မြင်းဝန်

ဝီကီပီးဒီးယား မှ

မြင်းဝန်[ပြင်ဆင်ရန်]

မြင်းဝန်ရာထူးသည် မြန်မာမြင်းတပ်ကို အုပ်ချုပ်ကွပ်ကဲရသူဖြစ်သည် ။ မြင်းဝန်ရာထူးကို မြန်မာ့သမိုင်းတွင် ညောင်ရမ်းခေတ်နှောင်းကာ မဟာဓမ္မရာဇာဓိပတိမင်း (၁၇၃၃ - ၁၇၅၂ ) လက်ထက်၌ စတင်တွေ့ရှိရသည် ။ မြန်မာမင်းများလက်ထက်တစ်လျှောက် မြင်းဝန်အဆက်ဆက် အမှုထမ်းခဲ့ကြရာ ကုန်းဘောင်ခေတ်နှောင်းကာလတွင် မြင်းတပ်ဖွဲ့စည်းပုံကို တိုးချဲ့လိုက်သောအခါ မြင်းဝန်၏ အခန်းကဏ္ဍက ပိုမိုအရေးပါလာခဲ့၏ ။

မြင်းဝန် နန္ဒယော်ဓာ[ပြင်ဆင်ရန်]

မြင်းဝန်နန္ဒယော်ဓာသည် တနင်္ဂနွေမင်း(၁၇၁၄ - ၁၇၃၃ ) လက်ထက်က တပရင်းမြို့ မဲအိုရွာစား၊ မြေနန်းသွေးသောက်ကြီး၊ နာခံတော်စမြောင်းမှူး၊ ပြောကြီးမှူး စသည့်ရာထူးများရရှိခဲ၏ ။ မဟာဓမ္မရာဇာဓိပတိ ( ၁၇၃၃ - ၁၇၅၂ ) လက်ထက်တွင် မုဆိုးဘိုရွာစား နန္ဒယော်ဓာဘွဲ့ခံ ဝန်ထောက်၊ ကာမမြို့စား မြင်းဝန်ရာထူးများ ရရှိခဲ့ခြင်းဖြစ်သည် ။

ကုန်ဘောင်ခေတ်ဦးကာလ[ပြင်ဆင်ရန်]

ကုန်ဘောင်ခေတ်ဦးကာလ မြင်းဝန်တစ်ဦးမှာ မဟာနော်ရထာဖြစ်သည် ။ သူသည် မြေဒူးမင်းလက်ထက် ၁၇၆၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် လေးဆယ်တော်အဖွဲ့၌ ပါဝင်ခဲ့သူဖြစ်သည် ။ သို့သော် ၅ စက်တင်ဘာ ၁၇၆၉ ခုနှစ်တွင် စန္ဒပူရ ( လင်းဇင်း)မှ သမီးကညာဆက်သစဉ် ယင်းအခမ်းအနားသို့ တက်ရောက်သူများထဲတွင် မြင်းဝန်နေမျိုးသနာပတိ တက်ရောက်ခဲ့ကြောင်းတွေ့ရှိရ၏ ။ မြင်းဝန်ရာထူးအပြာင်းအလဲ ဖြစ်ခဲ့ခြင်းဖြစ်သည် ။

မြင်းဝန် ဦးလှကြီး[ပြင်ဆင်ရန်]

မြေဒူးမင်းလက်ထက်နှောင်းပိုင်းကာလတွင် မြင်းဝန်အဖြစ်ခန့်အပ်ခံ⁠ခံရသူမှာ ဦးလှကြီးဖြစ်သည် ။ မြင်းဝန်ဦးလှကြီးသည် မြေဒူးမင်း၏ နောက်ဆုံးနေ့များတွင်အပါး၌ အနီးကပ်ခစားနေရသူဖြစ်သည် ။ မကွေးမြို့စားနှင့် မှူးမတ် ၁၀ ဦးတို့က မိန်မောနေသည့် မြေဒူးမင်းအား ရေနန်းတော်သလွန်ထက်မှ မှန်နန်းဆောင်သို့ပွေ့ယူခေါ်ဆောင်ရာတွင် မြင်းဝန်ဦးလှကြီးပါဝင်ခဲ့ပါ်သည် ။ မြေဒူးမင်းသည် မြင်းဝန်ဦးလှကြီး၏ ရှေ့မှောက်၌ပင် နတ်ရွာစံလွန်ခဲ့ခြင်းဖြစ်၏ ။ ဦးလှကြီး၏ ဘွဲ့အမည်မှာ နေမျိုးသေနာပတိ ဖြစ်ဟန်ရှိသည် ။ သူ့အားနေမျိုးသီဟပတေ့က ဆက်ခံခဲ့သည် ။

မြင်းဝန်ဦးတုတ်ကြီး[ပြင်ဆင်ရန်]

၁၇⁠၇၆ ခုနှစ်တွင် စဉ့်ကူမင်းနန်းတက်လာပြီးနောက် စန္ဒပူရီသို့ ရောက်ရှိနေသော မြင်းဝန်နေမျိုးသီဟပတေ့ကို နေပြည်တော်သို့ ပြန်လည်ခေါ်ယူခဲ့သည် ။ ဦးတုတ်ကြိးကို မြင်းဝန် ၊ မြင်းစုကြီးအရာအပြင် ဝန်ကြီးရာထူးပါခန့်အပ်ခဲ့ရာ မြင်းဝန်မင်းကြီး ၊ မြင်းစုဝန်ကြီး စသည်ဖြင့် အမည်တွင်ခဲ့လေသည် ။

ဗဒုံမင်းလက်ထက်[ပြင်ဆင်ရန်]

ဗဒုံမင်း ( ဘိုးတော်ဘုရား ) ( ၁၇၈၂ - ၁၈၁၉ ) လက်ထက်အစောပိုင်းကာလတွင် မြင်းဝန်ရာထူးကို မင်းကြီးမဟာမင်းခေါင်ဘွဲ့ခံ ဦးမြတ်ထင်အားခန့်အပ်ခဲ့သည် ။ ၁ ဧပြီ ၁၇၈၈ ခုနှစ်တွင် မင်းကြီးမဟာမင်းခေါင်ဘွဲ့ခံဦးမြတ်ထင်အား ရန်ကုန်မြို့တွင် လုံခြုံရေးယူရန်စေလွှတ်ခဲ့၏ ။ ၁၈၁၂ ခုနှစ်တွင် ဦးမြတ်ထင်ကို မြင်းစုကြီးဝန်အရာ တိုးမြှင့်ခန့်အပ်ခဲ့သည် ။ ဗဒုံမင်းလက်ထက်နှောင်းပိုင်းကာလတွင်မှု မြင်းဝန်အဖြစ် ဦးနွအား ခန့်အပ်ခဲ့ကြောင်း သိရှိခဲ့ရသည် ။

မြင်းဝန်ရာထူးအပြောင်းအလဲ[ပြင်ဆင်ရန်]

သာယာဝတီမင်းနန်းတက်စကာလတွင် မဟာမင်းကျော်တန်ဘောင်အား မြင်းဝန်အရာခန့်အပ်ခဲ့၏။ သို့သော် မြင်းဝန်မဟာမင်းကျော်တန်ဘောင်မှာ လအနည်းငယ်အတွင်၌ပင် ကွယ်လွန်ခဲ့သည် ။ ၂၀ ဇွန် ၁၈၃၇ ခုနှစ်တွင် သူနေထိုင်ရာသခွတ်တောကျေးရွာ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည် ။ မဟာမင်းကျော်တန်ဘောင်သည် မြင်းဝန်အဖြစ် သာမက ရတနာသိင်္ဃမြို့ဝန်အဖြစ်လည်း အမှုထမ်းခဲ့ပါသေးသည် ။

မင်းတုန်မင်းလက်ထက်[ပြင်ဆင်ရန်]

မင်းတုန်မင်းလက်ထက် ၁၈၆၀ ပြည့်နှစ်က မြင်းဝန်အဖြစ် မကွေးမြို့စား မြင်းဝန်မင်းကြီးသတိုးမင်းကြီးမဟာမင်းလှသီဟသူ အမည်ကိုတွေ့ ရှိရာ မင်းကြီးဦးကြာဥမှာ မြင်းဝန်ရာထူးဖြင့် အမှုထမ်းခဲ့ဖူးကြောင်းသိရှိရသည် ။ ၁၈၆၇ ခုနှစ် အောက်တိုဘာလတွင် ကာနယ်ဖိုက်၏ သံအဖွဲ့လာရောက်စဉ် မြင်းဝန်အဖြစ်အမှုထမ်းနေသူမှာ သတိုမင်းကြီးမဟာမင်းကျော်မင်းခေါင်ဘွဲ့ခံ ရေနံချောင်းမြို့စား မိုးနဲဗိုလ်မှူးဦးရွှေစိုးဖြစ်ကြောင်း တွေ့ရှိရသည် ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉