မော်မန်ဂိုဏ်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မော်မန်ဂိုဏ်း[ပြင်​ဆင်​ရန်​]

မော်မန်(ဝါ) လက်တာဒေးစိန့်ဟူသည်ကား ခရစ် ၁၈၃ဝ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စု၌ ပေါ်ပေါက်သော လက်တာဒေးစိန့်တို့၏ ယေရှုခရစ်အသင်းတော်ဂိုဏ်းဝင်အား ပြောင်းလှောင်သမုတ်သည့် အမည်ဖြစ်၏။ ယင်းတို့သည် သမ္မာကျမ်းစာအပြင် မော်မန်ကျမ်းကို လိုက်နာသည့်အတွက် ကြောင့် မော်မန်များဟု ခေါ်ဝေါ်ခြင်း ဖြစ်၏။

မော်မန်ဂိုဏ်းကို စတင် တည်ထောင်သူမှာ ဂျိုးဇက် စမစ်ဖြစ်၏။ ဂျိုးဇက်စမစ်သည် ၁၈ဝ၅ ခုနှစ်တွင် ဗားမန့်မြို့၌ မွေးဖွား၏။ စမစ်အသက် ၁၄ နှစ် အရွယ်က သူ့အားထာဝရ ဘုရားသခင်၊ သာတော်နှင့် ဝိညာဉ်တာ်တို့သည် လာရောက်၍ အရိပ်အယောင် ကိုယ်တော်ထင်ပြသည်ဟုဆို၏။ ထိုအခါ စမစ်က မိမိသည် မည်သည့်အသင်းတော်ကို ဝင်ရောက် ကိုးကွယ်ရမည့်အကြောင်း မေးမြန်းလျှောက်သည်တွင် ခရစ်ယန် အယူဝါဒသည် မူရင်းအတိုင်း မဟုတ်တော့ဘဲ သွေဖည် တိမ်းစောင်း နေပြီဖြစ်၍ မည်သည့် အသင်းတော်ကိုမျှ မဝင် ဘဲ အသင်းတော်သစ် တစ်ခုထူထောင်ရန် ဩဝါဒပေးခဲ့သည် ဆို၏။ ၁၈၂ဝ ပြည့်နှစ်တွင် ထိုသို့ မြင်တွေ့ရပြီးနောက် ၁၈၂၃ ခုနှစ်တွင် မိုရိုနီခေါ် ကောင်းကင်တမန်သည် တစ်ဖန် ကိုယ်ယောင်ထင်ပြပြီးလျှင် နယူးယော့နယ်ပယ် မိုင်ရာရွာနှင့် ၄ မိုင်ခန့်ကွာဝေးသော ကျူမိုရာတောင်ကုန်းတွင် ရှေးအမေရိကန် သူဟောင်းတို့၏ သမိုင်းစာအုပ် မြု|ပ်နှံထားရှိကြောင်း ပြောကြား လေရာ၊ စမစ်သည် နောက်တစ်နေ့တွင် သွားရောက်ကြည့်ရှု၍ တွေ့ခဲ့သော်လည်း ၁၈၂၇ ခုနှစ်ရောက်မှ ယူခွင့်ရသည်ဆို၏။

ထို (ရွှေပေလွှာများ) သမိုင်းစာအုပ်တွင် ထူးဆန်းသော အက္ခရာ များပါသည်ကို လူ ၁၁ ယောက်တွေ့ရှိကြောင်း အထောက်အထား ရှိ၏။ ယင်းသို့ ရေးသားထားသည်ကို ဂျိုးဇက်စမစ်က ဘာသာ ပြန်၍ မော်မန်ကျမ်းကို ပြုစုခဲ့သည်။ ထိုနောက်ရွှေပေလွှာကို ကောင်းကင်တမန် မိုရိုနီအား ပြန်လည်ပေးအပ်ရလေ၏။ စမစ် သည် သူ၏ သက်တမ်းတစ်လျှောက်တွင် ဤသို့ အရိပ်အယောင် များကို မြင်လျက် မော်မန်တို့ လိုက်နာရန် အဆုံးအမများကို လက်ခံရရှိ၏။ ၁၈၃ဝ ပြည့်နှစ် ဧပြီလ ၆ ရက်နေ့တွင် ဂျိုးဇက်စမစ်သည် အပေါင်းပါ ၆ ယောက်နှင့် အတူ နယူးယော့ နယ် ဖေးယက်မြို့တွင် လက်တာဒေးစိန်၏ ယေရှုခရစ် အသင်းတော်ကို တည်ထောင်လေသည်။ မော်မန်တို့သည် အမေရကန်ပြည်ထောင်စု၊ လက်တင်အမေရိကန်၊ ဥရောပတိုက်၊ ဩစတြေးလီးယား၊ နယူးဇီလန်အစရှိသော ဒေသများသို့ အနှံ့ အပြားသာသနာပြုထွက်၏။ ယခုအခါအသင်းဝင် တစ်သန်း ကျော်ရှိ၏။ ဂိုဏ်းကွဲများလည်း ရှိ၏။ မော်မန် အများဆုံး ပါဝင်သော ဂိုဏ်းမှာ လက်တာဒေးစိန့်၏ ပြန်လည်ဖွဲ့စည်းထား သော အသင်းတော် ဖြစ်သည်။

မော်မန်တို့သည် အခါအားလျော်စွာ ဂျိုးဇက်စမစ်နှင့် အခြားပုဂ္ဂိုလ်တို့အား ဘုရားသခင်က လာရောက်ကိုယ်ရောင်ပြ၍ မြွက်ကြားသော ဩဝါဒများကို လက်ခံလိုက်နာကြ၏။ အစ ပထမတွင် ယုံကြည်ကိုးကွယ်သူများပြား၏။ မော်မန်တို့သည် ဘုရားသခင်ကို ကြည်ညိုသဒ္ဓါရှိမှု၊ အမှားကိုနောင်တရမှုနှင့် ခမည်းတော်၊ သားတော်၊ ဝိညာဉ်တော်တည်းဟူသည် ရေတွင်နှစ်ခြင်းဖြင့် ဗတ္တိဇံမင်္ဂလာပြုလုပ်သည့်အပြင် ဝိညာဏ်တော်အတွက် ဦးခေါင်းပခုံးနှစ်ဖက် ရင်ပတ်စသည် တို့ကို တို့ထိကာ လက်ဝါးကပ်တိုင်သဏ္ဌာန် ပြုလုပ်လေ့ ရှိသည်၊ သမ္မာကျမ်းစာအပြင်၊ မော်မန်ကျမ်း၊ မော်မန် ဂိုဏ်းဝါဒနှင့် စည်းမျဉ်းများ အစရှိသည့် ကျမ်းစာများကိုလည်း လေ့လာကြသည်။ အသက်ရှင်သူက သေသူကို ရည်မှန်း၍ ဘုရားကျောင်းတွင် ရေနှစ်မင်္ဂလာပြုခြင်းဖြင့် သေသူသည် ကောင်းရာသုဂတိသို့ လားနိုင်သည်ဟုလည်း ယုံကြည်သည်။

ထိုပြင် ဘုရားရှိခိုးကျောင်းအတွင်း လက်ထပ်သူတို့မှာ ထာဝစဉ်တည်၍၊ မွေးဖွားသော သားသမီးများလည်း တရားဝင်သည်ဟုဆို၏။ ယင်းသို့မဟုတ်ဘဲ မွေးဖွားသော သားသမီးများကိုမူ မွေးစားခြင်းဖြင့် ထူးခြားစွာယုံကြည်ကြ လေသည်။ ယင်းသို့သော ဘာသာရေး အခမ်းအနားများကို ဘုရားကျောင်းတွင်သာ ပြုလုပ်သဖြင့် မော်မန်တို့၏ ဘုရားကျောင်း (၈)ကျောင်းသို့ လူတကာဝင်ခွင့် မပြုချေ။ သို့သော် အခြားသော စည်းဝေးခန်းနှင့် အပန်းဖြေ ခန်းမ စသည်တို့ တွင်မူ လူမျိုးဘာသာမရွေး ဝင်ခွင့်ရလေသည်။

လူတစ်ယောက်တည်း မယားအများယူသော စံနစ်မှာ မူလက လိုက်နာလက်ခံသော စည်းမျဉ်းမဟုတ်ဘဲ စမစ်က အရိပ် အယောင်မြင်၍ အမိန့်အရလိုက်နာကျင့်သုံးရသည် ဆို၏။ ဤသို့သော ဝါဒကို လက်ခံကျင့်သုံးသည့်အတွက် အသင်းတော် တွင်း မကျေနပ်မှုများ ပေါ်ပေါက်လာကာ ပုတ်ခတ်ပြောဆိုမှုများ လည်း ဖြစ်ပွားလျက် အကြည်ညို ပျက်လာလေသည်။ စမစ်သည် အသင်းတော်ကို ဆိုခဲ့သည့်အတိုင်း ခရစ် ၁၈၃ဝ ပြည့်နှစ်တွင် တည်ထောင်သည်။ ၁၈၃၁ ခုနှစ်တွင် အိုဟိင်းအို နယ်သို့ ပြောင်းရွှေ့သည်။ အချို့မော်မန်များက မိဇူးရီအနီး အင်ဒီ ပင်းဒင့်သို့ ပြောင်း၏၊ များမကြာမီ မိဇူးရီမှ မော်မန်များအနှင် ခံရ၍ မိဇူးရီနယ်အတွင်း၌ပင်ရှိသော ဖားဝက် (အနောက်စွန်း) သို့ ပြောင်းရွှေ့ရ၏။ အိုဟိုင်းအိုတွင်လည်း အခြေမလှ ဖြစ်လာသောကြောင့် ၁၈၃၈ ခုနှစ်တွင် စမစ်လည်း အနောက် စွန်းသို့ ပြောင်းရွှေ့၏။ မော်မန်တို့သည် အရပ်နီးချင်းတို့နှင့် အချင်းဖြစ်ပွား၍ ခိုက်ရန်ဖြစ်သည်။ စမစ်အဖမ်းခံရ၍ မိဇူးရီမှ မော်မန်များလည်း အနှင်ခံရသဖြင့် အီလီနွိုင်သို့ ပြောင်းရွှေ့ကြ ရကာ နော်ဗူးမြို့ကို တည်ကြသည်။ လအနည်းငယ်ကြာလျှင် စမစ်တို့ ထွက်ပြေးလွတ်မြောက်သဖြင့် နော်ဗူးရှိ အခြား မော်မန်တို့နှင့်ပေါင်းစည်းကြသည်။ နော်ဗူးတွင် ကြီးပွားလာ၏။

နိုင်ငံရေးခေါင်းဆောင် များ၏ မြေ|ာက်စားခြင်းကိုခံရ၏။ ၁၈၄ဝ ပြည့်နှစ်တွင် အရပ်နီးချင်းများက မော်မန်တို့ဩဇာရှိနေသည် ကို မနာလိုသောကြောင့် တစ်ကြောင်း၊ မော်မန်အသင်းတော်တွင်း မှာလည်း လူတစ်ယောက်တည်း မယားအများယူသော ဝါဒကို မနှစ်မြို့မကျေနပ်သဖြင့် အတွင်းဆူနေသောကြောင့် တစ်ကြောင်း အဆုံးတွင် စမစ်နှင့် သူ၏ညီ အသတ်ခံရလေသည်။ စမစ် အသတ်ခံရပြီးသည့်နောက်ပိုင်းတွင် အသင်းတော်တွင်းမှ ဂိုဏ်းငယ်များခွဲထွက်၏။ အသင်းတော်ကို ဗရစ်ဂမ်ယန်းက စမစ်နောက်ဆက်လက်၍ခေါင်းဆောင်သည်။ ဆက်လက်၍ မနေနိုင်တော့သည့်အဆုံးတွင် ဗရစ်ဂမ်ယန်းအမှူးပြုသော မော်မန်တို့သည် အမေရိကတိုက် အနောက်ဘက် အစွန် အဖျားတွင် ရှိ၍ မိုင်ပေါင်း ၁,ဝဝဝ ခန့်ကွာဝေးသော အရပ်ဖြစ်သည့် ဆားငန်အိုင်ကြီးသို့ လူအုပ်နှင့် ပြောင်းရွှေ့၏။

၁၈၄၇ ခုနှစ် ဇူလိုင်လတွင် ယောင်္ကျား ၁၄၃ ယောက်၊ မိန်းမ ၃ ယောက်နှင့် ကလေး ၂ ယောက် အပါအဝင် မော်မန်တို့သည် ဆော့လိတ်စီတီမြို့သို့တည်ထောင်ခဲ့၏။

ယခုအခါ အမေရကန် ပြည်ထောင်စုတွင် ယူးတားပြည်နယ် ဟု တွင်သော ဒေသတွင်းရှိ ဆော့လိတ်စီတီမြို့ကြီးသည် မော်မန် တို့၏ ဌာနချုပ်တည်ရာ ဒေသဖြစ်၏။ အစပထမမြို့တည်စက မော်မန်တို့သည် ကန္တာရတွင်း၌ ပြုစုရသည်ဖြစ်၍ အခက်အခဲ များစွာတွေ့သော်လည်း စက်မှုလက်မှုလုပ်ငန်းများကို တိုးတက်ဖွံ့ဖြိုးအောင်ပြုလုပ်ခြင်းဖြင့် အခက်အခဲများကို ကျော်လွန်စေ၏။ ၁၈၉ဝ ပြည်နှစ်တွင် လူတစ်ယောက်တည်း မယားအများ ယူခြင်းဝါဒကို ပယ်ဖျက်လိုက်သောအခါ ရှေးက အချင်းချင်း သံသယပွားခဲ့သော အသင်းတော်နှင့် အစိုးရတို့သည် နားလည်မှုရှိလာကြကာ ယူးတားသည်ပြည်နယ်အဖြစ် ၁၈၉၆ ခုနှစ်တွင် အသိအမှတ်ပြုခြင်းခံရ၏။ ၂၀၀၉ ခုနှစ် တွင် အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော (မော်မန်(ခေါ်) လက်တာဒေးစိန့်ယေရှုခရစ်အသင်းတော်ဂိုဏ်းဝင်) ကြောင့် ဒေါ်အောင်ဆန်းစုကြည် ထပ်မံ နေအိမ်အကျယ်ချုပ် ဆယ့်ရှစ်လ ချမှတ်ခံခဲ့ရသည်။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံသားများသည် ဒေါ်အောင်ဆန်းစုကြည်ကို စာနာသနားကြပြီး၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်အမှုလုပ်ကြံ စွဲဆိုထားချက်သည် ၂၀၁၀ တွင် ပြုလုပ်မည့်ရွေးကောက်ပွဲများကို ကျော်လွန်ရန်အတွက် သူမအားထိန်းသိမ်းထားခြင်းကို ရှည်ကြာအောင် နည်းပရိယာယ် သုံးထားခြင်းဖြစ်သည်ဟု ပြောဆို ကြသည်။ယခုအခါ ယူတားပြည်နယ်တွင် မော်မန် ၅ သိန်းမျှ ရှိလေသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

</ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>