မိုက်ကယ် ဒဲလ်

ဝီကီပီးဒီးယား မှ
မိုက်ကယ် ဒဲလ်
မိုက်ကယ် ဒဲလ်
Dell Inc တည်ထောင်သူ နှင့် အမှုဆောင် အရာရှိချုပ်
မွေးသက္ကရာဇ် (1965-02-02) ၂ ဖေဖော်ဝါရီ၊ ၁၉၆၅ (အသက် ၅၉)

ပညာရေး တက္ကဆက် အော်စတင် တက္ကသိုလ် (ကျောင်းထွက်ခဲ့)
အလုပ်အကိုင် Dell Inc တည်ထောင်သူ နှင့် အမှုဆောင် အရာရှိချုပ်
ကြွယ်ဝမှု US$ 23.5 billion [၁] (2018)
ကြင်ဖော် ဆူဇန် ဒဲလ်
သားသမီး ၄ ယောက်

မိုက်ကယ်ဆောလ်ဒဲလ် (၁၉၆၅ခုနှစ် ဖေဖော်ဝါရီ ၂၃ရက်တွင်မွေးဖွား) သည် အမေရိကန် နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဒဲလ်ကုမ္ပဏီအုပ်စုကြီး၏ အမှုဆောင်ချုပ် နှင့်တည်ထောင်သူလည်း ဖြစ်သည်။ သူသည် ကမ္ဘာ့အချမ်းသာဆုံးများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ၂၀၁၀တွင် အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၁၄သန်းရှိသည်။

ကိုယ်ရေးအကျဉ်း[ပြင်ဆင်ရန်]

ငယ်ဘဝနှင့်ပညာရေး[ပြင်ဆင်ရန်]

သူ၏ဖခင်သည် စတော့ရှယ်ယာပွဲစား၊ သွားဆရာဝန်တစ်ဦး ဖြစ်သည်။ ဒဲလ်သည် တက်ဆက်စ် ပြည်နယ်၊ ဟူစတန်ရှိ ဟီးရော့ဒ် မူလတန်းကျောင်းကို တက်ခဲ့သည်။ စီးပွားရေးလောကသို့ စောစီးစွာဝင်ရောက်နိုင်ရန် အထက်တန်းအဆင့်ရှိသော စာမေးပွဲကို ဖြေဆိုရန် အသက်ရှစ်နှစ်အရွယ်တွင် လျှောက်လွှာတင်ခဲ့သည်။ သူသည် ဆယ်ကျော်သက် အစောပိုင်းအရွယ်တွင် အချိန်ပိုင်းအလုပ်မှရသော ဝင်ငွေများကို စတော့ရှယ်ယာများနှင့် တန်ဖိုးကြီး သတ္ထုများတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။

ဒဲလ်သည် အသက် ရနှစ်အရွယ်တွင် သူ၏ပထမဆုံး ဂဏန်းပေါင်းစက်ကို ဝယ်ယူခဲ့သည်။ အထက်တန်းအငယ်တန်း အဆင့်တွင် တယ်လီအမျိုးအစား စက်ကိုတွေ့ရှိခဲ့သည်။ ကျောင်းပြီးနောက်ပိုင်း ထိုစက်နှင့်ဆိုင်သော ပရိုဂရမ်ကို ရေးသားခဲ့သည်။ အသက် ၁၅ နှစ်အရွယ်တွင် ရေဒီယိုရှက်ခ်၌ ကွန်ပျူတာများကို လေ့လာခဲ့သည်။ အက်ပဲလ်တူး အမျိုးအစား ကွန်ပျူတာ အဖြစ်ရရှိခဲ့ပြီးနောက် မည်ကဲ့သို့အလုပ်လုပ်သည်ကိုသိရှိနိုင်ရန် ချက်ချင်းပင် တစ်စစီဖြုတ်ပစ်၍ လေ့လာခဲ့သည်။ ဒဲလ်သည် ဟူစတန်ရှိ မန်မိုရီယာလ် အထက်တန်းကျောင်းသို့ တက်ရောက်ခဲ့စဉ်က နွေရာသီ၌ ဟူစတန်ပို့စ်သတင်းစာကို ကြိုတင်စနစ်(နှစ်စဉ်ကြေးဖြင့်) ရောင်းချခြင်းဖြင့် ဝင်ငွေရှာခဲ့သည်။

ထိုသို့ရောင်းချရာတွင် ဖုန်းဆက်၍ရောင်းချခဲ့ရာ မင်္ဂလာဦးဇနီးမောင်နှံများနှင့် အိမ်သစ်များသို့ ပြောင်းရွှေ့သူများက များသောအားဖြင့် ဝယ်ယူကြသည်ကို တွေ့ခဲ့သည်။ သူ၏ ဖောက်သည်စာရင်းကို လက်ထပ်ခွင့်လျှောက်လွှာများ နှင့် အိမ်သစ်ဝယ်ယူသော လျှောက်လွှာများမှ စုဆောင်းခဲ့သည်။ ဤသို့အားဖြင့် ဒဲလ်၏တစ်နှစ်ဝင်ငွေသည် ဒေါ်လာ ၁၈,၀၀၀ ရှိခဲ့ပြီး သူ၏သမိုင်းဆရာနှင့်စီးပွားရေး ဘာသာရပ်ဆရာတို့၏ ဝင်ငွေထက်ပိုခဲ့သည်။

အလုပ်အကိုင်[ပြင်ဆင်ရန်]

၂၀၁၀ ဆန်ဖရန်စ္စကို တွင် ကျင်းပခဲ့သော Oracle OpenWorld ၌ မိုက်ကယ်လ် ဒဲလ် ဟောပြောနေစဉ်

သူသည်အော်စတင်ရှိ တက္ကဆက် တက္ကသိုလ်တွင် ဆေးကျောင်းကြိုကျောင်းသားအဖြစ် တက်ရောက်စဉ် အခန်း၂၇၁၃၊ ဒိုဘီစင်တာလူနေအဆောက်အအုံတွင် ကွန်ပျူတာများကို အရည်အသွေးမြှင့်တင်ခြင်း (upgrading) အလုပ်ကို စတင်လုပ်ကိုင်ခဲ့သည်။ တရားဝင်လုပ်ငန်း အဆင့်မဟုတ် သေးပေ။ ထို့နောက်တွင် တက်ဆက်စ်ပြည်နယ်အတွက် ကွန်ပျူတာလုပ်ငန်းလိုင်စင်(ဝန်ဆောင်မှုလိုင်စင်) စာချုပ်များကို ကွန်ပျူတာဆိုင်ပိုင်ဆိုင်ခြင်း မရှိပဲ လေလံဆွဲခဲ့ရာအောင်မြင်ခဲ့သည်။

၁၉၈၄ ခုနှစ်ဇန်နဝါရီလတွင် ဒဲလ်သည်သူ၏ ယုံကြည်ချက်ဖြစ်သော ကွန်ပျူတာများကို တိုက်ရိုက်ရောင်းချခြင်းလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့သည်။ သူက သမာရိုးကျ လက်လီကွန်ပျူတာရောင်းချခြင်းထက် ထုတ်လုပ်သူမှ တိုက်ရိုက်ရောင်းချခြင်းက ပိုမို အမြတ်အစွန်းရရှိမည်ဟု ယုံကြည်ခဲ့သည်။

၁၉၈၄ ခုနှစ်ဇန်နဝါရီလတွင်ပင် ဒဲလ်သည် ပီစီစ်လီမိတက်အမည်ဖြင့် ကုမ္ပဏီကို မှတ်ပုံတင်ခဲ့သည်။ သူသည်ကွန်ဒိုမီနီယံထဲမှ အလုပ်လုပ်ခဲ့ပြီး အရည်အသွေးမြှင့်ထားသော ပီစီများ၊ အပိုပစ္စည်းများ နှင့် တွဲဖက်ပစ္စည်းများကို ရောင်းချခဲ့ရာ ဒေါ်လာ ၅၀,၀၀၀မှ ဒေါ်လာ၈၀,၀၀၀ ကြား ရရှိခဲ့သည်။ ထိုနှစ်မေလတွင်ပင် ကုမ္ပဏီကို “ဒဲလ်ကွန်ပျူတာကော်ပိုရေးရှင်း” ဟု ခေါ်တွင်ခဲ့ပြီး အော်စတင် မြောက်ပိုင်းတွင် ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။ သူ၏ကုမ္ပဏီတွင် အော်ဒါလက်ခံမည့်သူအနည်းငယ်၊ ထိုသူများကို စိတ်ကျေနပ်စေရန်လုပ်ဆောင်ပေးမည့် လူအချို့ကို အလုပ်ခန့်ခဲ့သည်။ ဒဲလ်က သူ့ကုမ္ပဏီတွင် အလုပ်သမားအနည်းငယ်သာ ခန့်ခဲ့ခြင်းနှင့်ပတ်သက်၍ အမြဲပြန်ပြောလေ့ရှိသည်မှာ ခြောက်ပေရှိ စားပွဲများပေါ်တွင် ဝက်အူရစ်များကိုင်တားသော လူ၃ယောက်သာရှိသည့် ကုမ္ပဏီ ဟူ၍ဖြစ်သည်။ လုပ်ငန်းရင်းနှီးငွေ ဒေါ်လာ ၁၀၀၀ရှိပြီး ထိုအလုပ်မှာ စွန့်စားလုပ်ကိုင်ရမည့် လုပ်ငန်းလည်း ဖြစ်သည်။

၁၉၉၂ခုနှစ်၊ ဒဲလ်၏အသက် ၂၇နှစ်အရွယ်တွင် ထိပ်တန်းကော်ပိုရေးရှင်း၅၀၀၌ အသက်အငယ်ဆုံး အမှုဆောင်ချုပ်အဖြစ်ဖော်ကျူးန်မဂ္ဂဇင်းမှ ဖော်ပြခြင်းခံရသည်။ ၁၉၉၆ ခုနှစ်တွင် ဒဲလ်သည် ကွန်ပျူတာများကို ဝဘ်ဆိုက်ဒ်များမှ ရောင်းချခဲ့ပြီးထိုနှစ်တွင်ပင် ဒဲလ်မှ ပထမဆုံးသော ဆာဗာများကို ထုတ်လုပ်ခဲ့သည်။ ဒဲလ်ဒေါ့ကွန်းမှ နေ့စဉ် ဒေါ်လာ တစ်သန်းနီးပါး ရောင်းအားရှိသည်ဟု ဒဲလ်ကော်ပိုရိတ်မှ အစီရင်ခံခဲ့သည်။ ၂၀၀၁ခုနှစ် ပထမနှစ်ဝက်တွင် ဒဲလ်ကော်ပိုရိတ်သည် ကွန်ပတ်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဈေးကွက်၏ ရှယ်ယာ ၁၂.၈ရာခိုင်နှုန်း ကိုရရှိခဲ့ကာ ကမ္ဘာ့ အကြီးဆုံး ကွန်ပျူတာထုတ်လုပ်သူဖြစ်လာသည်။

ကိန်းဂဏန်းများအရ လွန်ခဲ့သော ခုနှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဈေးကွက် အပြောင်းအလဲဖြစ်ခဲ့သည်။ အခြားကုမ္ပဏီများ ရောင်းအားကျဆင်းချိန်တွင် ဒဲလ်၏ကုမ္ပဏီမှာ ဒက်စ်တော့ပ်များ၊ နုတ်ဘွတ့်ခ်များ၊ ဆာဗာများကို ကမ္ဘာအရပ်ရပ်သို့ ဖြန့်ချိခြင်းဖြင့် ကမ္ဘာအနှံ့ရောင်းအား ၃၄.၃% နှင့် အမေရိကန်နိုင်ငံရောင်းအား၃၀.၇ ရာခိုင်နှုန်းမြင့်တင်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ဒဲလ်သည် အမ်အက်စ်ဒီ ကက်ပီတယ် အယ်လ်ပီကို တည်ထောင်ခဲ့ပြီး သူနှင့် သူ့မိသားစု ၏ရင်းနှီးမြှုပ်နှံမှုများကို သီးသန့်စီမံအုပ်ချုပ်စေခဲ့သည်။

သီးသန့်ရင်းနှီးမြှုပ်နှံမှုများတွင် အများဆိုင်ကုန်သွယ်မှု အစုအစပ်ရှယ်ယာများ၊ ပုဂ္ဂလိက ဆိုင်ရာ အစုအစပ်ရှယ်ယာ လှုပ်ရှားမှုများ နှင့် အိမ်ခြံမြေဈေးကွက်တို့ ပါဝင်သည်။ ထိုအုပ်ချုပ်ရေးလုပ်ငန်းတွင် ဝန်ထမ်း အယောက်၈၀ခန့်ထားပြီး နယူးယောက်၊ ဆန်နာမိုနီကာနှင့် လန်ဒန်တို့တွင် ရုံးခန်းများရှိသည်။ ဒဲလ်မှ နေ့စဉ်လုပ်ငန်းများကို လွှဲအပ်ထားသည်။ ၁၉၉၉ခုနှစ် နိုဝင်ဘာလတွင် ဒီထရွိုက်စီးပွားရေးကလပ်၌ အမှာစကားမပြောမီ အီး ကောမရက်စ် (အီလက်ထရောနစ် သို့ အွန်လိုင်းစီးပွားရေးလုပ်ငန်းများ) ၏ အဓိပ္ပာယ်ကို ဖွင့်ဆိုခဲ့သည်။ အီး ကောမရက်စ်၏ စီ၃လုံး ( content- အမျိုးအစား၊ commerce- ရောင်းဝယ်ခြင်းနည်းလမ်းများနှင့် community-အဆက်အသွယ်အသိုင်းအဝိုင်း) သည်အဓိကဟု အရေးကြီးသောဖောက်သည်များ နှင့်ပတ်သက်သော အွန်လိုင်းအတွေ့အကြုံများဆိုင်ရာနည်းဗျူဟာများအကြောင်း ပြောခဲ့စဉ်က ဖွင့်ဆိုခဲ့သည်။

၂၀၀၄ခုနှစ် မတ်လတွင် ဒဲလ်သည် စီအီးအို (အမှုဆောင်ချုပ်)ရာထူးမှ အနားယူခဲ့ပြီး ဒဲလ်ကုမ္ပဏီ၏ ချဲမန်း(နာယက)အဖြစ် ဆက်လက်ရှိနေခဲ့သည်။ ထိုအချိန်တွင် ဥက္ကဋ္ဌနှင့် စီအိုအိုဖြစ်သောကယ်ဗင် ဘီ ရိုးလင်း သည် ဥက္ကဋ္ဌနှင့် စီအီးအိုဖြစ်လာခဲ့သည်။၂၀၀၇ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် ဒဲလ်သည် ဘုတ်အဖွဲ့၏ တောင်းဆိုချက်အရ ရိုးလင်းထံမှ စီအီးအိုရာထူးကို ပြန်လည်လွှဲပြောင်းယူခဲ့ ရသည်။ ဒဲလ်၏ ဂုဏ်ထူးဘွဲ့ထူးများတွင် Inc မဂ္ဂဇင်းမှ ချီးမြှင့်သော “တစ်နှစ်တာစွန့်ဦးတီထွင်သူ” ဆု(အသက်၂၄နှစ်အရွယ်တွင်ရရှိ)၊ ဝေါ့သ်မဂ္ဂဇင်းမှ ချီးမြှင့်သော “အမေရိကန်စီးပွားရေး လောက၏ထိပ်တန်း စီအီးအို”ဆု၊ ဖိုင်နန်းရှားလ်ဝေါလ်ဒ်၊အင်ဒပ်စထရီဝီးခ်နှင့် ချိဖ်အိပ်ဇက်ကတစ်ဖစ်မဂ္ဂဇင်းတို့မှ “တစ်နှစ်တာ အကောင်းဆုံးစီအီးအို”ဆုတို့ပါဝင်သည်။

ဒဲလ်သည် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ တည်ထောင်သူ ဘုတ်အဖွဲ့တွင်လည်းကောင်း၊ အင်တာနေရှင်နယ် ဘိဇနက်စ်ကောင်စီ၏ ဗဟိုကော်မတီတွင်လည်းကောင်း၊ ယူအက်စ် ဘိဇနက်စ်ကောင်စီနှင့် အိန္ဒိယနိုင်ငံဟိုက်ဒရာဘတ်ရှိ အိန္ဒိယစီးပွားရေးကျောင်း၏ အုပ်ချုပ်ရေး ဘုတ်အဖွဲ့တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် အမေရိကန် သမ္မတ၏ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အကြံပေးကောင်စီတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။

၂၀၁၀ခုနှစ် ဇူလိုင်လတွင် အင်တယ်လ်ကော်ပိုရေးရှင်းသို့ တရားမဝင်ငွေကြေးပေးခဲ့သည့်ကိစ္စ ကို ဖွင့်ချပြီးနောက်ထိုကိစ္စနှင့်ပတ်သက်သော ငွေကြေးအရှုပ်အရှင်းနှင့် မသမာမှုများကို အက်စ်အီးစီမှ စွဲချက်တင်ခဲ့သည်။ စွဲချက်များကို ဖြေရှင်းရန် ဒဏ်ငွေအဖြစ် ဒေါ်လာ ၄သန်း ကို ဒဲလ်မှာ လျော်ကြေးပေးခဲ့ရသည်။ ဒဲလ်ကော်ပိုရေးရှင်းနှင့်အတူ အခြားကုမ္ပဏီမှ အမှုဆောင်အရာရှိများလည်း ဒဏ်ငွေပေးဆောင် ခဲ့ရသည်။

ရေးသားထုတ်ဝေခဲ့သောစာအုပ်များ[ပြင်ဆင်ရန်]

၁၉၉၉ခုနှစ်က ထုတ်ဝေခဲ့သောစာအုပ်ဖြစ်သည့် “ဒဲလ်မှတိုက်ရိုက်ပြောကြားသော ပုံစံသစ် စက်မှုတော်လှန်ရေး နည်းဗျူဟာများ” တွင် သူ၏ငယ်ဘဝ၊ ကုမ္ပဏီစတင်ထူထောင်ခဲ့ပုံ၊ ကုမ္ပဏီကြီးထွားလာပုံ နှင့် ခြေချော်လက်ချော်ဖြစ်ခဲ့မှုများ နှင့် သင်ခန်းစာများစသည်ဖြင့် ရေးသားထားသည်။ ထိုစာအုပ်ကို ကက်သရင်းဖရက်ဒ်မန်းနှင့် တွဲဖက်၍ရေးသားခဲ့သည်။

ကြွယ်ဝချမ်းသာမှုနှင့် ပုဂ္ဂိုလ်ရေးရာ[ပြင်ဆင်ရန်]

၂၀၁၀ခုနှစ်တွင် ဖော့်ဘ်စ်မဂ္ဂဇင်းမှ ဒဲလ်၏အသားတင်ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၁၃.၅ဘီလီယံရှိမည်ဟု ခန့်မှန်းခဲ့သည်။ ဒဲလ်သည် ယခုအခါ သူ၏ဇနီး စူဇန်၊ ကလေး ၄ယောက်နှင့် အတူ တက်ဆက်စ်ပြည်နယ် အော်စတင်တွင်နေထိုင်လျက်ရှိသည်။

ပရဟိတလုပ်ငန်းများ[ပြင်ဆင်ရန်]

၁၉၉၉ခုနှစ်တွင် ကလေးသူငယ်များကို အဓိထားသော မိုက်ကယ်နှင့် စူဇန်ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့သည်။ ၂၀၁၀ခုနှစ်တွင် ဖောင်ဒေရှင်းမှ အမေရိကန်နှင့် အိန္ဒိယရှိ မြို့ပေါ်လူထုများအတွက် အလုပ်လုပ်သော အမြတ်အစွန်းမယူသည့် အဖွဲ့အစည်းများကို ဒေါ်လာသန်းပေါင်း ၅၃၀ထက်မနည်း လှူဒါန်းရန် ကတိပြုခဲ့သည်။ ဖောင်ဒေရှင်းမှ တက်ဆက်စ်တက္ကသိုလ်နှင့် ဆက်စပ်သည့် ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း ၃ခုသို့ ဒေါ်လာသန်းပေါင်း ၆၅သန်း လှူဒါန်းခဲ့သည်။ အဖွဲ့အစည်း ၃ခုဖြစ်သော မိုက်ကယ်နှင့် စူဇန်ဒဲလ်တို့၏ ကျန်းမာစွာ နေထိုင်နိုင်ရေးမြှင့်တင်ရေးစင်တာ၊ ဒဲလ်ကလေးဆိုင်ရာ သုတေသနကျောင်း၊ ဒဲလ်၏သားသမီးများ ဆေးရုံစသည်ဖြင့် လှူဒါန်းခဲ့ပြီး တက်ဆက်စ် တက္ကသိုလ်ဝန်းအတွင်းတွင် ကွန်ပျူတာသိပ္ပံအဆောက်အအုံသစ်တစ်ခုကိုလည်း ထောက်ပံ့ ပေးခဲ့သည်။ သူသည် အိုင်ယာလန်ရှိ ဒေသခံများကို အထောက်အပံ့ပေးရေးနှင့် ပညာရေးလုပ်ငန်း စတင်ခြင်းများကို ထောက်ပံ့ရေးတို့တွင် ရင်းနှီးမြှပ်နှံခဲ့မှုအတွက် ၂၀၀၂ခုနှစ်တွင် ဒဲလ်ကို လိုင်းမ်ရစ်ခ်တက္ကသိုလ်မှ စီးပွားရေးသိပ္ပံဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ပေးအပ်ခဲ့သည်။

နိုင်ငံရေး ပါဝင်ပတ်သက်မှု[ပြင်ဆင်ရန်]

၂၀၀၄ခုနှစ်တွင် အမေရိကန်သမ္မတ ဂျော့ချ် ဒဘလျူ ဘုရှ်၏ သမ္မတဒုတိယမြောက်သက်တမ်း အတွက် လှူဒါန်းခဲ့သော အလှူရှင် ၅၃ ယောက်ထဲတွင် ပါဝင်ခဲ့ပြီး ဒေါ်လာ နှစ်သိန်းခွဲ (အမြင့်ဆုံးတရားဝင်လှူဒါန်းမှုအဖြစ်) လှူဒါန်းခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]