အရွက် ထက်အောက် မျက်နှာပြင် နှစ်ဖက်လုံး ပြောင်ချောသည်။ ရွက်ကြော ထင်ရှား၏။ ရွက်နား ချော၍ လှိုင်းတွန့် အနည်းငယ် ရှိသည်။ ရွက်ညှာ တိုတုတ်၏။ နှလုံး ပုံသဏ္ဌာန် ရွက်စွယ် နှစ်ခု ပါရှိ၏။ အပွင့် အလွန် သေးငယ်သော အဖြူရောင်ပွင့် ဖြစ်၏။ အနံ့ မွှေး၏။ ပန်းခိုင် ထိပ်တွင် ပန်းပွင့်များ စုပြုံ၍ ထွက်သည်။ ပန်းခို်င်သည် အရွက်၏ အခြားတစ်ဖက် မှ ထွက်သည်။ ပွင့်ညှာ တိုသည်။ အသီး အချင်း ၂ လက်မ ခန့် ရှိ၏။ ရှည်မျောမျော ပုံ ဖြစ်သည်။ အသီးခွံ ပါး၍ ပြောင်ချော၏။ အသီး မျက်နှာပြင် ပေါ်ရှိ ဗဟုဂံပုံ အကွက် အလေးများတွင် ပန်းပွင့် အရာများ မျက်စိ သဖွယ် ကျန်နေသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက်၊ အသီး။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့ အပြား အထူးသဖြင့် အထက် မြန်မာ ပြည်နှင့် အောက်မြန်မာ ပြည် ဒေသများ၌ အများဆုံး ပေါက်သည်။ ပေါက်ရောက်ပုံ သဘာ၀ အလျောက် ပေါက်ရောက် သည်။မြန်မာနိုင်ငံတွင် ကျယ်ပြန့်စွာ ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာ ဆေးကျမ်းများ အလိုအရ ရဲယိုရွက် သည်ခါး၏။ စဉ်းငယ် ပူ၏။ လေနှင့် ဝမ်းကို ရွှင်စေ တတ်၏။ သွေးကို တက်ကြွစေ၏။ ရဲယိုသီး သည်ပူစပ် သောအရသာ ရှိ၍ စဉ်းငယ် ချဉ်၏။ သွေး၊သည်းခြေ၊လေ၊သလိပ် တို့ကို နိုင်၏။ အစာ မကြေ၊လေနာ၊ သည်းခြေနာ တို့ကို နိုင်၏။ အသုုံးပြုပုံ- အရွက် ၁။ ရဲယိုရွက် ကိုပြုတ်၍ တို့စားလျှင် လေချုပ် ရောဂါ၊ ဝမ်းဗိုက်နာ ရောဂါ၊ အာခေါင် ပူလောင် သောရောဂါ၊ သည်းခြေ ဖောက်ပြန်သော ရောဂါနှင့် သွေးတိုး ရောဂါ ပျောက်ကင်း၏။ ၂။ ရဲယိုရွက် ကို ငါးမြွေထိုး အသားနှင့် ပြုတ်၍ သုပ်စားလျှင် ပင်လယ် အူနာ ပျောက်သည်။ ၃။ ရဲယိုရွက် ကို သုပ်စားပါက နို့ချောင်းပိတ် ရောဂါ၊နို့ရေ ခန်းရောဂါ၊သကျည်း ကိုက်ရောဂါ၊ဝမ်းရစ်နာ ခြင်းနှင့် နှာခေါင်း သွေးလျှံ ခြင်းတို့ကို ပျောက်စေ၏။ ၄။ နှလုံး ရောဂါ၊ သွေးသွန် ရောဂါနှင့် ဆီးချို ရောဂါများ အတွက် ဒန့်သလွန်ရွက် နှင့် ဟင်းချို ချက်သောက်က ပျောက်စေ၏။ အသီး ၁။ ပျားရည်နှင့် ခေါက်စားလျှင် ချောင်းဆိုး ရောဂါနှင့် ပန်းနာ ကို ပျောက်စေသည်။ ၂။ ရဲယိုသီး မှည့်ကို ထန်းလျက်နှင့် စားသော် အစာမကြေ ရောဂါ ပျောက်၏။ ၃။ အသီးနုကို ပြုတ်၍ သုပ်စားက လေထိုး လေအောင့် နှင့် သွေးတက်ရောဂါ ပျောက်၏။ [၁]

ရဲရိုပင်[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံအရပ်ရပ်၌ အထူးသဖြင့် မိုးများသော ဒေသများ၌ ပေါက်ရောက်လေ့ရှိသော ရဲရိုပင်ကို စားသုံး၍ရသော အရွက်နှင့် အသီးတို့ကြောင့် လူသိများသည်။ ယင်းသည် နီပါးဆေးပင်မျိုးတွင် ပါဝင်၍ နီပါးကြီးဟုလည်း ခေါ်ဝေါ်ကြလေသည်။

ရဲရိုပင်သည် အခြား နီပါးဆေးပင်များကဲ့သို့ ရူဗီအေစီအီး မျိုးရင်း၌ ပါဝင်၍၊ ရုက္ခဗေဒအမည်အားဖြင့် မိုရင်ဒါအန်ဂတ် စတီဖော်လီယာဟု ခေါ်သည်။ အပင်ငယ် ပင်စောက်မျိုးဖြစ်၍ အကိုင်းအခက်များ ရှည်လျားသည်။ အရွက်များသည် ပြောင် ချောနေ၍ တစ်ခါတစ်ရံ တစ်ပေခန့် ရှည်လျားသည်။ အရွက်များသည် အနည်းငယ် ချွန်၍ အနည်းငယ် အမြီးရှည်သည်။ ရွက်ရင်းဖက်သို့ အတန်ငယ် ဝိုက်၍ ရှူးသွားသည်။ အရွက်များ ရွက်ဆိုင်ထွက်သည်။ အရောင်ဖြူ၍ အနည်းငယ် အနံ့သင်းသော အပွင့်ကလေးများ အများအပြား ပွင့်သည်။ ပွင့်တံရှည်သည်လည်း ရှိသည်။ တိုသည်လည်း ရှိသည်။ ရဲရိုသီးသည် စထရော်ဗယ်ရီသီးဩဇာသီးတို့ကဲ့သို့ အစေ့များ၍ မှည့်သည့်အခါ ပျော့အိအိ နေပြီးလျှင် အနံ့ပြင်းသည်။

ရဲရိုပင်ကို အစေ့ပျိုး၍ စိုက်ရသည်။ စိုက်ပျိုးရန် မခဲယဉ်းလှသဖြင့် မြန်မာနိုင်ငံအရပ်ရပ်ရှိ နေအိမ်ဝင်းခြံများ၌ အတွေ့ရ များသော အပင်မျိုး ဖြစ်လေသည်။

အရွက်ကိုရော၊ အသီးကိုပါ စားသုံးနိုင်ကြသော်လည်း အသီး၏ စူးရှသောအနံ့ကို မကြိုက်ကြသဖြင့် အသီးကို စားသုံးသူ နည်းသည်။ အနံ့ခံနိုင်သူများကမူ ရဲရိုသီးမှည့်၏ ပူရှိန်းရှိန်း အရသာကို တစ်မျိုးတစ်မည် နှစ်သက်ကြသဖြင့်၎င်း၊ ဆေးဖက် ဝင်သော အသီးတစ်မျိုး အဖြစ်၎င်း ထန်းလျက်ဖြင့် နယ်၍ စားသုံးကြသည်။

ရဲရိုရွက်သည်လည်း ဆေးဖက်ဝင်သည်ဟု ဆိုကြသည်။ အရသာ ခါးသော်လည်း လေနိုင်သောအရွက် တစ်မျိုးဟု ဆိုကြသည်။ ငါးခူငါးရံ့ စသည့် ငါးတစ်မျိုးမျိုးကို ရဲရိုရွက်နုဖြင့် ငါးပေါင်းထုပ် လုပ်စားလေ့ရှိကြရာ၊ ရဲရိုရွက်၏ ခါးသက်သက် အရသာကြောင့် ငါးပေါင်းထုပ်သည် ပို၍ အရသာထူးကဲသည်။ ထိုကြောင့် မြန်မာငါးပေါင်းထုပ်တွင် ရဲရိုရွက်သည် မပါမဖြစ်သော ပစ္စည်းတစ်ရပ် ဖြစ်သည်။ ငါးပုဇွန် စသည်တစ်မျိုးမျိုးနှင့် ရဲရိုရွက်ကို ငါးပေါင်းကြော် ကြော်၍လည်း စားသုံးကြသည်။ ရဲရိုရွက်နုကလေးများကို မီးအုံး၍၎င်း၊ ရေနွေးဖျော၍၎င်း အတို့အမြှုပ် ပြုလုပ်၍လည်း စားသုံးကြလေသည်။

ရဲရိုရွက်နှင့် အသီးတို့တွင် ပါဝင်သော အာဟာရဓာတ်များသည် အတူတူလိုပင် ဖြစ်သည်။ ယင်းတို့တွင် ဗီတာမင်စီဓာတ်၊ ကလိုရီဓာတ်၊ ရေငွေ့ဓာတ်တို့ အတော်များများပါဝင်၍ ထုံးဓာတ်နှင့် သတ္တုဓာတ်တို့ အတော်အသင့် ပါသည်။ ကာဗို ဟိုက်ဒရိတ်နှင့် ပရိုတင်းဓာတ်များလည်း အနည်းငယ်စီပါသည်။ ထိုကြောင့် ရဲရိုရွက်သည် အရသာခါး၍ အသီးသည် အနံ့ပြင်းသော်လည်း အင်အားဖြစ်စေသောအရွက်နှင့် အသီးဟူ၍ ဆိုနိုင်သည်။

မြန်မာဆေးကျမ်းများအလိုမှာ ရဲရိုရွက်သည် ခါး၏။ စဉ်းငယ်ပူ၏။ လေကို ရွှင်စေတတ်၏။ သွေးကို တက်ကြွစေတတ်၏။ ဝမ်းကိုလည်း ရွှင်စေတတ်၏။

ရဲရိုသီးသည် ပူစပ်သော အရသာ ရှိ၏။ စဉ်းငယ်လည်း ချဉ်၏။ သွေး သည်းခြေ လေသလိပ်တို့ကို နိုင်၏။ အစာ မကျေသောအနာ၊ လေလှိုက်တက်သောအနာ၊ လေပူနာ၊ သည်းခြေ လှုပ်ရှားထကြွသော အနာတို့ကို နိုင်၏။ ရဲရိုသီးမှည့်ကို ထန်းလျက်နှင့် နယ်၍ တစ်ညဉ့်သိပ်ထားပြီးသည့်နောက် ကောင်းစွာ ခေါက်၍ ဆားအနည်းငယ် ထည့်ပြီးလျှင် သုံးဆောင်ပါက ဝမ်းဖောဝမ်းရောင်၊ ရင်ကယ်ရောဂါများ ပျောက်ကင်း၍ ရင်ချောင်စေသည်။ ချောင်းဆိုးသော် ပျားရည် နှင့် နယ်၍ စားသုံးက လျင်မြန်စွာ ပျောက်စေတတ်သည်ဟု ဆိုလေသည်။

အိန္ဒိယ ဆေးကျမ်းအလိုမှာ အရွက်ကို ပြာချပြီးလျှင် မုန်ညင်းစေ့အနည်းငယ်နှင့် ပြုတ်၍ တိုက်ပါက သူငယ်နာ ဝမ်းသက်ရောဂါ ပျောက်ကင်းနိုင်၏။ ဝမ်းကိုက်ရောဂါ ပျောက်လိုလျှင်လည်း ထိုအပြုတ်ရည်တွင် အမွှေးအကြိုင် အနည်းငယ်ထည့်၍ တိုက်ရသည်။ အသီးနှင့်အရွက်ပြုတ်ရည်သည် မိန်းမတို့ ဓမ္မတာချုပ်ခြင်းကို ဖယ်ရှားနိုင်၏။ ရဲရိုမြစ်သည်မူ ချုပ်စေသောသတ္တိ ရှိသည်ဟု ဆိုလေသည်။[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://arogyamonline.com/commodity/materials/?raw=112
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)