မေ့ဆေးထုံဆေး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော်လောက်က သွားနုတ်လိုလျှင် ဖြစ်စေ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုခုကို ခွဲစိတ်ကုသလိုလျှင်ဖြစ်စေ လူကို ခုတင်ပေါ်တွင် တင်၍ သားရေပတ်များဖြင့် မလှုပ်မရှားနိုင်အောင် ကျပ်တည်းစွာ စည်းထားပြီးမှ ခွဲစိတ်ကုသကြရ လေသည်။ ထိုအခါ မေ့ဆေးမပါဘဲ အစိမ်းသက်သက် ခွဲစိတ်ကုသရသဖြင့် လူနာမှာ သတိရလျက်ပင် နာကျင်ခြင်း ဝေဒနာကို မချိမဆန့် ခံစားရရှာသည်။ အချို့ လူနာများမှာ ရောဂါပျောက်ကင်းကြသော်လည်း များသေားအားဖြင့်ကား ခွဲစိတ်ကုသခြင်း၏ ဒဏ်ကိုမချိမဆန့် ခံစားယင်းပင် အသက်ဆုံးရှုံး ကြရလေသည်။ ဤသည်ကား မေ့ဆေးမပေါ်မီ ခေတ်က တွေ့ကြုံခံစားခဲ့ကြရသော ဒုက္ခများပင်တည်း။

မေ့ဆေးကို အင်္ဂလိပ်ဘာသာဖြင့် Anesthetic သို့မဟုတ် Anaesthetic ဟုခေါ်သည်။ မေ့ဆေးပေါ်လာသော ယခုခေတ်၌ကား ခွဲစိတ်ကုသရာ၌ လူများသည် နာကျင်းခြင်း ဝေဒနာကို အနည်းငယ်မျှ မခံစားရဘဲ ရာခိုင်နှုန်းပြည့် အသက်ချမ်းသာမှုရရှိကြလေသည်။ မေ့ဆေးကို ခွဲစိတ်ကုသရာ၌ အသုံပြုရန် ပထမဆုံး အကြံပေးခဲ့သူမှာ နာမည်ကျော်ဗြိသိသျှဓာတုဗေဒပညာရှင် ဆာဟမ်ဖရီဒေဗီအမည်ရှိ ပုဂ္ဂိုလ်ကြီးဖြစ်သည်။ ၁၈ဝဝ ပြည့်နှစ်တွင် ဆာဟမ်ဖရီဒေဗီက နိုက်ထရပ်အောက်ဆိုက်ခေါ် ရယ်ဒေတတ်သော ဓာတ်ငွေ့ ကို ခွဲစိတ်ကုသရာ၌ အသုံးပြုရန် အကြံပေးခဲ့သည်။ သို့သော် သူ၏အကြံပေးချက်ကိုမည်သူမျှ ဂရုမပြုခဲ့ကြချေ။ ၁၈၁၈ ခုနှစ်၌ တစ်ဖန် ဗြိတိသျှ သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ မိုက်ကယ် ဖားရဒေးက အီသာဓာတ်ငွေ့တွင် နိုက်ထရပ်အောက်ဆိုက် မှာကဲ့သို့ အလားတူ မေ့ဆေးဂုဏ်သတ္တိများရှိကြောင်း ပြသခဲ့ဘူးလေသည်။ သို့သော်လက်တွေ့အားဖြင့် အသုံးမပြု ခဲ့ပေ။

မေ့ဆေးကို ခွဲစိတ်ရာ၌ ပထမဆုံး လက်တွေ့အသုံးပြုခဲ့သူမှာ အမေရိကန်လူမျိုးထဲမှ ဖြစ်သည်။ ၁၈၄၂ ခုနှစ်တွင် အမေရိ ကန်ပြည်ထောင်စုနိုင်ငံ၊ ဂျောဂျီးယား ပြည်နယ်မှ ဒေါက်တာ စီ ဒဗျူ လောင်းအမည်ရှိ ဆရာဝန်တစ်ဦးသည် အီသာကို အသုံးပြု၍လူနာတစ်ဦး၏ အသားပိုကို အောင်မြင်စွာ ခွဲစိတ် ထုတ်နိုင်ခဲ့လေသည်။ သို့သော် ဒေါက်တာ လောင်းသည် သူ၏ အောင်မြင်မှုကို၁၈၄၉ ခုနှစ် တိုင်အောင် ထုတ်ဖော်မပြောခဲ့ပေ။

၁၈၄၄ ခုနှစ်တွင် တစ်ဖန် အမေရိကန်နိုင်ငံ ကွန်နက်တီကတ်ပြည်နယ် ဟတ်ဖိုမြို့မှ ဒေါက်တာ ဟိုးရေ့ဝဲအမည်ရှိ သွားကုဆရာဝန်တစ်ဦးသည် နိုက်ထရပ်အောက်ဆိုက်ဓာတ်ငွေ့ကို အသုံးပြု၍ လူနာတစ်ဦး၏သွားကိုမနာမကျင်ဘဲ နုတ်ယူနိုင်ခဲ့လေသည်။ ထိုအချိန်မှစ၍ မေ့ဆေးများ၏ အသုံးဝင်ပုံကို သိရှိလာကြသည် အလျောက် ဆက်ကာ ဆက်ကာ အသုံးပြုခြင်းကို ကန့်ကွက်ခဲ့ကြသည်။ သို့ရာတွင် ဝိတိုရိယဘုရင်မကြီးကိုယ်တိုင် မီးဖွားရာ၌ ကလိုရိုဖောင်းကို အသုံးပြုပြလိုက်သောအခါ မေ့ဆေးသုံးစွဲခြင်းမှာ ခေတ်စားလာလေသည်။

အီသာဓာတ်ငွေ့သည် အလွန်ထက်မြက်သော မေ့ဆေးဖြစ်သော်လည်း ဆရာဝန်များသည် အသေးအဖွဲ့ ခွဲစိတ်ခြင်းများအတွက်အက်သလိန်း၊ ဆိုင်ကလိုပရိုပိန်း ဓာတ်ငွေ့များကိုလည်း အသုံးပြုကြသေးသည်။ မေ့ဆေးအဖြစ် အသုံးပြုရာ၌ ရှူသွင်းရသော ဤဓာတ် ငွေ့များ အပြင် ပါးစပ်မှ မျိုရသော အခဲမေ့ဆေးများလည်းရှိ၏။ ယင်းတို့မှာ ဖီနိုဗာဗီတဲ၊ အမ်မီတဲ၊ ပင်တိုဗာဗီတဲ နှင့် အီဗီပဲ တို့ ဖြစ်ကြသည်။ ယင်းတို့ကို ထိုးဆေးအဖြစ်ဖြင့်လည်း အသုံးပြုနိုင်သည်။

မေ့ဆေးများ ဆက်ကာ ဆက်ကာ ပေါ်လာပြီးသည့်နောက် ထုန်ဆေးဟူ၍လည်း ပေါ်လာပြန်သည်။ မေ့ဆေးကို အသုံးပြု လိုက်သည့်အခါ လူသည် အိပ်ပျော်သွားပြီးလျှင် တစ်ကိုယ်လုံး ဘာမျှမသိ၊ သတိမရတော့ဘဲ ခွဲစိတ်မှုကို မသိတော့ပေ။ သို့သော်ထုတ်ဆေးကို ထိုးလိုက်သောအခါ ဆေးထိုးထားသည့် နေရာတစ်ဝိုက်၌သာ ထုန်သွား၍ အခြားနေရာများ၌ကား ပကတိအတိုင်းပင် နာကျင်မှု ရှိလေသည်။ ထုတ်သွားသော နေရာတစ်ဝိုက်တွင် ခွဲစိတ်၍ နေသော်လည်း လူနာတွင် နာကျင်မှု အနည်းငယ်မျှ မရှိ၊ သတိရှိလျက် ခွဲစိတ်မှုကိုပင် ကြည့်ရှုနေနိုင်သည်။ ထုန်ဆေးများကား ကိုကင်း၊ နိုဗိုကိန်း၊ ယကိန်း၊ မီတီကန်း၊ ပွန်တိုကိန်း၊နူပါ ကိန်းတို့ ဖြစ်ကြသည်။ ဤထိုးဆေးများသည် ထိုးလိုက်သည့် နေရာရှိ နာဗ်ကြော အားလုံးကို ထုန်ထိုင်းသွားစေသည်။ အခြား ထုန်ဆေးတစ်မျိုးမှာ အက်သဲကလိုရိုက် ဆေးရည်ဖြစ်၍ အနာတဝိုက်တွင် ယင်းဆေးရည်ကို မှုတ်ပေးလိုက်သည့်အခါ ထုန်သွားလေသည်။

ကျောရိုးထိုး ထုန်စေသည့် နည်းတစ်နည်း ရှိသေး၏။ ထိုနည်းတွင် ထုတ်ဆေးကို ကျောရိုးနာဗ်ကြောတဝိုက် တစ်နေရာရာတွင် ထိုလိုက်သည့်အခါ ဆေးထိုးလိုက်သည့်နေရာ အောက်ပိင်းတစ်ခုလုံးသည့် လုံးလုံးထုန်သွားသော်လည်း လူနာကား သတိရလျက်ရှိနေသည်။ ဤထိုဆေးမျိုးကို ဝမ်းပိုက်ခွဲသည့်အခါနှင့် ကိုယ်အောက်ပိုင်း၌ ခွဲစိတ်သည့် အခါများတွင် သုံးသည်။ မြီးပွားထုန်ဆေးဟု ခေါ်သောထုံဆေးကို မီးဖွားရား ကျောရိုး နာဗ်ကြောတွင် ထိုးပေးလျှင် မနာမကျင် လွယ်ကူစွာ သားဖွားနိုင်လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)