မင်းမွေးတောင်

ဝီကီပီးဒီးယား မှ

မင်းမွေးတောင် သည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးကျောက်ဆည်မြို့နယ်သင်တောင်းကြီးရွာ၏ တောင်ဘက် နှစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။ ယခင်က ကျောက်ဆည်မြို့၏ မြောက်ဘက် တစ်မိုင်အကွာတွင်ရှိပြီး ယခုအခါ မြို့နှင့် တစ်ဆက်တည်း ရှိနေပါသည်။ ဥတေနမင်း မွေးဖွားရာ တောင်ဖြစ်သည်။

ဒဏ္ဍာရီ[ပြင်ဆင်ရန်]

မဇ္ဈိမဒေသ ကောသမ္ဗီပြည်ကို အစိုးရသော ပူရန္တပ္ပမင်းကြီး၏ မိဖုရားကြီးမှာ ကိုယ်ဝန်အရင့်အမာနှင့် နန်းရင်ပြင်မှာ ကမ္ဗလာနီခြုံကာ နေပူစာလှုံနေခိုက် (ဟတ္ထိလိင်္ဂသကုဏ) ငှက်ဆင်ကြီးက သားတစ်မှတ်ကာ သုတ်ချီလာသည်။

မိဖုရားကြီးမှာ သတိရှိသူဖြစ်၍ အသံမပြုဘဲ ငြိမ်သက်စွာ လိုက်ပါလာသည်။ အလ္လကပ္ပတောင်ခြေရှိ အစားစားနေကျ ညောင်ပင်သို့ ရောက်သောအခါ ငှက်ဆင်ကြီးက အစာချပါသည်။ ငှက်တို့၏ သဘာဝအရ လာရာလမ်းကို ပြန်ကြည့်ခိုက် မိဖုရားကြီးက ခြောက်လှန့်သောကြောင့် ငှက်ဆင်ကြီး လန့်၍ ပျံသွားသည်။ ငှက်ဆင်ကြီး သွားပြီး မကြာမီ နေဝင်သွားသည်။

မိဖုရားကြီးမှာလည်း ကမ္မဇလေ လှုတ်လာသည်။ ခပ်သိမ်းသော အရပ်ရှစ်မျက်နှာတို့မှ မိုးကြီးထစ်ချုန်းလျှက် မဲမှောင်ကာ နေတော့၏။ တောကြီးမျက်မဲတွင် ညအခါ မအိပ်ဝံ့ဘဲ မျက်စိသူငယ်နှင့် မိုးလင်းလာသည်။

အလ္လကပ္ပတောင်ကို အမှီပြုနေသော အလ္လကပ္ပရသေ့ကြီးသည် မိုးလင်းသောအခါ မိုးကြီးသောနေ့များတွင် သစ်သီးဝလံ မရှာဘဲ၊ ငှက်ဆင်ကြီး၏ စားကြွင်းစားကျန် အရိုးများကို လာကောက်လေ့ရှိသည်။ ထိုအရိုးများကို ထုကာပြုတ်၍သောက်သည်ဟု ဓမ္မပဒအဋ္ဌကထာက ဆိုထားသည်။ နံနက်လင်းသောအခါ မိုးအခါဖြစ့်သည့်အားလျှော်စွာ ရသေ့ကြီး အရိုးကောက်လာသည်။ လူသံကြား၍ အမေးအ​ဖြေပြုကာ မိဖုရားကြီးနှင့် ကလေးကို ကယ်ဆယ်သွားသည်။ မင်းမွေးတောင်၏ မြောက်ဘက် အနည်းငယ်မြင့်သောနေရာတွင် ဂူတစ်ခု ရှိသည်။ ထိုဂူကို ယနေ့အထိ မင်းမွေးဂူဟု ခေါ်ကြသည်။ (ကျောက်ဆည်သားတချို့ သိထား၊ ယုံကြည်ထားသကဲ့သို့ မင်းမွေးဂူတွင် မွေးဖွားသည် မဟုတ်ဘဲ နေထိုင်ကြခြင်းသာ ဖြစ်သည်။)

မွေးဖွားလာသော မင်းသားအား ဥတေနဟု အမည်မှည့်ခေါ်သည်။ အလ္လကပ္ပရသေ့ကို အစွဲပြု၍ အလ္လကပ္ပတောင်ဟု ခေါ်တွင်လာရာမှ မင်းသားမွေးသောကြောင့် မင်းမွေးတောင်ဟု ပြောင်းလဲ ခေါ်တွင်လာသည်။ ညောင်ပင်ကိုလည်း ဥတေနညောင်ပင်ဟု ခေါ်ကြသည်။ မင်းသား အရွယ်ရောက်လာသောအခါ ရသေ့ကြီးက မင်းသားတို့ တတ်အပ်သော အဋ္ဌာရသ ၁၈ ရပ်ကို သင်ပေးသည်။ စောင်းတီး၍ ဆင်ကို လာစေ သွားစေသော ဂါထာကိုလည်း သင်ပေးသည်။ ဆင်လာစေသော ဂါထာကို ရွတ်၍ စောင်းတီးလျှင် ဆင်များလာကြသည်မှာ အင်းပြင်ပြည့်၍ ဖြစ်သည်။ ဆင်များ ရှေ့မတိုးသာ နောက်မဆုတ်သာ ပြည့်ကာတောင့်နေသောကြောင့် ကုမုဒအင်းမှ ဆင်တောင့်အင်းဟု ခေါ်တွင်လာသည်။ ကာလရွေ့လာသောအခါ ဆင်တောင့်အင်းမှ သင်တောင်းအင်းအဖြစ် ပြောင်းလွဲလာသည်ဟု ဆိုကြသည်။

ဥတေန ညောင်ပင်[ပြင်ဆင်ရန်]

မင်းမွေးတောင်ရှိ ညောင်ပင်ကြီးကို ဥတေနညောင်ပင်ဟု ခေါ်ကြသည်။ ညောင်ပင်မှာ လူ ၇ ယောက်ဖက်ခန့် ကြီးမားလေသည်။ သစ်ဆွဲဆင်များ ကျောက်ဆည်မြို့ကို တောင်ဘက်မှ၎င်း၊ မြောက်ဘက်မှ၎င်း ဖြတ်သွားသောအခါ ဥတေနညောင်ပင်ကို ဝင်၍ ကန်တော့ကြသည်။ ၁၉၆၆-ခုနှစ်က ထိုညောင်ပင်သည် အလိုအလျောက် ၁၄ ပေအမြင့်လောက်က ကျိုးပဲ့လဲကျသွားသည်။ ယခုအခါ ညောင်ငုတ်တိုကြီးသာ ကျန်တော့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာရွှေသိမ်တော် ဘုရားသမိုင်း စာအုပ်မှ