မောရဇာတ်

ဝီကီပီးဒီးယား မှ

ဒုကနိပါတ် - ၁။ ဒဠှဝဂ် -၅၉ - မောရဇာတ်။ ။ နေ့စဉ် ပရိတ်အရံအတား ပြုပါလျက် ဒေါင်းမအတွက် ပရိတ်ပျက်ကာ ကျော့ကွင်းမိခံရသော ရွှေဥဒေါင်းမင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

မိန်းမပြစ်ပြ ဆိုဆုံးမ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် တန်ဆာဆင်အပ်သော မိန်းမတစ်ယောက်ကို မြင်သဖြင့် တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ သာသနာ၌ ငြီးငွေ့လေ၏။

အဆွေခင်ပွန်းဖြစ်သော ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံ ခေါ်ဆောင်အပ်သည်ရှိသော် မြတ်စွာဘုရားသည် “ ချစ်သားရဟန်း ... မိန်းမမည်သည် သင်ကဲ့သို့သော သူ၏စိတ်ကို အဘယ်ကြောင့် မလှုပ်ခြောက်စေနိုင်ဘဲ ရှိအံ့နည်း၊ ရှေးပညာရှိတို့အား အနှစ်ခုနစ်ရာပတ်လုံး မဖြစ်သာ ကိလေသာတို့သည် မိန်းမအသံကို ကြားရ၍ အခွင့်ရကာ တစ်ခဏချင်း ဖြစ်လာကုန်သေး၏။ စင်ကြယ်သောသူတို့ စဉ်လျက်လည်း ညစ်နွမ်းရကုန်သေး၏။ မြတ်သောဆန္ဒရှိသောသူတို့ စဉ်လျက်လည်း အကျော်အစောမဲ့ခြင်းသို့ ရောက်ရကုန်သေး၏။ မစင်ကြယ်သော သူတို့သည်ကား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

နေမင်းတိုင်ကြား အရံအတား[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဥဒေါင်းမင်း ဖြစ်၍ ရွှေအဆင်းကဲ့သို့ ဝါဝင်းသော အဆင်းရှိ၏။ အတောင်ကြားတို့၌ ယုန်သွေး၊ ဟင်္သာပဒါးသွေး ဆွတ်ဖျန်းထားသကဲ့သို့ နီထွေးသော အရေတို့ဖြင့် ထူးခြားတင့်တယ်၏။

ထိုရွှေဥဒေါင်းမင်းသည် အသက်ကို စောင့်ရှောက်လိုသဖြင့် တောင်သုံးလုံးကိုလွန်၍ လေးလုံးမြောက် ဒဏ္ဍကရွှေတောင်၌ နေ၏။ မိုးသောက်ထအခါ ဒဏ္ဍက ရွှေတောင်ထိပ်မှာနေလျက် အရှေ့လောကဓာတ်မှ ထွက်လာသော နေမင်းကို ကြည့်ရှုပြီးလျှင် မိမိကျက်စားရာအရပ်၌ တစ်နေ့လုံး အစောင့်အရှောက် အရံအတား ဖြစ်စိမ့်သောငှာ -

“အရှင်နေမင်းသည် သတ္တဝါတို့ မျက်စိအမြင်ကို ပေးပေ၏။ မြတ်သောမင်းလည်း ဖြစ်ပေ၏။ ရွှေအဆင်းနှင့်တူသော အဆင်းလည်းရှိပေ၏။ မြေ၌ ထွန်းလင်းသော အရောင်လည်း ရှိပေ၏။ အရှင်နေမင်းကို အကျွန်ုပ် ရှိခိုးပါ၏။ အရှင်နေမင်းသည် စောင့်ရှောက်၍ ထားသဖြင့် အကျွန်ုပ်တို့သည် တစ်နေ့လုံး ချမ်းသာစွာ နေရပါစေတသည်း” –

ဟု မွန်မြန်သော ပထမ မန္တရားဂါထာကို ဖွဲ့ဆို၍ နေမင်းကို ရှိခိုးလေ၏။

လွန်ပြီးဘုရား ရှိခိုးငြား[ပြင်ဆင်ရန်]

ထိုနောက် လွန်လေပြီးသောအခါ ပရိနိဗ္ဗာန် ပြုတော်မူကြပြီးသော ဘုရားရှင်တို့နှင့် ဘုရားရှင်တို့၏ ဂုဏ်တော်တို့ကို ရှိခိုးလိုသဖြင့် -

“မကောင်းမှုကင်းကုန်လျက် တရားအလုံးစုံကို သိတော်မူသော ဘုရားရှင်တို့ကို အကျွန်ုပ် ရှိခိုးပါ၏။ ထိုဘုရားရှင်တို့သည် အကျွန်ုပ်ကို စောင့်ရှောက်ပါစေသတည်း။

ကိလေသာမှ လွတ်ကုန်သော ဘုရားရှင်တို့အား လည်းကောင်း၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်အား လည်းကောင်း၊ အရဟတ္တဖိုလ်ဉာဏ်အား လည်းကောင်း အကျွန်ုပ် ရှိခိုးခြင်းဖြစ်ပါစေသတည်း” –

ဟု မွန်မြတ်သော ဒုတိယ မန္တရားဂါထာကို ဖွဲ့ဆို၍ ရှိခိုးပြန်၏။

နေမင်းတစ်ဖန် တိုင်ကြားပြန်[ပြင်ဆင်ရန်]

ဤသို့ အရံအတား အစောင့်အရှောက်ကို ပြုလုပ်စီမံပြီးလျှင် တစ်နေ့လုံး အစာရှာထွက်လေ၏။

ရွှေဥဒေါင်းမင်းသည် အစာစားပြီးလျှင် ညအခါ၌လည်း ဒဏ္ဍက ရွှေတောင်ထိပ်မှာ နေလျက်ပင် အနောက်လောကဓာတ်သို့ ဝင်သွားသော နေမင်းကို ကြည့်ပြီးလျှင် မိမိနေရာအရပ်၌ တစ်ညဉ့်လုံး အစောင့်အရှောက် အရံအတား ဖြစ်စိမ့်သောငှာ -

“အရှင်နေမင်းသည် သတ္တဝါတို့ မျက်စိအမြင်ကို ပေးပေ၏။ မြတ်သောမင်းလည်း ဖြစ်ပေ၏။ ရွှေအဆင်းနှင့်တူသော အဆင်းလည်း ရှိပေ၏။ အရှင်နေမင်းကို အကျွန်ုပ်ရှိခိုးပါ၏။ အရှင်နေမင်းသည် စောင့်ရှောက်၍ထားသဖြင့် ကျွန်ုပ်တို့သည် တစ်ညဉ့်လုံး ချမ်းသာစွာ နေရပါစေသတည်း” –

ဟု မွန်မြတ်သော ပထမ မန္တရားဂါထာကို ဖွဲ့ဆို၍ နေမင်းကို ရှိခိုးပြန်လေ၏။

ညဉ့်ချိန်တစ်ဖန် ရှိခိုးပြန်[ပြင်ဆင်ရန်]

ထိုနောက် လွန်လေပြီးသောအခါ ပရိနိဗ္ဗာန် ပြုတော်မူကြပြီးသော ဘုရားရှင်တို့နှင့် ထိုဘုရားရှင်တို့၏ ဂုဏ်တော်တို့ကို ရှိခိုးလိုသဖြင့် -

“မကောင်းမှု ကင်းကုန်လျက် တရားအလုံးစုံကို သိတော်မူသော ဘုရားရှင်တို့ကို ကျွန်ုပ်ရှိခိုးပါ၏။ ထိုဘုရားတို့သည် အကျွန်ုပ်ကို စောင့်ရှောက်ပါစေသတည်း။

ကိလေသာမှ လွတ်ကုန်သော ဘုရားရှင်တို့အား လည်းကောင်း၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်အား လည်းကောင်း၊ အရဟတ္တဖိုလ်ဉာဏ်အား လည်းကောင်း အကျွန်ုပ် ရှိခိုးခြင်းဖြစ်ပါစေသတည်း” –

ဟု မွန်မြတ်သော ဒုတိယ မန္တရားဂါထာကို ဖွဲ့ဆို၍ ရှိခိုးပြန်၏။ ဤသို့အစောင့်အရှောက် အရံအတားကို ပြုလုပ်စီမံပြီးလျှင် တစ်ညဉ့်လုံး နေလေ၏။

မိဖုရားလျှောက်ထား ဒေါင်းမင်းတရား[ပြင်ဆင်ရန်]

ရွှေဥဒေါင်းမင်းသည် နေ့တစ်ခါ ညတစ်ခါ ပြုလုပ်စီမံထားသော ပရိတ်အရံအတား၏ တန်ခိုးအာနုဘော်ကြောင့် ဘေးရန်မဖြစ်၊ ကြက်သီးမွေးညင်းထရုံမျှပင် မဖြစ်ခဲ့လေ။

ထိုအခါ ဗာရာဏသီမြို့တော်၏အနီး မုဆိုးရွာ၌ နေသော မုဆိုးတစ်ယောက်သည် ဟိမဝန္တာအရပ်၌ လှည့်လည်သည်ရှိသော် ဒဏ္ဍက ရွှေတောင်ထိပ်၌နေသော ရွှေဥဒေါင်းမင်းကိုမြင်လျှင် မိမိသားအား ပြောကြားလေ၏။

တစ်နေ့သ၌ ဗာရာဏသီမင်းကြီး၏ ခေမာမည်သော မိဖုရားကြီးသည် အိပ်မက်ထဲတွင် ရွှေဥဒေါင်းမင်းတရားဟောသည်ကို မြင်မက်၍ နိုးသောအခါ မင်းကြီးအား လျှောက်ထားလေ၏။

မုဆိုးခေါ်လျက် စေခိုင်းချက်[ပြင်ဆင်ရန်]

မင်းကြီးလည်း အမတ်တို့ကိုမေး၍ မသိကြလျှင် ပုဏ္ဏားတို့ကို မေးပြန်၏။ ပုဏ္ဏးတို့သည် “မြတ်သောမင်းကြီး ... ရွှေအဆင်းရှိသော ဥဒေါင်းမင်း ရှိပါသည်” ဟု လျှောက်ထား၏။ “ပုဏ္ဏားတို့ ... ဘယ်အရပ်မှာ ရှိသနည်း” ဟု မေး၏။ “မြတ်သောမင်းကြီး ... မုဆိုးတို့ သိကြပါလိမ့်မည်” ဟု လျှောက်ထား၏။

မင်းကြီးလည်း မုဆိုးတို့ကို စည်းဝေးစေ၍ မေးလေလျှင် မုဆိုးသားတစ်ယောက်သည် “မြတ်သောမင်းကြီး ... ဒဏ္ဍကရွှေတောင်ထိပ်၌ ရွှေဥဒေါင်းမင်း နေပါသည်” ဟု လျှောက်၏။ “အို မုဆိုး ... သင်သိလျှင် ထိုရွှေဥဒေါင်းမင်းကို မတ်ဘဲ အရှင်ဖမ်းယူခဲ့လော” ဟု စေခိုင်းလေ၏။

မင်းမျက်ထွက်မုန်း ပရိယာယ်သုံး[ပြင်ဆင်ရန်]

မုဆိုးသည် ရွှေဥဒေါင်းမင်းရှိရာ အရပ်သို့သွား၍ ကျက်စားရာအရပ်၌ ကျော့ကွင်းထောင်၍ ဖမ်းလေ၏။ ပရိတ်အရံအတား ကောင်းလှသဖြင့် မမိနိုင်ချေ။ မုဆိုးလည်း ခုနစ်နှစ်ပတ်လုံး ဖမ်းသော်လည်း မမိနိုင်ဘဲ ထိုအရပ်တွင်ပင် သေရလေ၏။ ခေမာ မိဖုရားကြီးလည်း တောင့်တအပ်သော ရွှေဥဒေါင်းမင်းကို မရသဖြင့် သေရလေ၏။

မင်းကြီးလည်း ရွှေဥဒေါင်းမင်းကိုမှီ၍ ငါ့မိဖုရားကြီး သေလွန်ရသည်ဟု အမျက်ထွက်ကာ “ဟိမဝန္တာအရပ်၌ ဒဏ္ဍကရွှေတောင် ရှိလေ၏။ ထိုရွှေတောင်ဝယ် ရွှေဥဒေါင်းမင်း နေလေ၏။ ထိုရွှေဥဒေါင်း၏ အသားကို စားရသော သူတို့သည် မအိုမသေဘဲ နေကြရကုန်၏” ဟု အက္ခရာတို့ကို ရွှေပြားတွင် ရေးသားစေပြီးလျှင် ရွှေတံတင်း* သေတ္တာ၌ ထားစေ၏။ *တံတင်း - သေတ္တာကိုခေါ်သည်။

နောက်မင်း နန်းတက်သောအခါ၌လည်း ရွှေတံတင်းကို ဖွင့်စေ၍ ရွှေပြားတွင် ရေးသားထားသော အက္ခရာတို့ကို ဖတ်စေလျက် အကြောင်းကိုသိလျှင် မအိုမသေရဘဲ နေလိုသဖြင့် မုဆိုးတစ်ယောက်ကို အဖမ်းခိုင်းပြန်ရာ မမိနိုင်ဘဲ သေရပြန်၏။ ဤနည်းဖြင့် မင်းခြောက်ဆက် လဲလေ၏။

တဏှာမှိုင်းထိ ကျော့ကွင်းမိ[ပြင်ဆင်ရန်]

ခုနစ်ဆက်မြောက်သော မင်းလက်ထက်၌လည်း မုဆိုးတစ်ယောက်ကို အဖမ်းခိုင်းပြန်၏။ မုဆိုးသည် ရွှေဥဒေါင်းမင်းရှိရာ အရပ်သို့သွားပြီးလျှင် ရွှေဥဒေါင်းမင်း ကျက်စားရာအရပ် အနေအထိုင် အသွားအလာကို ကြည့်ရှုဆင်ခြင်လတ်သော် ပရိတ်အရံအတား ပြုလုပ်၍ နေသဖြင့် ရိုးရိုးဖမ်း၍ မရနိုင်ကြောင်းကို သိလေလျှင် ဥဒေါင်းမ တစ်ကောင်ကို ဖမ်း၍ အက, အတွန်ကို သင်စေပြီးလျှင် ဥဒေါင်းမကို ယူဆောင်ကာ ရွှေဥဒေါင်းမင်း ပရိတ်အရံအတား မပြုလုပ်မီ စောစောကပင် ကျက်စားရာ အရပ်တွင် ကျော့ကွင်းထောင်လျက် ဥဒေါင်းမကို အကအတွန်ခိုင်းလေ၏။

ထိုအခါ ရွှေဥဒေါင်းမင်းသည် ဥဒေါင်းမသံကိုကြားလျှင် အနှစ်ခုနစ်ရာတို့တိုင်အောင် မဖြစ်သော ကိလေသာတို့သည် ထကြွသောင်းကျန်းကာ ပရိတ်အရံအတား ပြုရန်ကိုပင် သတိမရတော့ဘဲ ကျက်စားရာ အရပ်သို့ သွားလေလျှင် ကျော့ကွင်း၌ မိလေ၏။

နန်းတော်ဆောင်သွင်း မေးခြေခြင်း[ပြင်ဆင်ရန်]

ထိုအခါ မုဆိုးသည် ရွှေဥဒေါင်းမင်းကို ယူဆောင်ကာ မင်းကြီးအား ဆက်သလေ၏။ မင်းကြီးလည်း ရွှေဥဒေါင်းမင်းကို မြင်လျှင် ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ နေရာကို ပေးစေ၏။ ရွှေဥဒေါင်းမင်းလည်း ပေးသောနေရာ၌ နေလျက် “အရှင်မင်းကြီး ... အကျွန်ုပ်ကို အဘယ်ကြောင့် ဖမ်းစေသနည်း” ဟု မေးလေ၏။“ဥဒေါင်းမင်း ... သင့်အသားကို စားရသော သူတို့သည် မအိုမသေ နေကြရကုန်၏ဟု ရွှေပြားတွင် အက္ခရာ အရေးအသားကို တွေ့ရ၍ ဖမ်းစေပါသည်” ဟု ပြော၏။ “မြတ်သောမင်းကြီး ... အကျွန်ုပ်အသားကို စားရသော သူတို့သည် မအိုမသေ နေရကုန်ဦးတော့ ကျွန်ုပ်မူကား မုချသေရလတ္တံ့၊ ကျွန်ုပ်သည် သေတတ်သော သဘောရှိပါလျက် ကျွန်ုပ်အသား စားရသော သူတို့မှာတော့ အဘယ်ကြောင့် မသေဘဲ နေကြရကုန်လတ္တံ့နည်း” ဟု ပြောလေ၏။ “ဥဒေါင်းမင်း ... သင်သည် ရွှေအဆင်း ရှိသောကြောင့် သင့်အသား စားရသူတို့မှာ မအိုမသေဘဲ နေကြရသည်ဖြစ်လတ္တံ့” ဟု ပြောသောအခါ “မြတ်သောမင်းကြီး ... အကျွန်ုပ်မှာ အကြောင်းမဲ့ ရွှေအဆင်း ရှိလာသည်မဟုတ်၊ ဤမြို့မှာပင် စကြာဝတွေးမင်းဖြစ်စဉ် ကိုယ်တိုင်လည်း ပဉ္စသီလကို စောင့်ခဲ့ဖူး၏။ သူတစ်ပါးတို့ကိုလည်း စောင့်စေခဲ့ဖူး၏။ သို့အတွက် သေလွန်သောအခါ တာဝတိံသာ နတ်ပြည်၌ ဖြစ်ခဲ့ဖူး၏။ ၎င်းမှတစ်ဖန် အကုသိုလ် အကျိုးဆက်ကြောင့် ဥဒေါင်းမျိုး၌ ဖြစ်ရသော်လည်း ရှေးအခါက စောင့်ခဲ့ဖူးသော သီလအာနုဘော်ကြောင့် ရွှေအဆင်း ရှိပါ၏” “ဥဒေါင်းမင်း ... စကြဝတွေးမင်း ဖြစ်သောအခါ စောင့်ခဲ့ဖူးသော သီလအာနုဘော်ကြောင့် ရွှေအဆင်းရှိ၏ ဆိုသောစကားကို အဘယ်သို့ ယုံကြည်နိုင်အံ့နည်း၊ သက်သေ တစ်စုံတစ်ရ ရှိပါသလော” ဟု မေး၏။ “မြတ်သောမင်းကြီး ... စကြာဝတေးမင်းဖြစ်စဉ် စီးသော ရတနာရထားကို မင်္ဂလာရေကန်တွင် မြှုပ်ထားခဲ့၏။ တူးဖော်စေလော” ဟု ပြောကြားလေ၏။ မင်းကြီးလည်း မင်္ဂလာရေကန်၌ ရေကို ပက်ထုတ်စေ၍ တူးဖော်စေရာ ရတနာရထားကိုရ၍ ယုံကြည်လေ၏။

ဥဒေါင်းမင်းဟောပြ တရားရ[ပြင်ဆင်ရန်]

ထိုအခါ ရွှေဥဒေါင်းမင်းသည် “မြတ်သောမင်းကြီး ... နိဗ္ဗာန်ကိုထား၍ အလုံးစုံသော သင်္ခတတရားသည် ဖြစ်လျှင် ကုန်ဆုံး ပျက်စီးတတ်သောသဘောရှိ၏” ဟု တရားဟော၍ ငါးပါးသီလ၌ တည်စေ၏။ မင်းကြီးလည်း အလွန်ကြည်ညိုသဖြင့် ရွှေဥဒေါင်းမင်းအား မင်းစည်းစိမ်ဖြင့် ပူဇော်လေ၏။ ရွှေဥဒေါင်းမင်းလည်း မင်းစည်းစိမ်ကို မင်းကြီးအား အပ်နှင်း၍ နှစ်ရက်သုံးရက်နေပြီးလျှင် ဒဏ္ဍကတောင်သို့ ပြန်လေ၏။

မင်းကြီးလည်း ရွှေဥဒေါင်းမင်း၏ အဆုံးအမ၌ တည်ကာ ကုသိုလ်ကောင်းမှုတို့ကို အားထုတ်၍ သေလွန်သောအခါ ကံအားလျော်စွာ လားလေ၏။

ဤဒေသနာတော်၏ အဆုံး၌ သစ္စာကို ပြတော်မူပြီးလျှင် သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် အရဟတ္တဖိုလ်၌တည်၍ ရဟန္တာအဖြစ်သို့ ရောက်လေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းကြီးသည် - ယခုအခါ အာနန္ဒာ။

ရွှေဥဒေါင်းမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ပရိတ်တော်ကား၊ ဘေးရန်များ၊ ဆီးတားနိုင်လေသည်။

(၂) ပရိတ်ရွတ်လျင်း၊ ဥဒေါင်းမင်း၊ ကျော့ကွင်းလွတ်လေသည်။

(၃) မ,နှင့် သိမ်းသွင်း၊ ဥဒေါင်းမင်း၊ ကျော့ကွင်းမိပြန်သည်။

မောရဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ