ရာမာယဏ

Wikipedia မှ
(ရာမယဏ မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
SitaRam3bal.jpg

ရာမာယဏ[ပြင်​ဆင်​ရန်​]

ရာမာယဏ (သသင်္ကရိုက်: रामायण) သည် သက္ကတ ဘာသာဖြင့်ရေးသားခဲ့သော စွန့်စားခန်း ကဗျာရှည်ကြီးဖြစ်ပြီး ဘီစီ ၄၀၀ နှင့် ၂၀၀ ကြားတွင်ပြန်လည် ပေါင်းစည်း တည်းဖြတ် ထားသည်ဟု ယူဆရသည်။ ရာမာယဏဆိုသည်မှာ "ရာမ"နှင့် "အယာဏ" ဟူသော စကားလုံး နှစ်လုံးကို ပေါင်းစည်း ထားခြင်းဖြစ်ပြီး "ရာမ၏ခရီး" ဟုအဓိပ္ပာယ် ရသည်။ အစဉ်အလာမှတ်တမ်းများ အရရေးသားစီရင် ခဲ့သူမှာ ပညာရှိကြီး ဝမ္မီကိရသေ့ကြီး Valmiki ဖြစ်သည်ဟု ယုံကြည်ကြပြီး ဟိန္ဒူဘာသာ၏ အရေးပါလှသော ကျမ်းဂန်တစ်ခုဖြစ်သည်။ ဝမ္မီကိရသေ့ကြီး၏ ရာမယဏသည် ကမ္ဘာပေါ်တွင် ပုံစံအမျိုးမျိုးဖြင့် ပြန့်ပွားလျှက်ရှိသော ရာမယဏ ဇာတ်လမ်းများ၏ မူရင်းလည်းဖြစ်သည်။

ရာမာယဏအား အပိုဒ်ပေါင်း နှစ်သောင်းလေးထောင်၊ အခန်းကဏ္ဍပေါင်း ငါးရာနှင့် ကျမ်းခုနှစ်ကျမ်းတို့ဖြင့် ဖွဲ့စည်းထားပြီး ၃၂ လုံးစပ် ဟန်ဖြင့် ရေးဖွဲ့ထားသည်။ ရာမာယဏသည် အိန္ဒိယ စာပေယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းအား များစွာလွှမ်းမိုးရုံ သာမက မဟာဗြရတ္တ ကဲ့သို့ပင် ဟိန္ဒူဂုရုကြီးများ၏ သွန်သင်ဆုံးမမှု ဓမ္မအား ညွှန်ပြသည့် ဘာသာရေး ကျမ်းတစ်စောင်လည်းဖြစ်သည်။ ဤဇာတ်လမ်းပါ ဇာတ်ကောင်များ ဖြစ်သော ရာမ၊ လက္ခဏာ၊ သီတာ၊ ဟာနုမန် စသည်တို့မှာ စံပြ သားယောက်ျား၊ စံပြလင်ယောက်ျား၊ စံပြဘုရင်၊ စံပြဇနီး၊ စံပြနောက်လိုက်၊ စံပြအမှုထမ်း စသည့် ဂုဏ်ပုဒ်များ ဖေါ်ကျူးလျှက်ရှိပြီး အိန္ဒိယ လူ့အဖွဲ့အစည်း အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်လျှက်ရှိသည်။

ရာမာယဏသည် တမီလ်၊ ဟင်ဒီ၊ ဘင်္ဂါလီ စသည့် ခေတ်သုံး စာပေတိုင်အောင် ဩဇာလွမ်းမိုး သည်သာမက အရှေ့တောင်အာရှသို့ပါ အေဒီ ၈ ရာစုခန့်တွင် ရောက်ရှိ ပြန့်နှံခဲ့သည်။ အရှေ့တောင် အာရှနိုင်ငံများ၏ စာပေ၊ ဂီတ၊ အက၊ ရုပ်သေး၊ ပန်းချီ၊ ပန်းပု အစရှိသည့် အနုပညာရပ်များတွင် ရာမာယဏကို အထင်အရှားတွေ့ နိုင်သည်။ ကမ္ဘောဒီယား၏ (Reamker)၊ ထိုင်း၏ (Ramakien)၊ မြန်မာ၏ ရာမဇာတ်တော်ကြီး၊ မလေးရှား၏ (Hikayat Seri Rama)၊ လာအို၏ (Phra Lak Phra Ram)၊ အင်ဒိုနီးရှား ဘာလီကျွန်းနှင့် ဂျာဗားကျွန်းတို့၏ ရာမာယဏ၊ မွန်တို့၏ (Loik Samoing Ram) တို့မှာ ဘာသာ၊ ယဉ်ကျေးမှုဓလေ့ အသီးသီး ဖြင့် ပြန်လည် ဖန်တီးအသက်သွင်း ထားခြင်းဖြစ်သည်။

နှိုင်းယှဉ်ချက်[ပြင်​ဆင်​ရန်​]

သက္ကတစာပေဝယ် သူရဲကောင်းစွမ်းရည်ပြ လင်္ကာကြီး နှစ်စောင်ရှိရာ၌ ရာမယဏသည် တစ်စောင်ဖြစ်ပေသည်။ ရာမာယဏဟူသည် ရာမမင်း၏ခြင်းရာထုပ္ပတ် ဖြစ်၍ မြန်မာတို့အဖို့မူ နန်းတွင်း ရာမဇာတ်တော်ကြီးဟု လွယ်လွယ်ခေါ်နိုင်ရာပေသည်။


လင်္ကာကြီးနှစ်ဆူအနက် အခြားတစ်ဆူဖြစ်သည့် မဟာဘာရတကဲ့သို့ ရာမာယဏသည် ထင်ရှားလှသော်လည်း အဘက်ဘက်တွင် ကွာခြားသည်ကို တွေ့ရပေသည်။ မဟာဘာရတသည် ရှေးဟောင်းပုံပြင် ပုရာဏ်အသွင် ဖြစ်သော်လည်း ရာမာယဏမှာမူ အကြောင်းအရာထက် အဖွဲ့အနွဲ့နှင့် တန်ဆာဆင်မှုကို အသားပေးသော ကဗျာစာရင်းတွင် ပါဝင်ပေသည်။ စင်စစ်သော် ရာမာယဏသည် ကဗျာအဖွဲ့အနွဲ့များတွင် ရှေးအကျဆုံး ဖြစ်သည့်အလျောက် အာဒိကာဗျဟူ၍ပင် အမည်တွင်ရသည့် လင်္ကာဖြစ်ပေသည်။ မဟာဘာရတသည် စာဆိုတစ်ဦး တည်း၏ လက်ရာဖြစ်သည်။ ထိုစာဆိုမှာလည်း ဝမ္မီကိရသေ့ကြီးဟု အတိအကျ သိရှိရသည့်ပြင်၊ ထိုစာဆိုရသေ့ကြီးမှာ အာဒိကဝိ ဟူ၍ပင် အမွှမ်းတင်ခြင်းခံရသူ ဖြစ်ပေသည်။ ပမာဏအားဖြင့်ကား ရာမယဏသည် မဟာဘာရတထက် တိုလှသည်။

မဟာဘာရတတွင် ဂါထာပုဒ်ရေ တစ်သိန်းရှိသော်လည်း ရာမာယဏတွင် ၂၄ဝဝဝ မျှသာ ရှိလေသည်။ အကြောင်းအရာအားဖြင့်လည်း ထိုနှစ်စောင်လုံးမှာ သူရဲကောင်းတို့၏ စွမ်းရည်ကို သီကျူးကြသည်ချည်း ဖြစ်သော်လည်း မဟာဘာရတသည် သူရဲကောင်းစွမ်းရည်ပြ အကြောင်းအရာတို့မှာ လင်္ကာတစ်စောင် လုံး၏ ငါးပုံတစ်ပုံထက်မပိုဘဲ ကိုယ်ကျင့်တရားများဆိုင်ရာ ဟင်းလေးအိုးပမာ ရှိနေ၍ ရာမာယဏမှာမူ အချစ်စွန့်စားခန်းများ ပါဝင်သည့် တကယ့်သူရသတ္တိကို မှတ်တမ်းတင်ထားသည့် လင်္ကာဖြစ်ပေသည်။ သို့သော် မဟာဘာရတတွင် လူလူချင်း တိုက်ခိုက်သည့် စစ်ပွဲများအကြောင်း ပါဝင်၍ ရာမာယဏတွင်မူ လူသား၊ မျောက်နှင့်ဘီလူးတို့ တိုက်ခိုက်သည့်စစ်ပွဲများအကြောင်း ပါဝင်ပေရာ၊ မူရင်းတိုက်ပွဲများအကြောင်းကို မသိရဘဲ တစ်ဆင့်စကားဖြင့် ဒဏ္ဍာရီပုံပြင်များသဖွယ် ဖြစ်နေပေသည်။ ထိုလင်္ကာကြီး နှစ်စောင်၏ ခြားနားမှုတစ်ရပ်မှာ မဟာဘာရတသည် အိန္ဒိယမြောက်ပိုင်းတွင် ပေါ်ထွန်းခဲ့၍ ရာမာယဏမှာမူ ဂင်္ဂါမြစ် အရှေ့မြောက်ဘက်တွင် တည်ရှိဖူးသည့် ရှေးဟောင်းကောသလတိုင်းတွင် ဖွားသန့်စင်ခဲ့ပေသည်။


လက်ရှိအသွင်ဝယ် ရာမာယဏသည် ခုနစ်တွဲသာရှိ၍ ပထမတွဲနှင့် နောက်ဆုံးသတ္တမတွဲတို့မှာလည်း နှောင်းလူတို့ ထည့်သွင်းဖြည့်စွက်ချက်များသာ ဖြစ်သည့်ဟု သက္ကတပညာရှင်တို့ ယူဆကြလေသည်။ မူရင်းအားဖြင့် ဗင်္ဂလားမူ၊ ဘုံဘိုင်မူနှင့် အနောက်အိန္ဒိယမူဟူ၍ သုံးစောင်ရှိပေရာ ဘုံဘိုင်မူမှာ ရှေးအကျဆုံး ဖြစ်သည်ဟု တွေ့ထင်ကြရပေသည်။

ရာမာယဏကို ဝမ္မီကိရသေ့ကြီးက စီကုံးရေးသားသည်ဟုဆိုသော်လည်း ဇာတ်လမ်းအနေနှင့်မူ ဝမ္မီကိရသေ့ကြီး မတိုင်မီကတည်းက တည်ရှိပြီး ဖြစ်သည်ဟု အချို့ပညာရှင်တို့က ဆိုလေသည်။ ရာမဇာတ်လမ်းသည် ရှေးပဝေဏီကပင် ရှိခဲ့သော်လည်း ဝမ္မီကိရသေ့ကြီး လက်ထက်ရောက်မှသာ ရသေ့ကြီးက ကဗျာအဖွဲ့အနွဲ့ဖြင့် မွမ်းမံတန်ဆာဆင်ကာ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုလေသည်။ မည်သို့ဆိုစေ ရာမာယဏသည် လင်္ကာတစ်စောင်တစ်ဖွဲ့အနေဖြင့် တည်ရှိခဲ့သည်မှာ အနည်းဆုံး နှစ်ပေါင်း ၂,ဝဝဝ မျှ ကြာမြင့်ပြီဟု ခန့်မှန်းရလေသည်။ မဟာဘာရတနနှင့် စာပြန်လျှင်လည်း မဟာဘာရတ လင်္ကာအဖွဲ့ အနွဲ့တစ်ရပ်အဖြစ်သို့ မရောက်မီ ကာလကပင် ရာမာယဏ၏ မူရင်းတည်ရှိပြီးဖြစ်သည်ဟု မှတ်ယူကြလေသည်။ ထိုသို့ မှတ်ယူကြရာတွင် ထင်ရှားသည့် အကြောင်းခံတစ်ရပ်မှာ မဟာဘာရတ၏ ပုံပြင်များကို ရာမာယဏတွင် မတွေ့ရဘဲ၊ ရာမ၏အကြောင်းအရာအချို့ကို မဟာဘာရတ၌ တွေ့ရခြင်း ဖြစ်ပေသည်။

ရာမဇာတ်ကို မြန်မာတို့ အများအပြားပင် သိရှိကြပြီး ဖြစ်သော်လည်း နှိုင်းရှည့်လေ့လာနိုင်ရန် သက္ကတကဗျာ(မူ)လာ အကြောင်းအရာကို တတ်နိုင်သမျှ အကျဉ်းချုံးကာ ဖော်ပြပေအံ့။

ဇာတ်လမ်းအကျဉ်း[ပြင်​ဆင်​ရန်​]

အယုဒ္ဓယပြည် ဒသရထမင်းကြီး၌ ကောသလ္လာ၊ ကေကေယီနှင့် သုမိတ္တာဟူ၍ မိဖုရားသုံးပါးရှိသည်တွင် ကောသလ္လာမှ ရာမ၊ ကေကေယီမှ ဘရတနှင့် သုမိတ္တာမှ လက္ခဏ နှင့် သတ္တုဃနဟူ၍ မင်းသားလေးပါး ဖွားမြင်လေသည်။ မင်းကြီးသည် သားတော်ကြီးရာမမင်းသားအား အမြတ်နိုးဆုံးဖြစ်၍ လက္ခဏမင်းသားကလည်း နောင်တော်ရာမမင်းသားကိုပင် အတွယ်တာဆုံး ဖြစ်လေသည်။ သားတော်များ အရွယ်ရောက်လျှင် ဝိဿမိတ္တရသေ့ကြီးသည် ရာမနှင့် လက္ခဏတို့အား ဝိဒေဟတိုင်း ဇနကမင်းကြီးထံ ခေါ်သွားရာ ဇနကမင်းကြီးသည် သမီးတော် သီတာမင်းသမီးအဖို့ ကြင်ယာရွေးရန် လေးတင်ပွဲ ကျင်းပနေခိုက် ဖြစ်လေသည်။ လေးတင်ပွဲဝယ် ရာမမင်းသား အနိုင်ရပြီးနောက် သီတာမင်းသမီးကို ရရှိ၍ ပြည်တော်ပြန် လာကာ ပျော်ရွှင်စွာ ပေါင်းသင်းနေထိုင်ကြလေသည်။

ဒသရထဘုရင်ကြီးသည် ဇရာဒုဗ္ဗလအရွယ်သို့ ရောက်လာပြီ ဖြစ်သည်နှင့် တစ်နေ့တွင် သားတော်ရာမမင်းသားအား ထီးမွေနန်းမွေခံအဖြစ် ကျေညာရန် စီစဉ်လေသည်။ သို့သော် ကေကေယီ မိဖုရားသည် မိမိ၏သားတော် ဘရတသာလျှင် မင်းဖြစ်သည်ကို မြင်လိုသောကြောင့် တစ်ရံခါက မိမိအား ဒသရထမင်းကြီး ပေးအပ်ထားသည့် ဆုနှစ်ရပ်ကို တောင်းခံလေသည်။ ထိုနှစ်ဆုမှ ဘရတမင်းသားကို အရိုက်အရာဆက်ခံ စေရန်နှင့် ရာမမင်းသားကို ပြည်တော်မှ ၁၄ နှစ်ကြာ နှင်ထုတ် ရန်တို့ ဖြစ်လေသည်။ အခြားဆုများ တောင်းခံရန် ဘုရင်ကြီးက အမျိုးမျိုး ပန်ကြားသော်လည်း မရသဖြင့် ရာမမင်းသားအားခေါ်၍ အကျိုးအကြောင်း ပြောပြရာ ရာမမင်းသားသည် သားတော် အလိမ်မာဖြစ်သည်အားလျော်စွာ မိမိ၏သဘောအလျောက် ကြင်ယာတော် သီတာမင်းသမီး၊ ညီတော် လက္ခဏာတို့နှင့်အတူ ဒဏ္ဍကတောသို့ အေးချမ်းစွာပင် ထွက်ခွာသွားလေသည်။ ခမည်းတော်မင်းကြီးလည်း စိတ္တဇဖြင့် နတ်ရွာစံလေသည်။ ဘရတမင်းသားသည်လည်း မိမိ၏နောင်တော်ကို ကျော်လွန်၍ ဘုရင်မလုပ်လိုသောကြောင့် နောင်တော်အား လိုက်ရှာရာ၊ ဒဏ္ဍတောတွင် တွေ့ရှိ၍ နေပြည်တော်သို့ ပြန်လည် လိုက်ပါရန် ခေါ်ဆောင်လေသည်။ ရာမမင်းသားလည်း ညီတော်ဘရတ၏ သဘောထားကြီးမားပုံကို သိရှိရသော်လည်း မိမိ၏ကတိအတိုင်း ခမည်းတော်၏ ဩဇာကို နာခံလိုသောကြောင့် နေပြည်တော်သို့ ပြန်မလိုက်ဘဲ ခြေနင်းကိုသာ ပေးအပ်လိုက်လေသည်။ ဘရတမင်းသားလည်း ရွှေခြေနင်းကို ယူကာ ရာဇပလ္လင်ထက်တွင် တင်၍ နောင်တော်၏ ကိုယ်စားတိုင်းပြည်ကို အုပ်ချုပ်လေသည်။

ဒဏ္ဍက တောတွင်းဝယ် ရာမမင်းသည် ကြင်ယာတော်၊ ညီတော်တို့နှင့်အတူ နေထိုင်စဉ် ဘီလူးတို့၏ဘေးမှ ကြောက်လန့်နေကြသူတို့ ခိုဝင်လာကြရာ ရာမမင်းသည် ဘီလူးတို့၏ ရန်ကို တွန်းလှန်ရလေသည်။ သုပ္ပနခါ ဘီလူးမသည် ရာမမင်းကို မြင်လျှင် တပ်မက်ကြောင်း ထုတ်ဖော်သော်လည်း ရာမမင်းသားက လက်မခံသဖြင့် စိတ်နာ၍ မောင်တော်ခရဘီလူးကိုခေါ်၍ စစ်သည်တို့ဖြင့် တိုက်ခိုက်လေသည်။သို့သော် ခရဘီလူးနှင့်တကွ စစ်သည်တော်တို့သည် ရာမမင်းသား၏ လက်ချက် ဖြင့် ပျက်စီးကြသည်ရှိသော် သုပ္ပနခါဘီလူးမသည် သီဟိုဠ်ကျွန်းသို့ကူး၍ မောင်တော်ဘီလူးမင်း ရာဝဏ (ဒသဂီရိ)ထံ တိုင်တန်းလေသည်။ ရာဝဏဘီလူးမင်းလည်း အမျက်ကြီးစွာဖြင့် ဂလဲ့စားစေချေရန် လိုက်လာပြီးနောက် မိမိ၏ နောက်ပါတစ်ဦးအား ရွှေသမင်အဖြစ် ဖန်ဆင်းကာ သီတာမင်းသမီးအား မြှူစေလေသည်။ မင်းသမီးလည်း ရွှေသမင်ကို လိုချင်၍ မောင်တော်အား ပူဆာရာ ရာမမင်းသားသည် ညီတော်နှင့်အတူ သမင်ဖမ်း ထွက်ရလေသည်။ ထိုအခိုက် ရာဝဏသည် ရသေ့ယောင်ဆောင်၍ သီတာအား ရထားပျံပေါ်တင်ကာ ကောင်းကင်ခရီးဖြင့် ခိုးပြေးလေသည်။ သီဟိုဠ်သို့ ရောက်လျှင် ရာဝဏသည် သီတာ၏ မေတ္တာကို တောင်းခံသော်လည်း မရသဖြင့် အကျဉ်းချထားလေသည်။ ရာမမင်းသား ညီနောင်တို့လည်း ရွှေသမင်ကို လိုက်၍မရဘဲ ပြန်လာသည်တွင် သီတာမင်းသမီးအား မမြင်သဖြင့် မင်းသမီးအား အရှာထွက်ပြန်လေသည်။ လမ်းတွင် ခေါင်းပြတ်ဘီလူးတစ်ကောင်နှင့် တွေ့ရှိလေရာ သုဂ္ဂီဝ(သုဂြိတ်) မည်သော မျောက်မင်းနှင့် မိတ်ဖွဲ့၍ ရှာရန် ထိုဘီလူးက အကြံပေးလေသည်။

ရာမသည် သုဂ္ဂီဝနှင့် တွေ့သောအခါ သုဂ္ဂီဝက မိမိမှာ ကြင်ယာနှင့်တကွ ထီးနန်းကိုပါ ညီဖြစ်သူဗာလီ၏ လုယက်ခြင်း ခံရကြောင်း ပြောပြကာ မဟာမိတ်ဖွဲ့လေသည်။ ထို့နောက် ရာမသည် ဗာလီအား တိုက်ခိုက်ပြီးသော် သုဂ္ဂီဝအား နန်းပြန် အပ်လေသည်။ သုဂ္ဂီဝတွင်ရှိသော မျောက်အမတ်များအနက် ဉာဏ်အရှိဆုံးနှင့် စိတ်အချရဆုံးသောသူကား ဟနုမာပေတည်း။ ထို့ကြောင့် သီတာမင်းသမီးကို ရှာဖွေရာ၌ ဟနုမာအား ရာမမင်းသားက လွှဲအပ်လေသည်။ ဟနုမာလည်း သီတာမင်းသမီး ရှိရာ အရပ်ကို သတင်းရရှိသဖြင့် မျောက်ဗိုလ်ပါတို့နှင့်အတူ လင်္ကာကျွန်းသို့ကူးရန် ကြိုးစားလေတော့သည်။

ဟနုမာသည် မဟိန္ဒတောင်သို့ တက်၍ ဝေဟင်ခရီးဖြင့် လေးရက်တိုင်တိုင် ခက်ခက်ခဲခဲ ကူးခဲ့သည့် နောက်တွင် လင်္ကာကျွန်းသို့ ရောက်ရှိလေသည်။ ထို့နောက် မြို့တော်ကို အကဲခတ် ပြီးလျှင် မိမိ၏အရွယ်ပမာဏကို သေးငယ်အောင် ဖန်ဆင်းကာ မြို့တော်တွင်းသို့ ဝင်လေသည်။ ရာဝဏ၏နန်းတော်၊ ရထားပျံ၊ မောင်းမမိဿံတို့၏ အဆောင်များ စသည်တို့သို့ တိတ်တဆိတ် လှည့်လည်စုံစမ်းပြီးနောက် သီတာမင်းသမီးအား တောအုပ်တစ်ခုအတွင်းဝယ် တွေ့ရှိလေသည်။ မင်းသမီးအား အကျိုးအကြောင်းပြောပြပြီးသော် ဟနုမာသည် ရာမရှိရာသို့ ပြန်လာကာ သီတာမင်းသမီးအား တွေ့ရှိရပြီ ဖြစ်ကြောင်းကို လျှောက် ထား၍ သီတာမင်းသမီး၏ စကားလက်ဆောင်ကို ပါးလေသည်။

ရာမလည်း သီတာမင်းသမီးအားပြန်လည်ရယူရန် ကြိုးစားလေတော့သည်။ သုဂ္ဂီဝက လင်္ကာကျွန်းသို့ တံတားသွယ်ပေးလျှင်ပင် မျောက်စစ်တပ်ကြီး ချီတက်လာလေသည်။ ထိုအခါ ရာဝဏ၏ ညီတော်ဗီဘီသနက သီတာအား ရာမမင်း၏လက်သို့ ပြန်လည်အပ်နှင်းရန် အကြံပေးလေသည်။ သို့သော်လည်း ရာဝဏက မလိုက်နာရုံမက စော်ကားမှုပြုသည်ရှိသော် ဗိဘီသနသည် ရာမင်းမင်းဘက်သို့ ခိုဝင်လေသည်။ ထို့နောက် စစ်ပွဲကြီးများ ဖြစ်ပွားလေတော့သည်။ ရာဝဏ၏သားတော်သည် လက္ခဏ၏လက်ချက်ဖြင့်၎င်း၊ ရာဝဏကိုယ်တိုင်မှာမူ ရာမမင်း၏ လက်ချက်ဖြင့်၎င်း အသက်ဆုံးရှုံးပြီးနောက် ရာမမင်းအဖို့ အောင်ပွဲရရှိလေသည်။ သို့သော် ရာမမင်းသည် သီတာမိဖုရားအား သင်္ကာမကင်းဖြစ်၍ ကြင်ယာတော်အဖြစ် ပြန်လည်သိမ်းပိုက်ခြင်း မပြုသဖြင့် မီးပုံအတွင်း ခုန်ဆင်းလေသည်။

ထိုအခါ မီးလောင်ခြင်းမရှိသဖြင့် သီတာမိဖုရား၏ သစ္စာဖြူစင်ပုံကို သိရှိကာ၊ ရာမမင်းသည် ကြင်ယာတော်အဖြစ် သိမ်းပိုက်၍ အယုဒ္ဓယပြည်ဝယ် တရားနှင့်လျော်စွာ မင်းပြုလေသည်။ သို့သော် ဤမျှနှင့် ဇာတ်လမ်းမဆုံးသေး။ သီတာမင်းသမီးအား ပြန်လည်ဆောင်ယူခြင်းကို တိုင်းသူပြည်သားတို့က မကျေ မနပ်ဖြစ်ကြလေသည်။ ဤသို့ ပြန်လည်ဆောင်ယူခြင်းသည် တိုင်းသူပြည်သားတို့အဖို့ ဆိုးရွားသော နမူနာတစ်ရပ် ဖြစ်သည် ဟု ယူဆကြလေသည်။ ထိုအခါ ရာမမင်းလည်း မလွှဲမရှောင် သာသဖြင့် သီတာမိဖုရားအားခေါ်ဆောင်၍ စွန့်ပစ်ရန် လက္ခဏ အား အမိန့်ထုတ်လေသည်။ လက္ခဏလည်း မရီးတော်အား ဂင်္ဂါမြစ်ကမ်းသို့ ခေါ်ဆောင်ကာ အကျိုးအကြောင်းပြောပြ လေသည်။ ထိုအခါ သီတာမိဖုရားလည်း မိမိတစ်ဦးတည်းပင် ဝမ္မီကိရသေ့၏ ကျောင်းသင်္ခမ်းသို့ သွားရောက်လျှင် ရသေ့ကြီး သည် သီတာမိဖုရားအား မိန်းမဖော်များနှင့် လွှဲအပ်ထားလေ သည်။ မကြာမီ သီတာမိဖုရားတွင် ကုသနှင့် လဝအမည်ရှိသော သားတော်နှစ်ပါး ထွန်းကားလေသည်။ သားတော်များသည် အရွယ်ရောက်၍ ရသေ့ကြီး၏ တပည့်များ ဖြစ်လာကြပြီးနောက် ရသေ့ကြီးနှင့်အတူ ရာမမင်း၏ မြင်းယဇ်ပွဲသို့ လိုက်ပါသွားကြ လေသည်။ မိမိစီကုံးသည့် ရာမာယဏလင်္ကာကို ရသေ့ကြီးက ထိုညီနောင်နှစ်ပါးအား သီဆိုစေရာ၊ ကြားရသူတို့မှာ နှစ်သက် ကြည်နူးကြရလေသည်။ ရာမမင်း သိလျှင် သီတာမိဖုရားအား ခေါ်ဆောင်စေ၍ ကျမ်းသစ္စာကျိန်ခိုင်းလေသည်။ ရသေ့ကြီးက သီတာမင်းသမီး၌ အပြစ်လုံးဝကင်းစင်၍ ကုသလနှင့် လဝ တို့မှာ ရာမမင်း၏ သားတော်အစစ်အမှန် ဖြစ်ကြောင်း ပြောဆို လေသည်။ ရာမမင်းလည်း ရသေ့ကြီး၏စကားများကို ယုံကြည် သော်လည်း သီတာအား ကျမ်းကျိန်ခိုင်း၍သာ နေလေသည်။ ထိုအခါ သီတာမိဖုရားက မိမိသည် တစ်ပါးသောယောကျာ်းနှင့် ဖောက်ပြန်ရန် စိတ်နှင့်ပင် မပြစ်မှားမိကြောင်း၊ ထိုစကားမှန် ပါက မိမိအား မြေနတ်မယ်သည် ယူဆောင်ပါစေသတည်းဟု အဓိဋ္ဌာန်ပြုလျှင်ပင် မြေနတ်သည် ထွက်ပေါ်လာကာ သီတာ မိဖုရားအား ပွေ့ယူကွယ်ပျောက် လေတော့သည်။ ထိုအခါကျမှ ရာမမင်းလည်း နောင်တရကာ သီတာမိဖုရားအား ပြန်လည် တောင်းယူသော်လည်း ဗြဟ္မာမင်းက နတ်ပြည်တွင် ပေါင်းရမည် ဖြစ်ကြောင်း ပြောပြလေသည်။ ရာမမင်းလည်း မကြာမီ တိုင်းပြည်အား သားတော်များအား လွှဲအပ်ကာ နတ်ရွာ စံလွန် လျှင် ဗိဿဏိုးနတ် ဖြစ်လာပြန်တော့သည်။

ပါဠိပိဋကတ်တော်လာ ဇာတကကျမ်း[ပြင်​ဆင်​ရန်​]

ဗုဒ္ဓအယူဝါဒီတို့၏ ပါဠိပိဋကတ်တော်လာ ဇာတကကျမ်း တွင်လည်း ဒသရထဇာတ်ဟူ၍ ရှိရာ ထိုဇာတ်ကား ရာမမင်း အား အလောင်းတော်အဖြစ် ပြဆိုထားပေသည်။ ဒသရထမင်းကြီး နတ်ရွာစံသောအခါ နောင်တော်ရာမမင်းသားက ညီတော်များ အား နှစ်သိမ့်သည့်စကားများကို ဂါထာ ၁၂ ပိုဒ်ဖြင့် ဖော်ပြ ထားပေရာ၊ ထိုဂါထာ ၁၂ ပိုဒ်အနက် တစ်ပိုဒ်မှာ သက္ကတ ရာမာယဏ လင်္ကာကြီးတွင် ပါဝင်သည်ကို တွေ့ရပေသည်။ သို့သော် ဂါထာ ၁၂ ပိုဒ်အနက် တစ်ပိုဒ်သာလျှင် တူညီသည် ကို ထောက်သော် ရာမမင်းသားမိန့်ဆိုသော ပါဠိဇာတကလာ ဂါထာများသည် ရာမာယဏလင်္ကာကြီးကို မှီးသည်မဟုတ်ဘဲ၊ ရာမမင်း၏ အကြောင်းအရာကို ဖော်ပြသည့် ရှေးဟောင်းပုံပြင် တစ်ရပ်ရပ်ကို မှီးသည်ဟူ၍သာ ဆိုနိုင်ဖွယ်ရှိပေသည်။ (ပါဠိ ရာမဇာတ်တော်၌ကား ရာဝဏအကြောင်း ပါဝင်ခြင်းမရှိပေ။) ရာမာယဏ လင်္ကာကြီးကို ကြည့်ပြန်လျှင်လည်း ဗုဒ္ဓအယူဝါဒ စိုးစဉ်းမျှမတွေ့ရ။ ရာမာယဏလာ မာတြာမှာ ပါဠိဂါထာများ တိုးတက်လာပြီးသည့်နောက်မှ ပေါ်ပေါက်လာဟန် ရှိသည်ဟူ၍ ပညာရှင်အချို့က ဆိုလေသည်။ ဤအချက်ကို ထောက်ပြန်သော် ရာမာယဏ၏ မူရင်းအဖွဲ့အနွဲ့သည် ဗုဒ္ဓအယူဝါဒ ထွန်းကားလာ ပြီးမှသာလျှင် ပေါ်ပေါက်ရမည်ဟု ဆိုနိုင်ပြန်လေသည်။

ရာမာယဏသည် အာရှအရှေ့တောင်ပိုင်း နိုင်ငံများတွင် လူသိများသော ဇာတ်လမ်း ဖြစ်ပေသည်။ အင်ဒိုနီးရှား၊ ကမ္ဗော ဒီးယား၊ ယိုးဒယား၊ မြန်မာ စသော နိုင်ငံများ၏ သဘင်ပညာ ဖြင့် ရာမဇာတ်လမ်းကို သရုပ်ဖော် ကပြကြသည်မှာ အထူး လူကြိုက်များသည်ကို အကျယ်ဖွင့်ဆိုရန် လိုအံ့မထင်ပေ။ ထို နိုင်ငံများတွင် ကပြကြသော ရာမဇာတ်လမ်းမှာ အသေးစိတ် အကြောင်းအရာများတွင် တစ်မူနှင့်တစ်မူ အနည်းငယ် ကွဲလွဲ မှုများ ရှိတန်ရာသော်လည်း ခြုံ၍ဆိုရသော် တစ်သဘော တည်းပင် ဖြစ်ပေမည်။ မြန်မာတို့၏ ရာမဇာတ်လမ်းသည် အိန္ဒိယမှ တိုက်ရိုက်ရောက်ရှိဟန် မတူ၊ ယိုးဒယားမှတစ်ဆင့် ရောက်ရှိဟန်တူလေသည်။ တောင်ငူခေတ် ဘုရင့်နောင် လက်ထက်တွင် ယိုးဒယားပြည်အလုံးကို သိမ်းရုံးအောင်မြင် တော်မူ၍ ယိုးဒယားမှ လက်မှုနှင့် အနုပညာသည်များကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်လာလေရာ ထိုအနုပညာသည်တို့တွင် ရာမဇာတ်ကို ကပြတတ်သည့် သဘင်ပညာသည်တို့ ပါဝင်ကြ မည်ဟု ခန့်မှန်းရပေသည်။ သို့သော် ရာမဇာတ်ကို မြန်မာ နိုင်ငံ၌ ပို၍ လူသိများသည်ကား ကုန်းဘောင်ခေတ် ဘိုးတော် ဘုရားလက်ထက်တွင်ဟု ယူဆနိုင်ဖွယ်ရှိပေသည်။ မြဝတီမင်းကြီး က ယိုးဒယားသီချင်းသွားများကို ယူကာ မြန်မာမှု ပြုရာတွင် ရာမမင်း၏ ဇာတ်လမ်းမှ ဇာတ်ကြောင်းအချို့ကိုပါ ဖွဲ့ဆိုခဲ့လေ သည်။ ဦးတိုးကမူ ရကန်သွားဖြင့်ပင် ဖွဲ့ဆိုလေရာ ဦးတိုး၏ ရာမရကန်ဟူ၍ ယနေ့တိုင် ကျော်ကြားလျက်ရှိပေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)