မဲလ်ဘုန်းမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မဲလ်ဘုန်းမြို့မြင်ကွင်း

မဲလ်ဘုန်းမြို့သည် ဩစတေးလျနိုင်ငံ ဗစ်တိုးရီးယား ပြည်နယ်၏ မြို့တော် နှင့် လူဦးရေ အများဆုံးမြို့ဖြစ်ပြီး ဩစတေးလျနိုင်ငံတွင်လည်း ဒုတိယမြောက် လူဦးရေအများဆုံး မြို့ဖြစ်သည်။ ဗစ်တိုးရီးယား ပြည်နယ်၏ တောင်ဘက်၊ ဩစတြေးလျတိုက်၏ အရှေ့တောင်ဘက်ရှိ ယာရာယာရာမြစ်၏ မြစ်ဝ၊ ပို့ဖိလစ် ပင်လယ်အော်၏ ကမ်းခြေပေါ်တွင် တည်ရှိလျက် အကျယ်အဝန်းအားဖြင့် ၇၁၄ စတုရန်းမိုင် ရှိ၏။ ပို့ဖိလစ် ပင်လယ်အော်သည် ပုံသဏ္ဌာန် အားဖြင့် အချိုးအစားကျ၏။ ကမ်းရိုးသည် တစ်ဖက်တွင် ၃၁ မိုင် ရှည်လျား၍ တစ်ဖက်တွင် မိုင် ၂ဝ ရှိ၏။ သို့ရာတွင် မဲလဗုန်းကမ်းခြေသည် ဆစ်ဒနီကမ်းခြေကဲ့သို့ သဘာဝ ရှုခင်းသာယာလှပခြင်း မရှိချေ။ ဆစ်ဒနီဆိပ်ကမ်းကဲ့သို့ သဘာဝအားဖြင့် ကောင်းမွန်သော ဆိပ်ကမ်း မဟုတ်ဘဲ ပြုပြင်ထားရသော ဆိပ်ကမ်းဖြစ်၏။ ယခုအခါတွင် မဲလ်ဘုန်းဆိပ်ကမ်းသည် ပေ ၆၂, ဝဝဝ မျှရှည်လျားကျယ်ပြန့်ကာ သင်္ဘောအဝင် အထွက်များရှိ၍ သင်္ဘောများစွာ ဆိုက်ကပ် နိုင်သည်။ ပင်လယ်ရပ်ခြားသို့ လည်းကောင်း၊ ပြည်နယ် အချင်းချင်းသို့ လည်းကောင်း ကုန်ပစ္စည်းများတင်ဆောင်ပို့ချခြင်းကို မဲလ်ဘုန်းဆိပ်ကမ်းတွင် အများဆုံး ပြုလုပ်သောကြောင့် မဲလ်ဘုန်း ဆိပ်ကမ်းသည် ဩစတြေးလျတိုက်၏ အဓိကဆိပ်ကမ်း ဖြစ်၏။

မဲလ်ဘုန်းမြို့သည် လွန်ခဲ့သည့် နှစ် ၁ဝဝ ကျော်ကမှသာ တည်ထောင်သော မြို့ဖြစ်ရကား အလွန်ခေတ်မှီပေသည်။ လမ်းများကို မြို့တည်စကတည်းက စံနစ်တကျ အကွက်ကျကျဖြစ်အောင် စီမံထားလေသည်။ လမ်းများသည် ၉၉ ပေ ကျယ်လျက် ကိုက် ၂၂ဝခြားလျှင် တစ်လမ်းချိုးသည်။ မြို့တွင်းရှိ လမ်းများမှာ စတုဂံကွက်များ ဖြစ်၏။

လမ်းအမည်များ ပေးရာ၌ မြို့တည်ရေးတွင် ထင်ရှားသော ပုဂ္ဂိုလ်များ၏ အမည်များကို အစွဲပြု၍ မှည့်ခေါ်ထား လေသည်။ လမ်းကျယ်များ ကြားတွင်လည်း ဆိုင်များ ရုံးများ ရှိသည့်လမ်းကျဉ်းများလည်း ရှိ၏။ တစ်ဖက်တစ်ချက်တွင် သစ်ပင်များ အစီအရီ ပေါက်လျက်ပ ပေ ၂ဝဝ မျှ ကျယ်သော လမ်းကြီးများလည်းရှိပေသည်။ မြို့ကြီးဖြစ်သည်နှင့် အညီ အစိုးရ ရုံးကြီးများ၊ ဆိုင်ကြီးများ၊ ကျောင်းများ၊ ဆေးရုံများ၊ ဘုရားရှိခိုး ကျောင်းများ၊ ပြတိုက်၊ စာကြည့်တိုက်၊ ဇာတ်ရုံ၊ ရုပ်ရှင်ရုံများ အစရှိသည့် ထပ်ဝါ ခန့်ညားသော တိုက်တာ အဆောက်အအုံများလည်း အမြောက်အမြားရှိသည်။

လက်ရှိ ရာစု နှစ်ဦးပိုင်းက မဲလ်ဘုန်းမြို့တွင် အဆောက်အအုံများကို ၁၃၂ ပေ အမြင့် အထိသာ ဆောက်လုပ်ရမည်ဟု ကန့်သတ်ချက် ထုတ်ပြန်ခဲ့သော်လည်း ၁၉၅ဝ ပြည့်နှစ်လယ် လောက်ကမူ ပေ ၂၃ဝ အမြင့်ရှိသော အစိုးရရုံးကို အရှေ့ဖက် မဲလ်ဘုန်းတွင်ဆောက်လုပ်ရန် စီမံ စိုင်းပြင်းပြီးလျှင် စိန်ကီလဒါ၌ ပေ ၂၅ဝ အမြင့် ဆောင်သော မိုးမျှော်တိုက် နှစ်ဆောင်တွဲကို ဆောက်လုပ်ခြင်းဖြစ်ဖြင့် ကန့်သတ်ချက်ကို ပြင်ဆင်လိုက်ပေသည်။ တိုက်တာ အဆောက် အအုံများ အပြင် မြို့တွင်ဝယ် ဥယျာဉ်ပန်းခြံ ကစားကွင်းများစွာလည်းရှိပေသည်။ မဲလ်ဘုန်းမြို့သည် ကမ္ဘာစစ်များ၏ ဒဏ်ကို မခံခဲ့ရချေ။

ဤသို့ ကြီးကျယ်ခမ်းနားသော မဲလ်ဘုန်းမြို့သည် စီးပွားရေးအားဖြင့်လည်း ဖွံ့ဖြိုး၍ စည်ကားပေ၏။ စက်မှုလက်မှုထွန်းကားသော မြို့ဖြစ်၏။ မဲလ်ဘုန်းမြို့၌ အထည်ကြီးစက်ပစ္စည်းများနှင့် လယ်ယာထွက်ပစ္စည်းများ ထုတ်လုပ်သည်။ စက်ပစ္စည်းတွင် မော်တော်ကား၊ လေယာဉ်ပျံ၊ မီးရထားပစ္စည်းများ၊ ဓာတ်အားပေးစက်ရုံ တန်ဆာ ပလာများ၊ သံမဏိထည်များ၊ လယ်ယာ စိုက်ပျိုးရေး ကိရိယာများ၊ မြေသယ်စက်၊ မြေတူးစက်၊ ဓာတ်ပစ္စည်း ကိရိယာများ အစရှိသည့် အထည်ကြီး စက်ပစ္စည်းများ ပါဝင်သည်။ ထို့ပြင် ဂျုံ၊ဂျုံမှုန့်၊ နို့ထွက်ပစ္စည်းများ၊ သစ်သီးသစ်နှံ၊ နွားမှ ရရှိသော ပစ္စည်းများ၊ သိုးမွေး၊ အထည်အလိပ်၊ စက္ကူ အစရှိသော ပစ္စည်းအမျိုးစုံလည်းထွက်သည်။

မဲလဗုန်းမြို့၏ မြို့လယ်မှာ စက်မှုလက်မှု လုပ်ငန်းအဝဝ စုဝေရာဌာနဖြစ်၍ ၈၅ ရာခိုင်နှုန်းသော လုပ်ငန်းများ၏ တည်ရာဌာနဖြစ်၏။ မဲလဗုန်းမှ စက်မှုလက်မှုပစ္စည်းတို့သည် ဗစ်တိုးရီးယားပြည်နယ်ထွက် ပစ္စည်းအနက် ၈၅ ရာခိုင်နှုန်းဖြစ်လျက်၊ ဩစတြေးလျတိုက်မှ စက်မှုလက်မှု ပစ္စည်းအနက် ၂၈ ရာခိုင်နှုန်း ဖြစ်ပေသည်။ မဲလ်ဘုန်းမြို့သည် သယ်ယူပို့ဆောင် ရေးတွင် အချက်အချာဌာနဖြစ်၏။မြို့၏ မြောက်ဘက်တွင် ကီလမိုတောင်ကြားသည် အရှေ့နှင့် အနောက် ကုန်းပြင်မြင့်များကို ခြားထား၍ ဝိတိုရိယ မြောက်ပိုင်းနှင့် နယူးဆောက်ဝေးပြည်နယ် များသို့ ပေါက်ရောက်သည့် မီးရထားလမ်းနှင့်မော်တော်ကားလမ်း များ၏ တည်ရာဖြစ်လေသည်။ ပြည်တွင်းပြည်ပကုန်ပစ္စည်း များကို မဲလဗုန်းဆိပ်ကမ်းမှ တင်ချပို့ဆောင်ရသဖြင့် အရေးပါသော မြို့ဖြစ်၏။

မဲလ်ဘုန်းမြို့ကို ၁၈၄၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ တည်ထောင်ရာ၌ ဩစတြေးလျတိုက်မှ အခြားမြို့ကြီးများကဲ့သို့အစိုးရက ကမကထပြု၍ တည်ထောင်ခြင်းကာ မဟုတ်ချေ။ တက်စမေးနီးယားကျွန်းတွင် ရောက်ရှိနေသူတို့သည် နွား စားကျက်များရှာဖွေရန်အတွက် ဗတ်စ ရေလက်ကြားကို ကူးသန်းကျော်ဖြတ်လာကာ မဲလ်ဘုန်းတည်ရှိရာသို့ ရောက်ရှိလာကြ၏။ ထိုသို့ ကူးသန်းလာသူများကို ခေါင်းဆောင်သူမှာ ဂျွန်ဗက်စမန်ဖြစ်၍ ယင်းတို့သည် ၁၈၃၅ ခုနှစ် မေလတွင် ဆိုက်ရောက်ကြ၏။ သူတို့သည် တိုင်းရင်းသားများ ထံမှ မြေဧက ၆ဝဝ,ဝဝဝ ကို စောင်များ၊ ရဲတင်း၊ ပုဆိန်၊ ဂျုံနှင့် အခြား ကုန်ပစ္စည်းများပေး၍ လဲလှယ်ခြင်းဖြင့် ဝယ်ယူလေသည်။ ဦးစွာ၌ အစိုးရ ဗက်စမန်တို့ လူစကို အစိုးရ အမိန့်မရဘဲ အစိုးရမြေကို ကျူးကျော်ကြောင်းစွပ်စွဲသော်လည်း နောင်သော် အသိအမှတ်ပြု၍ အခွင့်ပြုရလေ၏။ ထိုသို့ဖြင့် လူအများ တစ်ဖွဲဖွဲ ရောက်လာကြ ကာ အိမ်ယာ တည်ထောင်ခြင်းဖြင့် မဲလ်ဘုန်းမြို့ကြီးဖြစ်ပေါ်လာလေသည်။ မဲလဗုန်းဟူသော အမည်မှာ မြိ့တည်ထောင်စဉ်က ဗြိတိသျှ အစိုးရကို ခေါင်းဆောင်သည့် နန်းရင်းဝန်လော့ဒ်မဲလ်ဘုန်း ကိုဂုဏ်ပြု၍ မှည့်ခေါ်ထားခြင်းဖြစ်၏။ ရှေးဦးကာလကမူ မြို့သစ်ကို ဗက်တမေးနီးယားဟူ၍ လည်းကောင်း၊ ဂလဲနဲ့ဟူ၍ လည်းကောင်း၊တိုင်းရင်းသားတို့၏ အခေါ် ဗာရာရင်း၊ ဗဲရင်းကို မူတည်၍ ဗဲယားဟိ၊ ဗဲယားပို့၊ ဗဲယားဗရပ်ဟူ၍လည်းကောင်း ခေါ်ဝေါ်ခဲ့၏။

မဲလ်ဘုန်းတွင် နေထိုင်သော လူဦးရေမှာ ၁၉၅၈ ခုနှစ် သန်ကောင်စာရင်းအရ ၁,၇၂၆,၁ဝဝ ဖြစ်၏။ ယင်းသည် ဝိတိုရိယပြည်နယ်ရှိ လူဦးရေ၏ ရာခိုင်နှုန်း ၆ဝ ဖြစ်လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)