ရော့စ်ဝဲလ် ပန်းကန်ပြားပျံအဖြစ်အပျက်

ဝီကီပီးဒီးယား မှ
Roswell Daily Record ၁၉၄၇ ဇူလိုင် ၈

ရော့စ်ဝဲလ် ပန်းကန်ပြားပျံအဖြစ်အပျက်သည် အမေရိကန်ပြည်ထောင်စုတွင် ယနေ့တိုင် ပဟေဠိဖြစ်နေရသည့် ဇာတ်လမ်းတစ်ခုဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇွန်လ သို့မဟုတ် ဇူလိုင်လတွင် နယူးမက္ကဆီကိုပြည်နယ်၊ ရော့စ်ဝဲလ်မြို့အနီးရှိ မွေးမြူရေးခြံတစ်ခြံအနီးတွင် အမျိုးအမည် မခွဲခြားနိုင်သော ယာဉ်တစ်စီး ပျက်ကျခဲ့သည်။ ထိုယာဉ်အပျက်အစီး အပိုင်းအစ အနများကိုကြည့်ပြီး မည်သည့်နေရာမှလာသည့် ယာဉ်ဖြစ်ကြောင်းကို ယနေ့တိုင် မဖော်ထုတ်နိုင်ခဲ့သေးပေ။ အမေရိကန် လေတပ်က ထိုယာဉ်အပိုင်းအစများသည် အမေရိကန်ပြည်ထောင်စု လေတပ်ထောက်လှမ်းရေးအတွက် လွှတ်တင်ထားသော မိုးပျံပူဖောင်းတစ်ခု၏ အစိတ်အပိုင်းများဖြစ်ကြောင်း ထိုစဉ်က ထုတ်ဖော်ပြီး ပြည်ဖုံးကားချခဲ့သော်လည်း အများကလက်ခံ ထားကြသည်မှာ အမျိုးအမည်မသိ အာကာသထဲမှလာသော ပန်းကန်ပြားပျံတစ်ခုဖြစ်နိုင်ပြီး ဂြိုဟ်သားများကိုပါ အစိုးရအနေ ဖြင့် ထိန်းသိမ်းရရှိထားသည်ဟု ထင်မှတ်ခဲ့ကြသည်။

ပြန်ပေါ်လာခြင်း[ပြင်ဆင်ရန်]

၁၉၄၇ ခုနှစ်ဇာတ်လမ်းသည် ၁၉၇၀ ပြည့်နှစ်ပိုင်းလောက်တွင် ပြန်ပြီး လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ အမေရိကန်အစိုးရသည် မိုးပျံပူဖောင်းဖြစ်သည်ဆိုပြီး ဇာတ်သိမ်းခဲ့သော်လည်း နှစ်ပေါင်း သုံးဆယ်ကျော်ကြာမှ ထိုစဉ်က အပျက်အစီးများကို စစ်ဆေးခဲ့စဉ်က ပါဝင်ခဲ့သည့် မေဂျာ ဂျက်စီ မာဆဲလ်နှင့် ပန်းကန်ပြားပျံ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သူ စတင်တန် ဖရိုက်မင်း တို့အင်တာဗျူးတစ်ခုတွင် အစိုးရ၏ဖုံးကွယ်ထားချက်များ ပြန်ပြီးပေါ်လာခဲ့ရသည်။

မာဆဲလ်က အစိုးရသည် ပန်းကန်ပြားပျံကို တွေ့ခဲ့ရသည်ဆိုသည့် အကြောင်းကို ဖုံးကွယ်ထားကြောင်းဆိုသည့် သတင်းသည် ချက်ချင်းပျံ့နှံ့သွားခဲ့သည်။ ၁၉၈၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် National Enquirer မဂ္ဂဇင်းကြီးကလည်း မာဆဲလ်နှင့် သီးခြားအင်တာဗျူးတစ်ခုကို ထပ်မံလုပ်ခဲ့သည်။ ထိုအချိန်ကျမှ ရော့စ်ဝဲ ပန်းကန်ပြားပျံအဖြစ်အပျက်ကို တစ်ကမ္ဘာလုံးက အရေးစိုက်လာကြရတော့သည်။ မာဆဲလ်ပြောပြချက်အရ အမေရိကန်အစိုးရသည် ပန်းကန်းပြားပျံကိုသာမက၊ ဂြိုဟ်သား များကိုပါ ဖုံးကွယ်ထားပြီး မိုးပျံပူဖောင်းနှင့် အစားထိုးထားသည့်ဇာတ်လမ်းသည် ပေါ်ပေါက်လာခဲ့ရသည်။ ထိုစဉ်က မျက်မြင်သက်သေများ၏အဆိုအရလည်း ပြင်းထန်စွာပေါက်ကွဲသည့် နေရာအနှံ့အပြားရှိခဲ့ကြောင်း၊ စုစုပေါင်း ၁၁ နေရာခန့် တွင် ပေါက်ကွဲပျက်စီးသည့်ပုံစံများကို တွေ့ကြရကြောင်း ထိုစဉ်ကတည်းက သက်သေခံချက်များရှိသည်။ ၁၉၈၉ ခုနှစ်တွင် အလောင်းကောင်များကို စစ်ဆေးသည့် ဂလင်း ဒဲနစ်ဆိုသူကလည်း သူကိုယ်တိုင် ဂြိုဟ်သားအလောင်းများကို ထိုစဉ်က ရင်ခွဲကာစစ်ဆေးပေးခဲ့ရသည်ဟု ဖွင့်ဟဝန်ခံခဲ့သည်။

စုံစမ်းစစ်ဆေးခြင်း[ပြင်ဆင်ရန်]

လူတွေကြားထဲတွင် သတင်းများ ပျံ့နှံ့ပြီး စိတ်ဝင်စားလာသဖြင့် အမေရိကန် ကွန်ဂရက်ကလည်း စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမှုများ ပြုလုပ်လာခဲ့သည်။ အမေရိကန်ပြည်ထောင်စု လေတပ်မှ စုံစမ်းရေးအဖွဲ့တစ်ဖွဲ့ကိုဖွဲ့ပြီး စုံစမ်းစစ်ဆေးမှု များကို ပြုလုပ်ပေးခဲ့ရသည်။

စုံစမ်းစစ်ဆေးချက်များကို နှစ်ပိုင်းခွဲကာ တင်ပြခဲ့ကြသည်။ ပထမတစ်ပိုင်းကို ၁၉၉၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး ၁၉၄၇ ခုနှစ်က တွေ့ရှိခဲ့သည့် အပျက်အစီး အစိတ်အပိုင်းများသည် ထိပ်တန်းလျှို့ဝှက်ထားသော Mogul ပရောဂျက်၏ အစိတ်အပိုင်းများဖြစ် ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ဩါကူန ပရောဂျက်ဆိုသည်မှာ အမေရိကန်လေတပ်က ကောင်းကင်ထဲသို့ စေလွှတ်ထား သော မိုးပျံပူဖောင်းစီမံချက်ဖြစ်ပြီး၊ အမြင့်တစ်နေရာမှနေ၍ ဆိုဗီယက်တို့ အနုမြူဗုံးများ စမ်းသပ်ရာတွင် ထွက်ပေါ်လာမည့် အသံများကို ထောက်လှမ်းရန် အသံလှိုင်းစနစ်များ တပ်ဆင်ထားသော ထောက်လှမ်းရေးစီမံချက်ဖြစ်သည်။

ဒုတိယအစီရင်ခံစာကို ၁၉၉၇ ခုနှစ်တွင် ထုတ်ပြန်ပြီး ဂြိုဟ်သားများဆိုသည်မှာ မဟုတ်ကြောင်း၊ ရင်ခွဲစစ်ဆေးမှုများ ရှိခဲ့သော်လည်း ထိုအလောင်းများသည် ဂြိုဟ်သားများ မဟုတ်ကြောင်း၊ မိုးပျံပူဖောင်းကြီး ပျက်ကျစဉ်က ကံဆိုးစွာဖြင့် ထိခိုက် မိပြီး သေဆုံးသွားသူများ၏ ရုပ်အလောင်းများသာဖြစ်ကြောင်း ထုတ်ပြန်အစီရင်ခံခဲ့သည်။

ရော့စ်ဝဲဇာတ်လမ်းနောက်ကွယ်တွင် ဖြစ်ရပ်မှန်ကို မျက်မြင်သက်သေများအား လိုက်လံမေးမြန်းထားသည့် စာအုပ်များ အပြင် မှတ်တမ်းများနှင့် ယင်းအဖြစ်အပျက်တို့ကို အခြေခံထားသည့် ရုပ်ရှင် ဇာတ်လမ်းအများအပြား ပေါ်ထွက်လာခဲ့သည်။ ပန်းကန် ပြားပျံ သုတေသီများနှင့် ပညာရှင်များကမူ ယင်းအဖြစ်အပျက်များနှင့်ပတ်သက်ပြီး အစိုးရဖြေရှင်းချက်များကို လက်မခံဘဲ ဖုံးကွယ်ထားချက်ဖြစ်သည်ဟု လက်ခံယူဆခဲ့ကြသည်။

ရော့စ်ဝဲ မျက်မြင်သက်သေပေါင်း ၆၀၀ ကျော်ခန့်ရှိသည်။ ၁၉၄၇ ခုနှစ်ထုတ်သတင်းစာများနှင့် မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များသည် ပန်းကန်ပြားပျံပျက်ကျသည့်ဘက်သို့သာ ဦးတည်နေပြီး၊ မျက်မြင်သက်သေများ၏ ပြောဆိုချက်များကို လူတိုင်းက ယုံကြည်နေကြသော်လည်း အစိုးရကမူ ယနေ့တိုင် မိုးပျံပူဖောင်းဟုသာ ငြင်းဆိုနေဆဲဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. The Roswell Incident, Charles Berlitz and William Moore