ဘေဘီလုံအင်ပါယာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Merge arrows ဤ အကြောင်းအရာကို (သို့မဟုတ်) ဤစာမျက်နှာ၏ တစိတ်တပိုင်းကို ဗက်ဗီးလုံးနီးယားနိုင်ငံ နှင့် ပေါင်းစပ်ရန် အကြံ ပြုထားပါသည်။ (ဆွေးနွေးရန်)
ဘီစီ ၁၃ရာစု ဘေဘီလုံ အင်ပါယာ နယ်မြေ

အမ်မိုရိုက်မျိုးနွယ်တို့၏ အကြီးအကဲဖြစ်သည့် ဟမ်မူရာဘီ ဘုရင်သည် နှစ်ပေါင်း၃၀မျှ အယ်လ်မိုက်တို့နှင့် စစ်ပြုပြီးနောက်တွင် ယူဖရေးတီး-တိုက်ဂရစ် မြစ်နှစ်သွယ် ဒေသကို ဗဟိုပြုလျက် ဘေဘီလုံအင်ပါယာခေတ်ကို တည်ထောင်သည်။ မြို့တော်မှာ ယူဖရေးတီး မြစ်ကမ်းပေါ်ရှိ ဘေဘီလုံမြို့ဖြစ်သည်။ ၄င်းကိုအစွဲပြု၍ ထိုမြစ်ဝှမ်းလွင်ပြင်ကို ယခင်အမည်ဟောင်း ဖြစ်သည့် ရှိုင်းနားလွင်ပြင်မှ အမည်သစ်အဖြစ် ဘေဘီလိုးနီးယားလွင်ပြင်ဟု ပြောင်းလဲခေါ်ဆိုကြသည်။

စစ်ပွဲကာလလွန်မြောက်ပြီးနောက်တွင် ဟမ်မူရာဘီသည် ၁၂နှစ်ကျော်မျှ ထီးနန်းစိုးစံကာ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခြင်းအားဖြင့် သူသည် လက်ရုံးရည်သာမက၊ နှလုံးရည်ဖြင့်ပါ ပြည့်စုံကြောင်းကို သက်သေထူပြခဲ့သည်။ တစ်ဖက်မှလည်း မြို့တော် ဘေဘီလုံအား ယဉ်ကျေးမှုဆိုင်ရာ အမြင့်ဆုံးမြို့တော် အဖြစ်သို့ရောက်ရှိလာရန် စွမ်းဆောင်ခဲ့သည်။ ထိုယဉ်ကျေးမှုအား ဘေဘီလုံယဉ်ကျေးမှု ဟုခေါ်ဆိုသည်။

ဟမ်မူရာဘီ၏ ကိုဓဥပဒေ နှင့် ကာကွယ်ရေး[ပြင်​ဆင်​ရန်​]

ဟမ်မူရာဘီလက်ထက်တွင် ကမ်ဘာ့ပထမဆုံး တရားစီရင်ရေး ဥပဒေအဖြစ် ဟမ်မူရာဘီ၏ ကိုဓဥပဒေ ကိုပြုစုခဲ့သည်။ စာကြောင်းရေပေါင်း၃၆၀၀ကျော်ပါဝင်သည့် ထိုဥပဒေကို ဘေဘီလုံမြို့တော်ရှိ မာဒပ်နတ်မင်း အားရည်စူးတည်ဆောက်ထားသည့် ဝတ်ကျောင်းတော်အတွင်းတွင် အမြင့်ရှစ်ပေရှိ ကျောက်စာတိုင်တွင် ရေးထွင်း၍ စိုက်ထူထားခဲ့သည်ကို ယနေ့တိုင် မပျက်မစီးသေးဘဲ တွေ့မြင်နိုင်သည်။ ထိုဥပဒေတွင် မုဆိုးမ၊ မိဘမဲ့ကလေးသူငယ် နှင့် ဆင်းရဲသားတို့အတွက် အထူးကာကွယ်ပေးရန် ပြဌာန်းထားသည်။ လာဘ်ပေးလာဘ်ယူမှုများအား ပြင်းထန်စွာ စီရင်စေသည်။ ယနေ့ခေတ်အမြင်အားဖြင့် ရက်စက်ကြမ်းကြုတ်သည့် မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း အလျှော်ပေးရမည်ဟု ဆိုသည့် ဥပဒေမျိုးပါဝင်သော်လည်း ရှေးခေတ်ကာလ အခြေအနေအားဖြင့်မူ တရားမျှတမှုကို ပြဌာန်းပေးသည်ဟု ဆိုရမည်ဖြစ်သည်။ ကာကွယ်ရေးအနေဖြင့် အမြဲတမ်းစစ်တပ်ဖွဲ့စည်းထားပြီး နယ်ခြားဒေသများကို ကာကွယ်ပေးထားသဖြင့် တိုင်းပြည်အေးချမ်းသာယာသည်။

စီးပွားရေး[ပြင်​ဆင်​ရန်​]

အဓိကထုတ်ကုန်မှာ စိုက်ပျိုးရေးမှဖြစ်ထွန်းသည့် ကောက်ပဲသီးနှံများ ရောင်းဝယ်ရေးဖြစ်သည်။ စွန်ပလွံသီးမှာ အဓိက ရောင်းကုန်ဖြစ်ပြီး အခြားထုတ်ကုန်များမှာ သိုးမွေးနှင့် သိုးသားရေတို့ဖြစ်ကြသည်။ သိုးမွေး ရက်လုပ်ခြင်းမှာလည်း အောင်မြင်သည့် လုပ်ငန်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ဘာသာရေး[ပြင်​ဆင်​ရန်​]

ဘာသာရေးတွင် ဆူမားရီးယန်းနတ်များကို ဆက်လက်ကိုးကွယ်ကြသော်လည်း အမ်မိုရိုက်များက အုပ်ချုပ်သည့် ခေတ်ဖြစ်သည့်အာလျော်စွာ ၄င်းတို့ကိုးကွယ်သည့် မာဒပ်နတ်မင်းကြီးအား အကြီးအကဲနတ်မင်း အဖြစ်သတ်မှတ် ပူဇော်သည်။ နတ်သမီးများအနက် အစ်ရှတာ(Ishtar) အမည်ရှိ အချစ်နတ်သမီးအား အကြီးအကဲအဖြစ် သတ်မှတ်သည်။ ဆူမား-အက်ကတ်ခေတ်က ကဲ့သို့ပင် နတ်ဆရာများ၏ ယဇ်ပူဇော်ခြင်းအားဖြင့်သော်လည်းကောင်း နက်ခတာရာများအား ကြည့်ရှုလေ့လာခြင်းအားဖြင့်သော်လည်းကောင်း ရှေ့ဖြစ်အဟောများကို ယုံကြည်ကြသည်။

လူမှုရေး[ပြင်​ဆင်​ရန်​]

ခေတ်ကာလအခြေအနေအရ စာပေအရေးအဖတ် တတ်မြောက်သူ ရှားပါးခြင်းကြောင့် စာရေးစာချီ အလုပ်သည် အထက်တန်းစားအလုပ်မျိုးဖြစ်သည်။ အကျိုးဆက်အနေဖြင့် စာအရေးအသား ကျွမ်းကျင်လျှင် အထက်တန်းကျသည်ဟု ယူဆ၍ ကလေးအရွယ်မှစကာ စာပေသင်ကြားရေးကို စတင်စေသည်။

ဘေဘီလုံအင်ပါယာ ပျက်စီးခြင်း[ပြင်​ဆင်​ရန်​]

ဟမ်မူရာဘီ လွန်ပြီးနောက် မကြာမီမှာပင် ဘေဘီလိုးနီးယားလွင်ပြင်အရှေ့ဖက်နှင့် မြောက်ဖက်ဒေသများရှိ ကုန်မြင့်များပေါ်တွင် နေထိုင်သော ကက်ဆိုက်လူမျိုး(Kassites) များသည် ဘေဘီလိုးနီးယားလွင်ပြင်သို့ ဆင်းသက် အခြေချနေထိုင်လာကြသည်။ ထိုသို့ အခြေချလာသည်ကို ဟမ်မူရာဘီ နောက်ဆက်ခံသည့် မင်းများက မည်သို့မျှ တားမြစ်နိုင်ခြင်းမရှိခဲ့ကြပေ။ ဟမ်မူရာဘီကွယ်လွန်ပြီး နှစ်၂၀၀မျှ ကြာသောအခါတွင် လွင်ပြင်ကြီး၏ အနောက်မြောက်ဖက်မှ ဟစ်တိုက်လူမျိုး များက ဘေဘီလိုးနီးယားလွင်ပြင်ကြီးသို့ ကျူးကျော်ကာ မြို့တော် ဘေဘီလုံကို သိမ်းပိုက်ကာ စည်းစိမ်တို့ကို လုယက်ယူငင်ပြီး ပြန်လေသည်။ သို့ဖြင့် ဘေဘီလုံတွင် ဟမ်မူရာဘီ၏ မင်းဆက်ပြတ်ကာ နိုင်ငံအား ဦးဆောင်ထိန်းသိမ်းနိုင်သည့် ခေါင်းဆောင်ကောင်းလည်း မရှိသဖြင့် ဖရိုဖရဲအခြေအနေဖြင့် ဘီစီ ၁၇၄၆အထိ ရှိနေစဉ် ကက်ဆိုက်လူမျိုးများက ဘေဘီလုံတွင် အခက်အခဲမရှိ အုပ်ချုပ်သူဖြစ်လာတော့သည်။

ဤသို့ဖြင့် အချိန်တိုအတွင်း အထက်တန်းကျပြီး မြင့်မားသော ဘေဘီလိုးနီးယန်း ယဉ်ကျေးမှုသည်လည်း ထိုအချိန်မှစကာ နှစ်ပေါင်း ၁၀၀၀ကျော်မျှ ပျောက်ကွယ်သွားခဲ့ရသည်။